Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား ထိပ်ဖူး တပ်နိုင်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် အသုံးပြုပြီး ယူကရိန်းကို ရုရှားတိုက်ခိုက်

နျူကလီးယား ထိပ်ဖူးပါ တပ်ဆင်နိုင်စွမ်းရှိတဲ့ မဟာဗျူဟာ ဟိုက်ပါဆောနစ် ဒုံးကျည် တစ်စင်းကို အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားစစ်တပ်က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

နျူကလီးယား ထိပ်ဖူးပါ တပ်ဆင်နိုင်စွမ်းရှိတဲ့ မဟာဗျူဟာ ဟိုက်ပါဆောနစ် ဒုံးကျည် တစ်စင်းကို အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားစစ်တပ်က ကြေညာခဲ့ပါတယ်။

ဒါဟာ ၄ နှစ်ကျော် ကြာမြင့်လာတဲ့ စစ်ပွဲကာလတလျှောက် ရုရှားဟာ နိုင်ငံရဲ့ နည်းပညာ အမြင့်ဆုံး Oreshnik တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တွေကို တတိယအကြိမ် ထုတ်သုံးခြင်း ဖြစ်ပါတယ်။

မေလ ၂၄ ရက်နေ့မှာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ဟာ ရုရှားရဲ့ ပြင်းထန်တဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကို ကြုံခဲ့ရပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေမှာ Oreshnik ဒုံးကျည်ကိုပါ ထည့်သွင်း ပစ်ခတ်ခဲ့တာလို့ ရုရှားစစ်တပ်က အတည်ပြုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ရုရှားထိန်းချုပ် နယ်မြေတွေထဲက အရပ်သား အခြေခံ အဆောက်အအုံတွေကို ယူကရိန်းက အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့အပေါ် လက်တုံ့ပြန်မှုလို့ ရုရှားက အကြောင်းပြပါတယ်။

Public Service Announcement

Public Service Announcement

Oreshnikဟာ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်နိုင်ပြီး အသံရဲ့ မြန်နှုန်းထက် ၁၀ ဆထိ ပိုမြန်အောင် ပျံသန်းနိုင်တာကြောင့် ကြားဖြတ်ပစ်ချဖို့ မဖြစ်နိုင်ဘူးလို့ ရုရှားက ကြွေးကြော်ထားတဲ့ လက်နက် ဖြစ်ပါတယ်။

မေလ ၂၄ ရက်နေ့ မနက် အစောပိုင်းက တိုက်ခိုက်မှုတွေဟာ စစ်ပွဲကာလတလျှောက် ကိယက်ဗ်မှာ ကြုံဖူးသမျှ အပြင်းထန်ဆုံးတစ်ခု ဖြစ်လာခဲ့ပြီး နေရာအနှံ့ ပေါက်ကွဲသံတွေ ဆူညံနေခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

မနက်မိုးသောက် အလင်းရောင် ပေါ်လာချိန်မှာတော့ ပျက်စီးနေတဲ့ အဆောက်အအုံတွေ၊ စျေးဝယ်စင်တာတွေ၊ ပြတိုက်တွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ပြဇာတ်ရုံတွေကို ကယ်ဆယ်ရေးတွေက ရှင်းလင်းရင်း ပိတ်မိနေသူတွေကို ရှာဖွေနေတာကို တွေ့ခဲ့ရပါတယ်။ ယူကရိန်း အစိုးရက ရုရှားရဲ့ အဲဒီ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုမှာ လူ ၄ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အစောပိုင်းမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရုရှားထိန်းချုပ်ထားရာ ယူကရိန်း အရှေ့ပိုင်းမှာ ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် ကျောင်းသားအဆောင်တစ်ခု ပျက်စီးခဲ့ပြီး ၂၁ ဦးသေဆုံးခဲ့ကြောင်း စွပ်စွဲခဲ့သလို အဲဒီ လုပ်ရပ်အတွက် လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါပေမဲ့ ယူကရိန်းကတော့ စတာရိုဘလစ်ခ်မြို့မှာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးဟာ ရုရှားရဲ့ ဒရုန်းစစ်ဆင်ရေး ယူနစ်တစ်ခုရဲ့ ဌာနချုပ်ကို ပစ်မှတ်ထားခဲ့တာသာ ဖြစ်တယ်လို့ တုံ့ပြန်ပြီး ပူတင်ရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

မေလ ၂၄ ရက်နေ့ မနက်ပိုင်း တိုက်ခိုက်မှုမှာတော့ ရုရှားဟာ ဒရုန်း အစီး ၆၀၀ နဲ့ ဒုံးကျည် အစင်း ၉၀ ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီထဲက ဒရုန်း ၅၄၉ စီးနဲ့ ဒုံးကျည် ၅၅ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်း လေတပ်က ပြောပါတယ်။

အီရန်စစ်ပွဲကြောင့် အမေရိကန်က ပြည်ပကို စစ်လက်နက် တင်ပို့မှုတွေ ဆိုင်းငံ့ထားခြင်းက ယူကရိန်းရဲ့ လေကြောင်း ကာကွယ်ရေး စွမ်းရည်ကို အများကြီး သက်ရောက် ထိခိုက်လာစေပါတယ်။ ရုရှားဒုံးကျည်တွေကို ကြားဖြတ် တားဆီးရာမှာ ယူကရိန်းဟာ အမေရိကန်လုပ် Patriotလို ဒုံးခွင်းဒုံး စနစ်တွေကို အကြီးအကျယ် မှီခိုထားရပါတယ်။

ကိယက်ဗ်ကို ရုရှားက အပြင်းအထန် တိုက်ခိုက်ခဲ့မှု အပြီးမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မဟာမိတ် နိုင်ငံတွေ အနေနဲ့ ပိုပြီး အားစိုက်ကူညီပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ လက်ရှိ ထောက်ပံ့ပေးမှုတွေအတွက် အထူးကျေးဇူးတင်ကြောင်း၊ ဒါပေမဲ့ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ပေးဖို့ ဆိုတာကလည်း အရမ်း အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ကြောင်း၊ လေကြောင်း ကာကွယ်ရေး ဒုံးကျည်တွေကို တစ်ရက်လောက် ပေးပို့ပြီး ရပ်နားထားလိုက်လို့ မရကြောင်း ဇီလန်စကီးက ဆိုပါတယ်။

သူက ရုရှားရဲ့ တိုက်ခိုက်မှုမှာ လူနေအိမ်တွေ၊ ကျောင်းတွေ၊ စျေးဝယ်စင်တာနဲ့ ရေဖြန့်ဝေရေး စနစ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ပြောကြားသွားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။