ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မိုင်းလုပ်သား ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။
ဇူလိုင် ၃၀ က မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှုကြောင့်လို့ ယူဆရတဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာပါ။ ပါကစ္စတန် အနောက်တောင်ပိုင်းက တွင်းထွက် ဓာတ်သတ္တု သယံဇာတတွေ ပေါကြွယ်ဝတဲ့ ဘာလိုချီစတန် ပြည်နယ်မှာ ကြုံခဲ့တဲ့ ပေါက်ကွဲမှုအပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ညလုံးပေါက် ဆောင်ရွက်နေခဲ့ကြောင်း ဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိ ရထားတဲ့ သတင်းတွေအရ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရုပ်အလောင်း ၃၄ ခုကို ရှာတွေ့ထားပြီးပြီလို့ တောင်ပိုင်း ဘာလိုချီစတန် ပြည်နယ် အုပ်ချုပ်ရေး ဌာနက ဇူလိုင် ၃၁ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ပေါက်ကွဲမှုအပြီး ကျောက်မီးသွေး တွင်းထဲမှာ ပိတ်မိနေတဲ့ မိုင်းလုပ်သားတွေ ထပ်ရှိနိုင်သေးတာကြောင့် ကယ်ဆယ်ရေးတွေက အပူတပြင်း လိုက်ရှာနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ပေါက်ကွဲမှု ဖြစ်ချိန်တုန်းက မိုင်းတွင်းထဲမှာ အလုပ်လုပ်နေသူ ဘယ်နှယောက် ရှိခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ကြေညာမထားပါဘူး။

Public Service Announcement
မျက်မြင်တွေကတော့ ပေါက်ကွဲသံကြီး ကြားလိုက်ရတဲ့နောက် ကျောက်မီးသွေးတွင်းဖက်ကနေ မိုင်းလုပ်သားတွေ အသည်းအသန် ထွက်ပြေးလာတာကို မြင်ခဲ့ရကြောင်း ပြောပါတယ်။
ဆိုရန်ဂီ ကျေးရွာနားက မိုင်းတွင်းနားမှာတော့ မိုင်းလုပ်သားတွေရဲ့ ဆွေမျိုးတွေ၊ မိသားစုဝင်တွေကလည်း စိုးရိမ်တကြီး လာရောက်စုဝေးပြီး သတင်းနားစွင့်နေတာကို တွေ့ခဲ့ရပါတယ်။
ပါကစ္စတန်ရဲ့ အရွယ်အစား အကြီးဆုံးနဲ့ အဆင်းရဲဆုံး ပြည်နယ်ဖြစ်တဲ့ ဘိာလိုချီစတန်ဟာ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွားရေး ဖွံ့ဖြိုးမှုစတဲ့ ကဏ္ဍအသီးသီးမှာ ဒေသတွင်းက တခြားအစိတ်အပိုင်းတွေထက် သိသိသာသာ ဖွံ့ဖြိုးမှု နောက်ကျ ကျန်နေခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ ကျောက်မီးသွေး၊ ရွှေ၊ ကြေးနီစတဲ့ တွင်းထွက် သယံဇာတသိုက်တွေ ပေါကြွယ်ဝတဲ့ ပြည်နယ် တစ်ခုလည်း ဖြစ်နေပါတယ်။
ကိုးကား: AFP

















































