ဩဂုတ်-၇၊၂၀၂၆။ရောင်နီ/People’s Spring
စက်သုံးဆီဈေး ၃ပတ်ဆက်တိုက်မြင့်တက်လာပြီး ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅,၀၀၀ ကျော်လာပြီလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။
ဒီနေ့ (ဩဂုတ် ၇) စစ်တပ်ရဲ့ စက်သုံးဆီရည်ညွှန်းဈေးသတ်မှတ်ချက်အရ ရန်ကုန်မှာ ဓာတ်ဆီ 92တစ်လီတာ ၃,၈၄၀ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၃,၉၅၀ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၄,၁၅၅ကျပ်နဲ့ ပရီမီယံဒီဇယ် ၅,၀၅၀ကျပ် နဲ့ ရောင်းချနေတာပါ။
အဲဒီဈေးနှုန်းက ပြီးခဲ့တဲ့ရည်ညွှန်းဈေးနဲ့ နှိုင်းယှဉ်ရင် ဓာတ်ဆီ 92တစ်လီတာ ၂၀၀ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၂၆၅ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၁၇၀ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၂၂၀ ကျပ် တက်လာခဲ့တာပါ။

Public Service Announcement
“ဒီဆီစျေးနဲ့ ဘယ်လို Taxi ဆွဲရမလဲ ခရီးသည် တွေကလည်း စျေးကတတ်နိုင်တာ မဟုတ်ဘူး” လို့ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
စစ်တပ်က စက်သုံးဆီဆိုင်တွေကို ခွဲတမ်းလျော့ချပြီးတဲ့နောက် စက်သုံးဆီဈေးက ၃ပတ်ဆက်မြင့်တက်လာခဲ့တာဖြစ်ပြီးသုံးပတ်အတွင်းမှာ စက်သုံးဆီ အမျိုးအစားအလိုက် တစ်လီတာကို ငွေကျပ် ၆၀၀ ကျော်ကနေ ၁၀၀၀ ကျော်အထိ ဈေးတက်လာခဲ့တာပါ။
“ကြက်ဥ ပြီးတော့ အလှည့်ကျတာက စက်သုံးဆီပါ” လို့ ပြည်သူတစ်ဦးက ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ပတ်သက်ပြီး ရေးသားထားပါတယ်။
စက်သုံးဆီဈေးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းက အမေရိကန်-အီရန် ပဋိပက္ခတွေကြောင့် တရှိန်ထိုးတတ်ခဲ့ပြီး ဧပြီလအထိ တစ်လကျော်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ငွေကျပ် နှစ်ထောင်ကျော် ကနေ ငါးထောင်အထိ တက်ခဲ့တာပါ။ ပရီမီယံဒီဇယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၇,၇၅၅ ကျပ်အထိ မြင့်တတ်ခဲ့တာပါ။
အဲဒီ့နောက် ဧပြီလလယ်ကစတင်ပြီး စက်သုံးဆီဈေးတွေ ပြန်လည်ကျဆင်းလာခဲ့ပေမယ့် ဖေဖော်ဝါရီက ရည်ညွန်းဈေးအထိတော့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။
ဧပြီလလယ်ကနေ ဇူလိုင်လလယ်အထိသုံးလအတွင်း ကျဆင်းလာတဲ့ စက်သုံးဆီဈေးက ပြီးခဲ့တဲ့ ဇူလိုင်၂၄ရက်မှာ ဈေးပြန်တက်လာခဲ့တာပါ။


















































