Connect with us

Hi, what are you looking for?

Short Story

“ပွဲတော်တွေ ပျော်စရာကောင်းတဲ့အခါ ငါ့ကိုနှိုးပါ – ချာလီ”

ကတ္ထူစက္ကူ အလွတ်တချပ်ပေါ်မှာ မင်အနက်နဲ့ ခပ်သော့သော့ အဲဒီလိုရေးပြီး ချာလီဟာ အခန်းဝမှာ ထွက်ကပ်ခဲ့တယ်။ နောက်တော့ ချာလီဟာ စစ်ကြီးအတွင်းမှာ အကြီးအကျယ် အိပ်မောကျသွားတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို မျက်ဝါးထင်ထင် တွေ့လိုက်ရသူလို သွေးပျက်ပြီး လဲကျသွားတယ်။ စစ်မီးဟာ ဆက်လောင်နေဆဲပါပဲ။

◼️ဂနိုက်

ကတ္ထူစက္ကူ အလွတ်တချပ်ပေါ်မှာ မင်အနက်နဲ့ ခပ်သော့သော့ အဲဒီလိုရေးပြီး ချာလီဟာ အခန်းဝမှာ ထွက်ကပ်ခဲ့တယ်။ နောက်တော့ ချာလီဟာ စစ်ကြီးအတွင်းမှာ အကြီးအကျယ် အိပ်မောကျသွားတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို မျက်ဝါးထင်ထင် တွေ့လိုက်ရသူလို သွေးပျက်ပြီး လဲကျသွားတယ်။ စစ်မီးဟာ ဆက်လောင်နေဆဲပါပဲ။ လူငယ်တွေ သေကြေနေရဆဲပါပဲ (လူငယ်တွေဆိုပေမဲ့ ကလေးငယ်တွေရော လူကြီးသူမတွေရော သေနေရတာပါပဲ)။ ရုတ်တရက် ချာလီဟာ တယောက်ယောက်ရဲ့ စူးစူးဝါးဝါးအော်သံကြောင့် လန့်ဖြန့် ပြန်နိုးလာခဲ့ရတယ်။

“ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ ငုံနေရှာတယ် ပန်းပိတောက်ဖူးတွေထဲ …” ဆိုတဲ့ နှစ်ကူးကာလရဲ့ သရုပ်ပြသီချင်းသံဟာ ပိတ်ထားတဲ့ ပြူတင်းတံခါးရဲ့ သစ်ချပ်တွေကြားကနေ ဆောင့်ကြွားကြွား တိုးဝင်လာခဲ့ပြီး သူ့အတွက် နားဒုက္ခဖြစ်စေခဲ့ရတယ်။ စစ်အတွင်းကာလသာ မဟုတ်ခဲ့ရင်ပေါ့။ ချာလီဟာ နားရွက်ကိုချိတ်မတက် အာခေါင်ပေါ်တဲ့အထိ တချက်သန်းဝေရင်း ပြန်အိပ်ဖို့ပြင်တော့တယ်။ သူ အိပ်မပျော်တဲ့ရက်တွေမှာ အိပ်ချင်ယောင်ဆောင်နေရတာ ပင်ပန်းပေမဲ့လည်းပေါ့။ အိပ်ချင်ယောင်ဆောင်ရင်း အိပ်မက်တခုမက်တယ်။ ၂၀၀၀ ပေါ်ပေါ်နှစ်များဆီက ပုဆိုးအစိမ်းနဲ့ ကောင်ကလေးဟာ ပိတောက်ပန်းထည့်ထားတဲ့ ရေဖလားနဲ့ ယောဂီရောင်ဝမ်းဆက် ဝတ်ထားတဲ့ ကောင်မလေးကို ပုခုံးစွန်းကနေ တစက်ချင်း ဖြေးဖြေးနှေးနှေး ရေလောင်းနေတဲ့မြင်ကွင်းတွေ။ နောက်တော့ လှည့်ထွက်သွားတဲ့ ကောင်မလေးကို ငေးကြည့်နေတဲ့ ကောင်ကလေးတယောက်ဟာ လက်ခုံနဲ့မျက်ရည်တွေ ဘယ်သူမှမမြင် အောင် ခိုးသုတ်ခြင်းတွေ။ ဟစ်ကြွေးသံတွေနဲ့ လက်သီးလက်မောင်းတွေ။ ရာဘာကျည်ပါ အမေရယ်လို့ ကောင်ကလေးဟာ သူ့အမေကိုငြင်းပြီး အိပ်ပေါ်ကနေ ခြံဝ၊ နောက်တော့ ဘယ်တော့မှ ပြန်မပေါ်လာပုံ၊ သေနတ်အစစ်ကြီး ထမ်းသွားပုံတွေ။ နောက်တော့ မြေကြီးက လှုပ်လီလှုပ်လဲ့နဲ့ ဘဝတွေပျက်သလို တိုက်တာတွေ ပြိုကျလာပုံတွေ။ မြင်ကွင်းတွေဟာ ခေတ်ဟောင်းရုပ်ရှင်တပုဒ်လို တခန်းချင်း တဖျပ်ဖျပ် နောက် တဖြေးဖြေးနဲ့ အိပ်နေတဲ့အခန်းထဲက ကောင်ကလေးဟာ မျက်ရည်တွေ တသွင်သွင်စီးကျရင်းနဲ့ အသေအချာ ပြန်အိပ်ပျော်သွားတယ်။

ပွဲတော်ရက်တွေ ဖြစ်နေပေမဲ့လည်းပေါ့။ နောက်တော့ ချာလီဟာ စတေးတပ်တခုကို ခပ်သွက်သွက်ရေးပြီး ဆိုရှယ်မှာ တင်လိုက်တယ်။ “ပွဲတော်တွေပျော်စရာကောင်းတဲ့အခါ ငါ့ကိုနှိုးပါ”။ နောက်တော့ တစစနဲ့ ပျောက်ကွယ်မှေးမှိန်သွားတဲ့ မြင်ကွင်းတွေ၊ ပုံတိုပတ်စတွေ၊ ကျနော်တို့ကလေလို့ အစချီရမယ့်ကိုယ်ရေးကိုယ်နာတွေ၊ အမိန့်ပြန်တမ်းတွေ၊ တစစီပြိုကျနေတဲ့ နှလုံးသားနုနုတွေ။ ကောင်ကလေးဟာ ချာလီဟာ တခုခုကို နှစ်နှစ်ခြိုက်ခြိုက် သတိရရင်း ကယောင်ကတမ်း အိပ်မောကျသွားပြန်တယ်။

Public Service Announcement

Public Service Announcement

စစ်ကြီးအတွင်းဆိုတော့

လူတွေလည်း ဖြစ်သလိုပါပဲ

ဇာတ်လမ်းအစမှာ

စစ်ကြောင့် သေချင်သေ

ဒါမှမဟုတ်

ဇာတ်လမ်းအဆုံးမှာ နှလုံးကွဲပြီးသေ။

– အောင်ခင်မြင့်

ချာလီတယောက် အိပ်ပျော်နေရင်းကနေ လှုပ်နှိုးနေသူတွေရဲ့ အထိအတွေ့ အသံဗလံကို တခုမှ မကြားနိုင်တော့ဘူး။ ကမ္ဘာမြေကြီးရဲ့ရင်ဝကို ဆောင့်ထိုးသလို နစ်ဝင်သွားတဲ့ တိုက်တွေထဲကို ချာလီ့ရဲ့အိပ်မက်တွေ အလည်အပတ် ရောက်နေတုန်းပဲ။ အိပ်မက်ထဲမှာ ရေငတ်နေတဲ့ ချာလီဟာ တွေ့သမျှလူတိုင်းနဲ့ အလ္လာပသလ္လာပပြောရင်း ကျင်ငယ်ရည်ကို နှာချောင်းပိတ်ပြီး မြိုချလိုက်ရတယ်။

တကယ်တော့

အသေးစား ပျော်စရာလေးတွေပဲ

ကောင်းပါတယ်။

အပျော်လည်း ခဏ

ဝမ်းနည်းရလည်း ခဏပေါ့။

– အောင်ခင်မြင့်

သူတွေ့တဲ့လူ တယောက်ထက် ပိုများလာတဲ့အခါမှာတော့ ချာလီဟာ သူ့အိပ်မက်ကို သူကိုယ်တိုင်ပဲ စနက်တံဖြုတ်ပြီး မြေကြီးထဲ ထိုးစိုက်လိုက်တယ်။ဘယ်တော့မှမပေါက်ကွဲမဲ့ ငြိမ်းချမ်းရေးထည့်လုံးထားတဲ့ လက်ပစ်ဗုံးလေးတလုံးပေါ့လေ။ ချာလီဟာ ဘယ်တော့မှ ပြန်နိုးမှာ မဟုတ်တော့ဘူး။ ပွဲတော်တွေဟာ ပျော်စရာကောင်းလာတဲ့အခါကျရင်တော့ ချာလီဟာ အိပ်မက်ထဲကနေ ကမ္ဘာကြီးကို မော့ကြည့်နေပါလိမ့်မယ်။ အိပ်ရာက လုံးဝ ထလို့မရတော့ပေမဲ့လဲပေါ့။

ရည်ညွှန်း – ကဗျာဆရာ အောင်ခင်မြင့်ရဲ့ ကာတွန်းကဗျာစာအုပ်ထဲက ကာတွန်းနံပါတ် (မမှတ်မိ) ရဲ့ “ချာလီရေ ကောင်လေးရေ ထတော့ဟေ့ ခေတ်ဆိုးကြီးကိုတခန်းမှမလွတ်စေနဲ့”

၁၅၊ ဧပြီ၊ ၂၀၂၅

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ဂနိုက်’ ရေးဖွဲ့တဲ့ “ပွဲတော်တွေ ပျော်စရာကောင်းတဲ့အခါ ငါ့ကိုနှိုးပါ – ချာလီ” အက်ဆေးကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...