Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား ဖျက်သိမ်းရေး တောင်းဆိုတဲ့ အာဆီယံကို ကင်မ်ဂျုံအွန်းရဲ့ ညီမ ဝေဖန်

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

ဓာတ်ပုံ - AP

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာတော့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေး ကိစ္စကို အဖွဲ့ဝင် နိုင်ငံတွေက တိုက်တွန်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေ ဆက်လက်ချဲ့ထွင် တည်ဆောက်နေမှုဟာ အထူးစိုးရိမ်စရာ ကောင်းကြောင်း၊ ကိုရီးယား ကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အဓွန့်ရှည် ခိုင်မာဖို့ဆိုရင် နျူကလီးယားလက်နက်တွေ ဖျက်သိမ်းပြီး အပြန်အလှန် ဆွေးနွေးမှုတွေရဲ့ အရေးပါမှုကို အသိအမှတ်ပြုဖို့ လိုကြောင်း အာဆီယံက သဘောထား ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)ဆီက ဖိအားပေးမှု၊ အရေးယူ ပိတ်ဆို့မှုတွေ ရှိနေတဲ့တိုင် မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်နဲ့ တိုက်ချင်းပစ်ဒုံးကျည် နည်းပညာ အဆင့်မြှင့်တင်မှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။ ပြီးတော့ အဲဒီ ဖျက်အားပြင်း လက်နက်တွေ တည်ဆောက်မှုဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင် ရပိုင်ခွင့် တစ်ခုအဖြစ် မြောက်ကိုရီးယားက ကာကွယ်ပြောကြားထားသလို ၂၀၂၃ ခုနှစ်မှာတော့ နျူကလီးယား လက်နက်ပိုင် နိုင်ငံအနေနဲ့ တရားဝင် ရပ်တည်ကြောင်း ကြေညာခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက်နေ့မှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ နိုင်ငံရေး ဩဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က အာဆီယံရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်လို့ အစိုးရပိုင် KCNA သတင်းဌာနကနေတဆင့် တုံ့ပြန်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ကို အလိုလိုက် အကြိုက်ဆောင်ဖို့အတွက် အာဆီယံဟာ ဟန်တောင် မဆောင်နိုင်ဘဲ နျူကလီးယား ဖျက်သိမ်းရေးဆိုတဲ့ တောင်းဆိုမှုမျိုးနဲ့ မြောက်ကိုရီးယားအပေါ် ရန်လိုမှုကို ပြသခဲ့ကြောင်း၊ ဒါဟာ မြောက်ကိုရီးယားရဲ့ အခြေခံ ဥပဒေကို အတိအလင်း မျက်ကွယ်ပြုလိုက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ယိုဂျောင်က စွပ်စွဲထားပါတယ်။

ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးဆိုတဲ့ အယူအဆကို လက်ရှိ အချိန်ထိ ဆုပ်ကိုင်ထားတာဟာ မဟာဗျူဟာကျကျ တွေးခေါ်မြော်မြင်မှု ကင်းမဲ့ပြီး ကြောင်းကျိုးဆီလျော်မှုလည်း ကင်းမဲ့နေကြောင်း၊ အဓိပ္ပါယ် မရှိသလို လက်တွေ့လည်းမကျတဲ့ စိတ်ကူးကို အကောင်အထည်ဖော်ချင် နေတာတွေက ရူးနှမ်းပြီး မိုက်မဲတဲ့ အိပ်မက်တစ်ခုကို ဖက်တွယ်ထားတဲ့ သဘောသာဖြစ်ကြောင်း ယိုဂျောင်က ဆိုပါတယ်။

အာဆီယံ အနေနဲ့ အဖွဲ့အစည်းကို အလွဲသုံးစား လုပ်ခံရတာ၊ အမေရိကန်ရဲ့ အာဘော်တွေကို အသံထွက်ပေးဖို့ အသုံးချခံရတာတွေ မဖြစ်သင့်ကြောင်းလည်း သူက သတိပေးသွားပါတယ်။

မြောက်ကိုရီးယားရဲ့ ဆက်သွယ်ရေးနဲ့ နိုင်ငံခြားရေး မူဝါဒပိုင်းမှာ အထင်ကရ အရာရှိ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ယိုဂျောင်ဟာ ဇွန်လတုန်းကလည်း နိုင်ငံရဲ့ နျူကလီးယား စီမံကိန်းတွေက ဘယ်တော့မှ နောက်ကြောင်း ပြန်လှည့်တော့မှာ မဟုတ်တဲ့ ခြေလှမ်းတွေဖြစ်ကြောင်း ပြောကြားဖူးပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးကိစ္စအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ၂၀၁၉ ခုနှစ်မှာ ဆွေးနွေးဖူးပေမယ့် မအောင်မြင်ဘဲ အဆုံးသတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်မှုကို ဘယ်တော့မှ မရုပ်သိမ်းတော့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။