အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။
ရှီဟာ လာမယ့် သီတင်းပတ်ကျရင် အိမ်ဖြူတော်ဆီကို အလည်အပတ် ခရီးစဉ် ရောက်ရှိလာမှာပါ။ အဲဒီအခါ ထရမ့်ဟာ ဝါရှင်တန်ဒီစီ မြို့တော် အပြင်ဖက်နားမှာတင် ကပ်လျက် တည်ရှိတဲ့ အန်ဒရူး လေတပ်စခန်းထိ ကိုယ်တိုင် သွားရောက်ပြီး ဧည့်သည်တော် တရုတ်သမ္မတကို ကြိုဆိုဖို့ ပြင်ဆင်နေကြောင်း အမေရိကန် အစိုးရ အဖွဲ့ထဲက ထိပ်ပိုင်း အရာရှိ တစ်ဦးက ဆိုပါတယ်။
အမေရိကန်ကို ရောက်လာတဲ့ ဧည့်သည်တော် တစ်ယောက်ယောက်ကို သမ္မတကိုယ်တိုင် လေဆိပ်ဆင်းကြိုတယ် ဆိုတာက အတော်လေး ရှားပါးတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။
ရှီကို ကြိုဆိုမယ့် ထရမ့်ရဲ့ တခြားအစီအစဉ်တွေထဲမှာတော့ အိမ်ဖြူတော်မှာ ဆိုက်ရောက်မှု အခမ်းအနားတစ်ခု၊ ဂုဏ်ပြုတပ်ဖွဲ့ကို အတူစစ်ဆေးမှုနဲ့ နည်းပညာ လုပ်ငန်းရှင်ကြီးတွေနဲ့အတူ နိုင်ငံတော် ညစာ တည်ခင်းမှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။

Public Service Announcement
ညစာစားပွဲမှာတော့ Amazonရဲ့ ဂျက်ဖ်ဘီဇော့စ်၊ Alphabetရဲ့ ဆွန်ဒါ ပီချိုင်း၊ OpenAIရဲ့ ဆမ်အဲ့လ်ထ်မန်း၊ Appleရဲ့ တင်မ်ကွတ်ခ်၊ Teslaရဲ့ အီလွန်မတ်စ်၊ Nvidiaရဲ့ ဂျန်ဆန်ဟောင်းနဲ့ Dellရဲ့ မိုက်ကယ်ဒဲလ်တို့လို နည်းပညာ လုပ်ငန်းရှင်တွေ တက်ရောက်ကြဖို့ ရှိကြောင်းလည်း သိရပါတယ်။
အဲဒီလို ညစာစားပွဲ အခမ်းအနားမျိုးကို တက်ချင်တဲ့သူတွေ အများကြီး ရှိမှာလို့ ထရမ့်က စက်တင်ဘာ ၁၈ ရက်နေ့တုန်းက အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဖိတ်ကြားမှုတွေကို အထူးစိစစ်ထားပြီး သူ့မိတ်ဆွေရင်းချာ တော်တော်များများကိုတောင် မျက်နှာနာနာနဲ့ပဲ မဖိတ်နိုင်တဲ့အကြောင်း ပြောပြခဲ့ရတယ်လို့ ထရမ့်က ဆိုပါတယ်။
တရုတ်-အမေရိကန် ထိပ်သီးတွေ့ဆုံပွဲမှာတော့ ကုန်သွယ်ရေး၊ မြေရှားသတ္တုကိစ္စနဲ့ AI နည်းပညာတွေဟာ အဓိက ဆွေးနွေးမှု အကြောင်းအရာတွေ ဖြစ်လာဖွယ် ရှိပါတယ်။
အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်ကလည်း တရုတ် သမ္မတကတော် ပန်လုယွမ်နဲ့ သီးခြားတွေ့ဆုံကြမယ့် အစီအစဉ်တွေ ရေးဆွဲထားပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့မှာ ထရမ့်မိသားစုက ကြီးမှူးကျင်းပမယ့် နိုင်ငံတော် ညစာစားပွဲ အခမ်းအနားမှာ ရှီနဲ့ ပန်တို့ဟာ ဂုဏ်ထူးဆောင် ဧည့်သည်တွေ ဖြစ်လာကြမှာပါ။
ထရမ့်ဟာ မေလလယ်တုန်းက တရုတ်နိုင်ငံကို သွားရောက်ပြီး ရှီနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ရှီက ထရမ့်ကို လေဆိပ်ဆင်းမကြိုခဲ့ဘဲ ဒုတိယ သမ္မတ ဟန်ကျန်းကသာ ခရီးဦးကြို ပြုခဲ့ပါတယ်။
ကိုးကား: Reuters



















































