ဂျာမနီမှာ လိင်တိမ်းညွှတ်မှု စုံလင်ကွဲပြားသူ (LGBTQ)တွေ စုဝေးတဲ့ ချီတက်ပွဲ တစ်ခုကို ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပြီး ၁၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ဇူလိုင် ၂၅ ရက်နေ့ ညပိုင်းက ဘာလင်မြို့တော်မှာ ကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်အပြီး ရဲတပ်ဖွဲ့ဟာ လတ်တလော ကျင်းပဖို့ စီစဉ်ထားတဲ့ ပျော်ပွဲရွှင်ပွဲတွေ၊ စုဝေးပွဲတွေကို အရေးပေါ် ဖျက်သိမ်းစေခဲ့ရပါတယ်။
လူအုပ်ကို ဗင်ကားနဲ့ ဝင်တိုက်ခဲ့သူကို ဖမ်းမမိသေးပေမယ့် ဘယ်သူလဲဆိုတာ သိရှိထားကြောင်း၊ သူဟာ ဘာလင်မှာရှိတဲ့ အစ္စလာမ်မစ် အသိုက်အဝန်းနဲ့ ဆက်နွှယ် ပတ်သက်မှု ရှိသူ တစ်ဦးဖြစ်ကြောင်း၊ သူ့ကို ရဲတွေက အပူတပြင်း လိုက်ရှာနေကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဖလော်ရီယန် နက်သ်က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သံသယရှိသူရဲ့ နာမည်ကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။
မျက်မြင်တွေရဲ့ အဆိုအရ ဒေသစံတော်ချိန် ည ၁၀း၀၀ နာရီလောက်မှာ တီယာဂန်တန် ပန်းခြံနားမှာ စုဝေးနေတဲ့ LGBTQ အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို အဖြူရောင် ဗင်ကားတစ်စီးက အရှိန်နဲ့ ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။ ကားဟာ လူတချို့ကို လွင့်စဉ်ထွက်သွားစေခဲ့ပြီးတဲ့နောက် သစ်ပင်တစ်ပင်ကို ဝင်တိုက်မိပြီး ရပ်တန့်သွားပါတယ်။ ကားမောင်းသူကတော့ ကားကို စွန့်ခွာပြီး ခြေလျင် ထွက်ပြေးသွားပါတယ်။

Public Service Announcement
ဇူလိုင် ၂၅ ရက်နေ့တုန်းက pride paradeလို့ခေါ်တဲ့ LGBTQ စုဝေးပွဲ အစီအစဉ်တွေ ရှိတာကြောင့် ဘာလင်မှာ ရဲတပ်ဖွဲ့ဝင် ၂၂၀၀ ကျော်လောက်ကို ဖြန့်ကျက်ပြီး လုံခြုံရေး ယူပေးထားပါတယ်။
လူစုလူဝေးကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်အပြီးမှာတော့ ရဲတွေက မျက်မြင်တွေဆီက ထွက်ချက်ယူနေသလို တချို့ ဒဏ်ရာရသူတွေဟာ ဓားနဲ့ အထိုးခံခဲ့ရတယ်လို့ ယူဆရတဲ့ အခြေအနေကိုလည်း စုံစမ်းနေပါတယ်။ ဒါပေမဲ့ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး တိတိကျကျ ပြောနိုင်ဖို့ စောလွန်းနေသေးကြောင်း ရဲတွေက ဆိုပါတယ်။
ဘာလင်မြို့တော်ဝန် ကိုင်ဝက်ဂ်နာက ငြိမ်းချမ်းစွာ စုဝေးချီတက်နေသူကို အကြမ်းကြုတ်ဆုံး လုပ်ရပ်မျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အတွက် အရမ်းတုန်လှုပ်မိကြောင်း ပြောကြားသွားပါတယ်။ ဒါဟာ ဘာလင်မြို့ရဲ့ စုံလင်ကွဲပြားတဲ့၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်တဲ့ လူ့အဖွဲ့အစည်းကို တိုက်ခိုက်ခြင်းလည်းဖြစ်ကြောင်း၊ ဒီအတွက် မနားမနေ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူက ကတိပေးခဲ့ပါတယ်။
လက်ရှိမှာတော့ ပျောက်ဆုံးနေတဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ ပတ်သက်လို့ သတင်းစုံစမ်းနိုင်အောင် အရေးပေါ် ဖုန်းနံပါတ်တွေပါ အာဏာပိုင်တွေက စီစဉ်ပေးထားကြောင်းလည်း သိရပါတယ်။
ကိုးကား: CNN
















































