ဥရောပရဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာ အကြောက်တရား စိမ့်ဝင် ကြီးစိုးလာအောင်၊ တည်ငြိမ်မှုတွေ ပျက်ပြားလာအောင် ရုရှားက ရည်ရွယ်ချက်ရှိရှိ ကြံစည် လုပ်ဆောင်နေတယ်လို့ ဥရောပ ကော်မရှင် အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ဥရောပ သမဂ္ဂ (EU)ရဲ့ လွှတ်တော် နိုင်ငံရေး အစုအဖွဲ့ကို ဦးဆောင်နေသူ ဗွန်ဒါလီယန်ဟာ မေလ ၂၆ ရက်နေ့တုန်းက လစ်သူယေးနီးယား နိုင်ငံရဲ့ မြို့တော် ဗီလ်နီယက်စ်မှာ လစ်သူယေးနီးယား၊ လတ်ဗီးယား၊ အက်စ်တိုးနီးယား နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလို ပြောဆိုခဲ့တာပါ။ လတ်ဗီးယားနဲ့ အက်စ်တိုးနီးယားတို့ဟာ ရုရှားရဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်ပြီး လစ်သူယေးနီးယားကလည်း ရုရှားရဲ့ ဒေသတွင်း စစ်ရေး ဩဇာခံ မဟာမိတ်ဖြစ်တဲ့ ဘီလားရုစ်နဲ့ နယ်နိမိတ် ထိစပ်နေပါတယ်။ ပြီးတော့ သုံးနိုင်ငံစလုံးဟာ ရုရှားရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ မြောက်အတ္တလန္တိတ် စာချုပ် မဟာမိတ်အဖွဲ့ (NATO)ရဲ့ အဖွဲ့ဝင်တွေပါ။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အရှေ့ဥရောပ နိုင်ငံတွေရဲ့ လေပိုင်နက်ထဲ ဒရုန်းတွေ ကျူးကျော် ဝင်ရောက်ခဲ့တာမျိုးတွေ၊ ရုရှားက EU နိုင်ငံတွေအပေါ် တိုက်ရိုက် ရည်ရွယ်တဲ့ သတင်းမှား ဖြန့်ဝေပြီး သတင်းအချက်အလက်ပိုင်းအရ တိုက်ခိုက်မှုမျိုးတွေဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ ဗွန်ဒါလီယန်က ပြောကြားခဲ့ပါတယ်။
လစ်သူယေးနီးယား သမ္မတ ဂီတာနက်စ် နော်ဆက်ဒါက ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲမှု နောက်ဆက်တွဲ ကြုံလာတဲ့ ပြဿနာတွေကို တားဆီးဖို့ ဘောလ်တစ် ဒေသတွင်း လေပိုင်နက် ကာကွယ်ရေး အစီအမံတွေဟာ လုံလုံလောက်လောက် အားမကောင်းသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။

Public Service Announcement
ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး NATOရဲ့ လုံခြုံရေးနဲ့ လေပိုင်နက်ကို ထိပါးတဲ့ ကိစ္စမျိုးတွေကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကြုံတွေ့ခဲ့ရပါတယ်။ ဥပမာ ဘီလားရုစ်နဲ့ နယ်စပ်နားမှာ ဒရုန်းအန္တရာယ် သတိပေးချက်ကြောင့် လစ်သူယေးနီးယား ခေါင်းဆောင်တွေက ဘန်ကာတစ်ခုထဲ ယာယီ ရွှေ့ပြောင်းခဲ့ရတာမျိုး၊ ရိုမေးနီးယားရဲ့ F-16 တိုက်လေယာဉ်တွေဟာ အက်စ်တိုးနီးယား လေပိုင်နက်ထဲ လမ်းချော် ဝင်ရောက်လာတဲ့ ယူကရိန်း ဒရုန်းကို ပစ်ချခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ယူကရိန်းက အဲဒီကိစ္စဟာ ရည်ရွယ်ချက် မပါတဲ့ အမှားတစ်ခုအဖြစ် ပြန်တောင်းပန်ခဲ့ပါတယ်။
ရိုမေးနီးယားကတော့ ရုရှားရဲ့ GPS လမ်းညွှန်စနစ် နှောင့်ယှက်မှု စနစ်တွေကြောင့် ရံဖန်ရံခါမှာ ယူကရိန်း ဒရုန်းတွေက သတ်မှတ် လမ်းကြောင်းကနေ လွဲချော်သွားတာမျိုး ဖြစ်တတ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီဒရုန်းတွေမှာ ဖောက်ခွဲရေး ပစ္စည်းတွေ တင်လာတဲ့ အခါမှာတော့ ပြည်တွင်းလုံခြုံရေးမှာ စိုးရိမ်စရာ ဖြစ်လာပါတယ်။
တစ်ဖက်မှာလည်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်းဟာ ဘောလ်တစ် နိုင်ငံတွေကို ဒရုန်းနဲ့ ဒုံးကျည် ပစ်လွှတ်တဲ့ နေရာတွေအဖြစ် အသုံးချပြီး ရုရှားကို တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း စွပ်စွဲထားပါတယ်။ လတ်ဗီးယား အစိုးရကတော့ အဲဒီ စကားကို ငြင်းဆိုထားပြီး NATO အတွင်းရေးမှူးချုပ် မတ်ရူတေးကလည်း ရုရှားရဲ့ စွပ်စွဲချက်က ဟာသပဲလို့ တုံ့ပြန်ခဲ့ပါတယ်။
အစောပိုင်းမှာ EUရဲ့ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ခါဂျာ ကာလက်စ်က ရုရှားဟာ ဥရောပ နိုင်ငံတွေမှာ ဒရုန်းတွေနဲ့ နှောင့်ယှက်တာ၊ ဆိုက်ဘာ လှုပ်ရှားမှုတွေနဲ့ အရှုပ်အထွေးတွေ ဖန်တီးတာ၊ သတင်းမှားတွေ ဖြန့်ဝေတာမျိုး ပုံစံပေါင်းစုံ နည်းလမ်းတွေနဲ့ တိုက်ခိုက်နိုင်ကြောင်း သတိပေးခဲ့ဖူးပါတယ်။
ကိုးကား: Euro News

















































