အမေရိကန်မှာ သက်တမ်းဝက် ရွေးကောက်ပွဲအတွက် မဲပေးမှုတွေကို စတင်နေပြီဖြစ်ပြီး ပြည်နယ်တချို့ရဲ့ မဲရလဒ်တွေတော့ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရာထူးနေရာအတွက် အပြောင်းအလဲ ရှိစေမှာ မဟုတ်ပေမယ့်လည်း လွှတ်တော် နှစ်ရပ်ကို အာဏာရ ပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန်က ဆက်လက် ထိန်းချုပ်ထားနိုင်မလား ဆိုတာကို အဖြေထုတ်ပေးဖို့ အရေးကြီးလာပါတယ်။
ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ ကောက်ယူပြီး ‘Voter Poll’လို့ တရားဝင် ခေါ်ဝေါ်တဲ့ အမြင်စစ်တမ်းကို သောင်းနဲ့ချီတဲ့ အမေရိကန် မဲဆန္ဒနယ်တွေမှာ ကောက်ယူခဲ့ရာမှာ ဖြေဆိုသူ အများစုက အခု ရွေးကောက်ပွဲအတွက် မဲပေးရာမှာ နိုင်ငံရဲ့ စီးပွားရေး မူဝါဒတွေကို အဓိကထား ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။
SSRS သုတေသန ကုမ္ပဏီက အဓိက တာဝန်ယူ ကောက်ခံတဲ့ စစ်တမ်းမှာတော့ မဲဆန္ဒရှင်တွေရဲ့ အသက်အရွယ်၊ လိင်အမျိုးအစား၊ ပညာရေး၊ လူနေမှုပုံစံ မျိုးစုံကို ဖြန့်ကျက်ပြီး သဘောထားအမြင်တွေကို မေးမြန်းတာ ဖြစ်ပါတယ်။

Public Service Announcement
ဖြေဆိုသူတွေရဲ့ စုစုပေါင်း ၃၉ ရာခိုင်နှုန်းက နိုင်ငံရဲ့ စီးပွားရေး အခြေအနေကို အဓိက စဉ်းစားပြီး မဲပေးတယ်လို့ သဘောထား မှတ်ချက် ပြုခဲ့ကြပြီး ၃၂ ရာခိုင်နှုန်းကတော့ ဒီမိုကရေစီ ထွန်းကားမှု အခြေအနေကို ဦးစားပေး သုံးသပ်ခဲ့ကြောင်း ဖြေပါတယ်။ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို ဦးစားပေး စဉ်းစားကြောင်း ဖြေတဲ့သူက ၁၄ ရာခိုင်နှုန်း၊ ကျန်းမာရေး စောင့်ရှောက်မှုကို ဦးစားပေးသူက ၈ ရာခိုင်နှုန်း၊ နိုင်ငံခြားရေး မူဝါဒက ၄ ရာခိုင်နှုန်း၊ မှုခင်းတိုက်ဖျက်ရေးက ၃ ရာခိုင်နှုန်းစီ အသီးသီး ရှိခဲ့ကြပါတယ်။
လူပေါင်း ၇၉၀၀၀ ကျော် ပါဝင်ဖြေဆိုခဲ့တဲ့ စစ်တမ်းထဲမှာ ၇၅ ရာခိုင်နှုန်းက အမေရိကန်ရဲ့ စီးပွားရေးဟာ အခြေအနေ သိပ်မကောင်းဘူး၊ ဒါမှမဟုတ် ဆိုးရွားနေတယ်လို့ အနုတ်သဘောဆန်ဆန် တုံ့ပြန်ခဲ့ပါတယ်။ ၂၅ ရာခိုင်နှုန်းကတော့ ကောင်းမွန်နေတယ်၊ ဒါမှမဟုတ် အကောင်းဆုံးပဲလို့ ဖြေခဲ့ပါတယ်။
မိသားစု ဝင်ငွေ အခြေအနေနဲ့ ပတ်သက်တဲ့ မေးခွန်းမှာတော့ ထရမ့် အာဏာရမလာခင် ၂ နှစ်ကနဲ့ ယှဉ်ရင် ပိုဆိုးသွားတယ်လို့ ၄၄ ရာခိုင်နှုန်းက ဖြေခဲ့ပြီး ၃၈ ရာခိုင်နှုန်းကတော့ အတူတူလောက်ပဲလို့ ဖြေပါတယ်။ ၁၈ ရာခိုင်နှုန်းကသာ ပိုကောင်းလာတယ်လို့ ဖြေဆိုခဲ့ကြောင်း သိရပါတယ်။
စစ်တမ်း ဖြေဆိုသူ စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံလောက်နဲ့ ညီမျှတဲ့ ၆၅ ရာခိုင်နှုန်းကတော့ ထရမ့်ရဲ့ မူဝါဒတွေဟာ အမေရိကန် စီးပွားရေးကို ပိုမို ဆိုးရွားသွားစေတယ်လို့ သဘောထား မှတ်ချက် ပေးခဲ့ကြပါတယ်။ ၂၈ ရာခိုင်နှုန်းကသာ ထရမ့်လက်ထက်မှာ စီးပွားရေး ပိုကောင်းလာတယ်လို့ ဖြေကြပြီး ၈ ရာခိုင်နှုန်းကတော့ သိသာတဲ့ အပြောင်းအလဲ မမြင်မိဘူးလို့ ပြောပါတယ်။
စစ်တမ်းဖြေဆိုသူ စုစုပေါင်းရဲ့ ၃၈ ရာခိုင်နှုန်းက အမေရိကန်မှာ အစိုးရ မူဝါဒတွေကြောင့် ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဒေါသထွက်မိတယ်လို့ ဖြေပြီး နောက်ထပ် ၃၇ ရာခိုင်နှုန်းကတော့ ကျေနပ်စရာ မရှိဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ၁၈ ရာခိုင်နှုန်းက ကျေနပ်ပါတယ်လို့ ပြောပြီး ၇ ရာခိုင်နှုန်းကတော့ အင်မတန် ရွှင်လန်း တက်ကြွနေမိတယ်လို့ ဖြေဆိုခဲ့ပါတယ်။
ခြုံပြီးကြည့်ရင်တော့ အိမ်ဖြူတော်ဆီ ထရမ့်ပြန်ရောက်လာပြီး ၂ နှစ်တာ ကာလအတွင်း လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ရင် စစ်တမ်းဖြေဆိုသူ အများစုက အနုတ်လက္ခဏာဆန်တဲ့ သဘောမျိုး SSRSဆီ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၄ ရက် မနက်ပိုင်းထိ အခြေအနေတွေအရ အထက်လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပတဲ့ ပြည်နယ်တွေထဲမှာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက အရင်ကထက် အထက်လွှတ်တော် အမတ်နေရာ တစ်ခုစာ ပိုရထားပြီ ဖြစ်ပါတယ်။ ဒီမိုကရက်တစ် ပါတီဟာ အရေးပါတဲ့ အထက်လွှတ်တော် ထိန်းချုပ်ခွင့်ကို ရီပတ်ဘလစ်ကန်တွေဆီက အရပြန်ယူဖို့ဆိုရင် ကြားကာလ ရွေးကောက်ပွဲမှာ ပြိုင်ဘက် ပါတီ လက်ထဲက အမတ်နေရာ ၄ ခုထိ လွှဲယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ကိုးကား: BBC





















































