Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှု ထောက်ခံတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ ဖြိုခွင်း

လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကို အိန္ဒိယ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ အသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။

ဓာတ်ပုံ - AP

လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကို အိန္ဒိယ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ အသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။

ဇူလိုင် ၂၀ ရက်နေ့တုန်းက ပိုးဟပ် နိုင်ငံရေး တက်ကြွလှုပ်ရှားမှု ထောက်ခံသူတွေဟာ ဒေလီမြို့တော်မှာ လွှတ်တော်ထိ ချီတက်ပြီး ပညာရေးဝန်ကြီး နုတ်ထွက်ပေးရေး ဆန္ဒပြဖို့ စီစဉ်ခဲ့တဲ့နောက် ရဲတပ်ဖွဲ့က အင်အားသုံး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အိန္ဒိယ အစိုးရဟာ အဲဒီ လှုပ်ရှားမှုကို ခေါင်းဆောင်နေသူတွေဆီ ဆက်သွယ်ဆွေးနွေးဖို့ ပထမဆုံးအကြိမ် စတင် အားထုတ်လာတယ်လို့ ဆိုပါတယ်။

ဒေလီမြို့ထဲက ဆန္ဒပြသူ ထောင်နဲ့ချီ စုဝေးနေတဲ့ နေရာနားမှာ ရဲတွေက လမ်းအတားအဆီးတွေ ချထားလိုက်တဲ့နောက် မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ပြီး လူစုခွဲအောင် ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယမှာတော့ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ ဦးဆောင်တဲ့ အစိုးရအတွက် ကြုံဖူးသမျှ အပြင်းထန်ဆုံး နိုင်ငံရေး ပဋိပက္ခ တစ်ခုလည်း ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေရဲ့ ဖြိုခွင်းမှုနဲ့ ကြုံခဲ့ရတဲ့တိုင် ဆန္ဒပြသူတွေဟာ အုပ်စုငယ်လေးတွေအဖြစ် ပြန်စုစည်းပြီး လွှတ်တော်ဆီ ဆက်လက် ချီတက်ခဲ့ပါတယ်။ နိုင်ငံရေး ပါတီတွေကို သရော်တဲ့ အနေနဲ့ တရားဝင် မဟုတ်ဘဲ ဖွဲ့စည်းထားတဲ့ ပိုးဟပ်ဂျန်တာ ပါတီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆူအာရက်ဗ် ဒက်စ်ကတော့ အာဏာပိုင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းခဲ့တာလို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ လွှတ်တော်နဲ့ ကီလိုမီတာ အနည်းငယ်အကွာ ဂျန်တာ မန်တာဆိုတဲ့ နေရာမှာ လူစုနေတုန်း ရဲတွေက ဖြိုခွင်းခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဆန္ဒပြ ချီတက်မှုတွေဟာ သတ်မှတ် နေရာမှာတင် မကဘဲ ဒေလီမြို့ လမ်းမတွေ၊ လမ်းသွယ်တွေထိ ပျံ့နှံ့သွားပါတယ်။ ဆန္ဒပြသူ အများစုဟာ လူငယ်တွေဖြစ်ပြီး ကျောပိုးအိတ်တွေ၊ ရေဘူးတွေ၊ စားစရာတွေကို သယ်ဆောင်လာခဲ့ကြပါတယ်။ တချို့ကလည်း အိန္ဒိယ အလံတွေကို ဝှေ့ယမ်းရင်း ပညာရေးဝန်ကြီးနဲ့ မိုဒီအစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်ဟစ်လာခဲ့ပါတယ်။

ပိုးဟပ်ဂျန်တာ ပါတီဟာ မေလကမှ လူငယ်တွေ ဦးဆောင်တဲ့ အွန်လိုင်းလှုပ်ရှားမှု တစ်ခုအဖြစ် စတင်ပေါ်ထွက်လာခဲ့တာပါ။ အိန္ဒိယ တရားသူကြီးချုပ်က တချို့ အလုပ်လက်မဲ့ လူငယ်တွေဟာ ပိုးဟပ်တွေလို အရှုပ်ထုပ်တွေ ဆိုတာမျိုး ဝေဖန် ပြောဆိုခဲ့တဲ့နောက် အဲဒီ မှတ်ချက်ကို သရော်လှောင်ပြောင်တဲ့ အနေနဲ့ ပိုးဟပ်ပါတီကို အွန်လိုင်းပေါ်မှာ ထူထောင်ခဲ့တာပါ။ ဒါပေမဲ့ အံ့ဩစရာ ကောင်းလောက်အောင်ပဲ ပြည်သူအများစုရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့ပါတယ်။ ပိုးဟပ်ဂျန်တာ ပါတီဟာ အဲဒီနောက်ပိုင်းမှာတော့ အစိုးရ မူဝါဒတွေကို ဝေဖန်တာ၊ ထောက်ပြတာ၊ ဆန္ဒပြတာမျိုး လှုပ်ရှားမှုတွေ စတင်လာပါတယ်။

လတ်တလော လှုပ်ရှားမှုကတော့ အိန္ဒိယမှာ စာမေးပွဲ စနစ်အတွင်း မသမာမှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး ပညာရေး ဝန်ကြီး ဒါမန်ဒရာ ပရက်ဒ်ဟန်းကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ပိုးဟပ်ဂျန်တာ ပါတီကို ထောက်ခံတဲ့ ဆန္ဒပြသူတွေက တရားသူကြီးချုပ်ရဲ့ ဝေဖန်စကားတွေအတိုင်း သူတို့ကိုယ်သူတို့ ပိုးဟပ်တွေလို့ ရည်ညွှန်းကြပါတယ်။ ပြီးခဲ့တဲ့ လကတည်းက ဆန္ဒပြသူ တချို့ဟာ ဂျန်တာမန်တာက သပိတ်စခန်းမှာ လာရောက် စုဝေး နေထိုင်ခဲ့ပြီး ကျောင်းသားအစုအဖွဲ့ တချို့ဟာ အစိုးရ ဆန့်ကျင်ရေး အစာငတ်ခံ ဆန္ဒပြမှု အစီအစဉ် တစ်ခုကို ပူးပေါင်းခဲ့ကြပါတယ်။

မိုဒီရဲ့ BJP ဦးဆောင်တဲ့ အစိုးရဟာ အစောပိုင်းတုန်းကတော့ ပိုးဟပ်တွေရဲ့ လှုပ်ရှားမှုအပေါ် အရေးတယူ မလုပ်ခဲ့ပါဘူး။ ပညာရေးဝန်ကြီး ပရက်ဒ်ဟန်းက ပိုးဟပ် ဂျန်တာ ပါတီဟာ နိုင်ငံကို ဆန့်ကျင်နေတာလို့ စွပ်စွဲခဲ့ပြီး တချို့ဝန်ကြီးတွေကတော့ ဆန္ဒပြသူတွေရဲ့ စိုးရိမ်မှုကို နားလည်ကြောင်း၊ ဒါပေမဲ့ ပိုးဟပ်တွေနဲ့တော့ ညှိနှိုင်းစရာ အကြောင်းမရှိကြောင်း ပြောခဲ့ဖူးပါတယ်။ အဲဒီ အခြေအနေတွေက ဇူလိုင် ၂၀ မှာတော့ ပြောင်းလဲစ ပြုလာပါတယ်။

ပိုးဟပ် သပိတ်ခေါင်းဆောင် တချို့ဟာ ကျန်းမာရေးဝန်ကြီး ဂျာကက် ပရာကက်ရှ် နက်ဒါနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။ ဒါဟာ အစိုးရဖက်ကနေ ပိုးဟပ်လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ပိုင်းဆီ ပထမဆုံး ဆက်သွယ်လာမှုလို့လည်း ယုံကြည်ရပါတယ်။ ပိုးဟပ် ဂျန်တာ ပါတီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒက်စ်ကတော့ ကျန်းမာရေး ဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးချိန်မှာ ပညာရေးဝန်ကြီး နုတ်ထွက်ပေးရေး အပါအဝင် ဆန္ဒပြသူတွေရဲ့ လိုလားတောင်းဆိုချက်တွေကို တင်ပြခဲ့ကြောင်း သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

မိုဒီဟာ အိန္ဒိယကို စတင်ဦးဆောင်ချိန် ကတည်းက အားကောင်းတဲ့ နိုင်ငံရေးသမား တစ်ဦးအဖြစ် အခိုင်အမာ ရပ်တည်ခဲ့ပေမယ့် ပိုးဟပ် ဂျန်တာ ပါတီ ပေါ်ပေါက်လာခြင်းက သူ့ရဲ့ ဟိန္ဒူ အမျိုးသားရေးဝါဒီ အစိုးရအတွက် ရှားပါးသလောက် စိုးရိမ်ရမယ့် လူထု စိန်ခေါ်လှုပ်ရှားမှုတစ်ခု ဖြစ်လာကြောင်း နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ထားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်းဆောင်းပါး

အိန္ဒိယနဲ့မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှုအနည်းဆုံးဖြစ်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ကနယ်စပ်ဂိတ်ကို အာဏာသိမ်းစစ်တပ်က မကြာမီ ပြန်ဖွင့်တော့မယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။