ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ဒဏ်ခံ အဆောက်အအုံတစ်ခု ပြိုကျလို့ ကလေးတွေ အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
ဂါဇာစီးတီးမြို့ရဲ့ တယ်လ်အယ်လ်ဟာဝါ ဒေသမှာရှိတဲ့ ၆ ထပ်တိုက် တစ်လုံးဟာ စက်တင်ဘာ ၁၆ ရက် မနက်အစောပိုင်းမှာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်အတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရတဲ့နောက် အဆောက်အအုံဟာ အန္တရာယ်ရှိလောက်အောင် တစ်ခြမ်းစောင်းပြီး ကျန်နေခဲ့တာ ဖြစ်ပါတယ်။
အန္တရာယ်များမှန်း သိပေမယ့်လည်း စစ်ရှောင်တွေဟာ နေစရာ မရှိတဲ့အတွက် အဲဒီနေရာမှာပဲ အရဲစွန့် နေထိုင်နေခဲ့ရတာလို့ ဂါဇာ အာဏာပိုင်တွေက ပြောပါတယ်။
အဆောက်အအုံ ပြိုကျမှုကြောင့် ကလေး ၈ ယောက် အပါအဝင် ၂၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ (UN)နဲ့ အီဂျစ်က ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးတွေအောက် ပျောက်ဆုံးနေသူတွေကို လိုက်ရှာတဲ့ လုပ်ငန်းမှာ ပူးပေါင်း ကူညီပေးခဲ့ပါတယ်။

Public Service Announcement
အစောပိုင်းတုန်းက ဟားမားစ် လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး အေဂျင်စီရဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ အပျက်အစီးတွေကို လက်ဗလာနဲ့ ဖယ်ရှား ရှင်းလင်းနေခဲ့တာ ဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ ရှာဖွေရေး လုပ်ငန်းကို အဆုံးသတ်ခဲ့ပြီး ဒဏ်ရာရသူ ၄၅ ဦးကို ဆေးရုံ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ တစ်ဦးရဲ့ ဆွေမျိုးသားချင်း တစ်ယောက်ကတော့ အဲဒီ အဆောက်အအုံမှာ နေထိုင်ခဲ့တဲ့ မိသားစုတွေ ဆိုတာက ယာယီ ရွက်ဖျင်တဲတွေတောင်မှ ရှာမရခဲ့ကြသူတွေလို့ ပြောပြပါတယ်။ ဒီတော့ အန္တရာယ် များလွန်းမှန်း သိပေမယ့်လည်း တခြားရွေးချယ်စရာ မရှိဘဲ အဲဒီ အဆောက်အအုံထဲမှာ ခိုလှုံနေခဲ့ကြတာလို့ ဆိုပါတယ်။
အနားမှာ ရွက်ဖျင်တဲနဲ့ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးကတော့ ဝေလီဝေလင်းအချိန် အဆောက်အအုံ ပြိုကျမှုကြောင့် အသံကျယ်ကြီး ထွက်ပေါ်လာပြီး မြေပြင်ပါ တုန်ခါသွားခဲ့ကြောင်း၊ ငလျင်ကြီးတစ်ခု လှုပ်သွားတယ်လို့ ထင်မိကြောင်း၊ နေရာအနှံ့မှာ ဖုံတွေနဲ့ ဖုံးလွှမ်းသွားပြီး နောက်တော့ အော်ဟစ်ညည်းညူသံတွေကို ကြားလာရကြောင်း ပြောပြပါတယ်။
ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းတွေအရ တယ်လ်အယ်လ်ဟာဝါ ဒေသဟာ စစ်ပွဲအစပိုင်း အချိန်ကတည်းက အစ္စရေးရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံခဲ့ရပြီး အဆောက်အအုံရဲ့ ပျက်စီးမှုတွေဟာလည်း ၂၀၂၄ မှာ စတင်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ၂၀၂၅ ခုနှစ် မတ်လအတွင်း အစ္စရေးရဲ့ အကြိမ်ကြိမ် တိုက်ခိုက်မှုတွေက အဆောက်အအုံကို တိမ်းစောင်းသွားစေခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။
ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)ရဲ့ ဂါဇာရုံးခွဲ အကြီးအကဲ အလက်ဇန္ဒရို အမ်ရာကစ်က အဆောက်အအုံ ပြိုကျမှုအပြီး ကယ်ဆယ်ရေးအတွက် အပူတပြင်း လိုအပ်တဲ့ အကြီးစား ယန္တရားတွေ မထောက်ပံ့ပေးနိုင်တာကို မြင်ရတာ ကြေကွဲစရာလို့ ပြောပါတယ်။ သူက ဂါဇာမှာ စစ်ဒဏ် ခံထားရပြီး အချိန်မရွေး ပြိုကျနိုင်တဲ့ နောက်ထပ် အဆောက်အအုံပေါင်း ၄၀၀ လောက် ရှိနေသေးကြောင်းလည်း အမ်ရာကစ်က သတိပေးသွားခဲ့ပါတယ်။
ကိုးကား: BBC

















































