အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာ အမေရိကန် ထိပ်တန်း လုပ်ငန်းစုတွေရဲ့ အကြီးအကဲတွေ၊ အမှုဆောင်ချုပ်တွေလည်း လိုက်ပါသွားကြပါတယ်။
ထရမ့်က မေလ ၁၃ ရက်နေ့မှာ ဘေဂျင်းကို သွားရောက်မယ့် ခရီးစဉ်ဟာ အမေရိကန် လုပ်ငန်းစုကြီးတွေကို ပြည်တွင်းမှာ ပိုပြီး လက်ခံပေးလာအောင် တရုတ်အစိုးရကို ဖိအားပေး တောင်းဆိုဖို့ဖြစ်ကြောင်း ပြောကြားထားပါတယ်။ သူ့ရဲ့ ခရီးစဉ်မှာတော့ အမေရိကန်ရဲ့ နည်းပညာ၊ ဘဏ္ဍာရေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းစုကြီးတွေရဲ့ အမှုဆောင်ချုပ်တွေ၊ ဉာဏ်ရည်တု နည်းပညာ (AI) နယ်ပယ်နဲ့ အမေရိကန်ရဲ့ Wall Street စတော့စျေးကွက်ထဲက ထိပ်တန်း ပညာရှင်တွေ အတူ လိုက်ပါခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ ထရမ့်ဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံတဲ့ အခါမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးတွေ၊ AI ဖွံ့ဖြိုးမှုနဲ့ ပထဝီဝင် နိုင်ငံရေး တည်ငြိမ်မှုတွေ၊ စီးပွားရေး ကိစ္စတွေကို အကျေအလည် ဆွေးနွေးဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ထရမ့်နဲ့ လိုက်ပါသွားတဲ့ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ စာရင်းမှာ Nvidiaရဲ့ အမှုဆောင်ချုပ် ဂျန်ဆန်ဟွမ်၊ Tesla လျှပ်စစ်ကား ကုမ္ပဏီ အကြီးအကဲ အီလွန်မတ်စ်ခ်၊ Apple ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် တင်မ်ကွတ်ခ်တို့ ပါဝင်ကြောင်း သိရပါတယ်။ ထရမ့်ဟာ AIနည်းပညာကို မောင်းနှင်ရာမှာ အထူးအရေးပါပြီး Nvidiaက ထုတ်လုပ်တဲ့ H200 ကွန်ပျူတာ ချစ်ပ်တွေ တရုတ်ဆီ တင်ပို့ရောင်းချခွင့်ကို ကန့်သတ်ထားဆဲဖြစ်ပြီး တရုတ်က အဲဒီကိစ္စကို ဆွေးနွေးချင်နေတာကြောင့် ဟွမ်လည်း ဒီခရီးစဉ်မှာ လိုက်ပါခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
Teslaဟာ တရုတ်စျေးကွက်ကို ပိုမိုချဲ့ထွင်ဖို့ ကြိုးစားနေတာကြောင့် မတ်စ်ခ်ကလည်း ထရမ့်နဲ့အတူ လိုက်ပါခဲ့တာ ဖြစ်ပါတယ်။ ရာထူးကနေ နုတ်ထွက်တော့မယ့် ကွတ်ခ်အတွက်လည်း ဒါဟာ Apple အမှုဆောင်ချုပ် အနေနဲ့ နောက်ဆုံး ပါဝင်တဲ့ အထင်ကရ သံတမန်ရေး အားထုတ်မှု တစ်ခုလို့ ယူဆရပါတယ်။ သူဟာ စက်တင်ဘာ ၁ ရက်နေ့မှာ ရာထူးက အနားယူပြီး ဂျွန်တားနက်စ်ကို အရိုက်အရာ လွှဲပေးဖို့ စီစဉ်ထားပါတယ်။
ထရမ့်ရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေး ဆွေးနွေးမှုတွေမှာ အမေရိကန် လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Boeingရဲ့ ထုတ်ကုန်တွေအပေါ် တရုတ်ရဲ့ အခွန်စည်းကြပ်မှု လျှော့ချရေးဟာလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်လာနိုင်ပါတယ်။
ထရမ့်သမ္မတ ဖြစ်လာတဲ့နောက် တရုတ်ရဲ့ သွင်းကုန်တွေအပေါ် ကုန်စည်တန်ဖိုးရဲ့ ၁၄၅ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ခဲ့တဲ့နောက် မနှစ်က ဧပြီလမှာ တရုတ်ကလည်း အမေရိကန် ကုန်စည်တွေကို အခွန် ၁၂၅ ရာခိုင်နှုန်း ကောက်ယူခဲ့ပါတယ်။ အဲဒီအခြေအနေတွေနောက်ပိုင်း တရုတ်ဆီ Boeingရဲ့ အရပ်ဖက် လေယာဉ်တွေ တင်ပို့ရောင်းချမှုမှာ အကျပ်ရိုက်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် အခု ထရမ့်ရဲ့ ခရီးစဉ်မှာ Boeingရဲ့ အမှုဆောင်ချုပ် ကယ်လီ အော့တ်ဘာ့ဂ်လည်း အတူလိုက်ပါလာခဲ့ပါတယ်။
နည်းပညာနဲ့ စက်မှုလုပ်ငန်းရှင်ကြီးတွေအပြင် Wall Streetရဲ့ အမှုဆောင် ပုဂ္ဂိုလ်တွေဖြစ်တဲ့ BlackRockရဲ့ အမှုဆောင်ချုပ် လယ်ရီဖင့်ခ်၊ Goldman Sachsရဲ့ ဒေးဗစ် ဆိုလိုမွန်နဲ့ Citigroupရဲ့ ဂျိန်းဖရေဆာတို့လို စီးပွားရေး လုပ်ငန်းရှင်ကြီးတွေလည်း ဘေဂျင်းကို သမ္မတနဲ့အတူ လိုက်ပါသွားပါတယ်။ အလားတူ Meta၊ Mastercardနဲ့ Visaတို့ရဲ့ အမှုဆောင်တွေကလည်း အမေရိကန်ရဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေကို ကိုယ်စားပြုတဲ့ အစုအဖွဲ့အဖြစ် တရုတ်နိုင်ငံဆီ လိုက်ပါသွားကြောင်း သိရှိရပါတယ်။
ကိုးကား: AP


















































