Connect with us

Hi, what are you looking for?

Short Story

“ပွဲတော်တွေ ပျော်စရာကောင်းတဲ့အခါ ငါ့ကိုနှိုးပါ – ချာလီ”

ကတ္ထူစက္ကူ အလွတ်တချပ်ပေါ်မှာ မင်အနက်နဲ့ ခပ်သော့သော့ အဲဒီလိုရေးပြီး ချာလီဟာ အခန်းဝမှာ ထွက်ကပ်ခဲ့တယ်။ နောက်တော့ ချာလီဟာ စစ်ကြီးအတွင်းမှာ အကြီးအကျယ် အိပ်မောကျသွားတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို မျက်ဝါးထင်ထင် တွေ့လိုက်ရသူလို သွေးပျက်ပြီး လဲကျသွားတယ်။ စစ်မီးဟာ ဆက်လောင်နေဆဲပါပဲ။

◼️ဂနိုက်

ကတ္ထူစက္ကူ အလွတ်တချပ်ပေါ်မှာ မင်အနက်နဲ့ ခပ်သော့သော့ အဲဒီလိုရေးပြီး ချာလီဟာ အခန်းဝမှာ ထွက်ကပ်ခဲ့တယ်။ နောက်တော့ ချာလီဟာ စစ်ကြီးအတွင်းမှာ အကြီးအကျယ် အိပ်မောကျသွားတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို မျက်ဝါးထင်ထင် တွေ့လိုက်ရသူလို သွေးပျက်ပြီး လဲကျသွားတယ်။ စစ်မီးဟာ ဆက်လောင်နေဆဲပါပဲ။ လူငယ်တွေ သေကြေနေရဆဲပါပဲ (လူငယ်တွေဆိုပေမဲ့ ကလေးငယ်တွေရော လူကြီးသူမတွေရော သေနေရတာပါပဲ)။ ရုတ်တရက် ချာလီဟာ တယောက်ယောက်ရဲ့ စူးစူးဝါးဝါးအော်သံကြောင့် လန့်ဖြန့် ပြန်နိုးလာခဲ့ရတယ်။

“ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ ငုံနေရှာတယ် ပန်းပိတောက်ဖူးတွေထဲ …” ဆိုတဲ့ နှစ်ကူးကာလရဲ့ သရုပ်ပြသီချင်းသံဟာ ပိတ်ထားတဲ့ ပြူတင်းတံခါးရဲ့ သစ်ချပ်တွေကြားကနေ ဆောင့်ကြွားကြွား တိုးဝင်လာခဲ့ပြီး သူ့အတွက် နားဒုက္ခဖြစ်စေခဲ့ရတယ်။ စစ်အတွင်းကာလသာ မဟုတ်ခဲ့ရင်ပေါ့။ ချာလီဟာ နားရွက်ကိုချိတ်မတက် အာခေါင်ပေါ်တဲ့အထိ တချက်သန်းဝေရင်း ပြန်အိပ်ဖို့ပြင်တော့တယ်။ သူ အိပ်မပျော်တဲ့ရက်တွေမှာ အိပ်ချင်ယောင်ဆောင်နေရတာ ပင်ပန်းပေမဲ့လည်းပေါ့။ အိပ်ချင်ယောင်ဆောင်ရင်း အိပ်မက်တခုမက်တယ်။ ၂၀၀၀ ပေါ်ပေါ်နှစ်များဆီက ပုဆိုးအစိမ်းနဲ့ ကောင်ကလေးဟာ ပိတောက်ပန်းထည့်ထားတဲ့ ရေဖလားနဲ့ ယောဂီရောင်ဝမ်းဆက် ဝတ်ထားတဲ့ ကောင်မလေးကို ပုခုံးစွန်းကနေ တစက်ချင်း ဖြေးဖြေးနှေးနှေး ရေလောင်းနေတဲ့မြင်ကွင်းတွေ။ နောက်တော့ လှည့်ထွက်သွားတဲ့ ကောင်မလေးကို ငေးကြည့်နေတဲ့ ကောင်ကလေးတယောက်ဟာ လက်ခုံနဲ့မျက်ရည်တွေ ဘယ်သူမှမမြင် အောင် ခိုးသုတ်ခြင်းတွေ။ ဟစ်ကြွေးသံတွေနဲ့ လက်သီးလက်မောင်းတွေ။ ရာဘာကျည်ပါ အမေရယ်လို့ ကောင်ကလေးဟာ သူ့အမေကိုငြင်းပြီး အိပ်ပေါ်ကနေ ခြံဝ၊ နောက်တော့ ဘယ်တော့မှ ပြန်မပေါ်လာပုံ၊ သေနတ်အစစ်ကြီး ထမ်းသွားပုံတွေ။ နောက်တော့ မြေကြီးက လှုပ်လီလှုပ်လဲ့နဲ့ ဘဝတွေပျက်သလို တိုက်တာတွေ ပြိုကျလာပုံတွေ။ မြင်ကွင်းတွေဟာ ခေတ်ဟောင်းရုပ်ရှင်တပုဒ်လို တခန်းချင်း တဖျပ်ဖျပ် နောက် တဖြေးဖြေးနဲ့ အိပ်နေတဲ့အခန်းထဲက ကောင်ကလေးဟာ မျက်ရည်တွေ တသွင်သွင်စီးကျရင်းနဲ့ အသေအချာ ပြန်အိပ်ပျော်သွားတယ်။

ပွဲတော်ရက်တွေ ဖြစ်နေပေမဲ့လည်းပေါ့။ နောက်တော့ ချာလီဟာ စတေးတပ်တခုကို ခပ်သွက်သွက်ရေးပြီး ဆိုရှယ်မှာ တင်လိုက်တယ်။ “ပွဲတော်တွေပျော်စရာကောင်းတဲ့အခါ ငါ့ကိုနှိုးပါ”။ နောက်တော့ တစစနဲ့ ပျောက်ကွယ်မှေးမှိန်သွားတဲ့ မြင်ကွင်းတွေ၊ ပုံတိုပတ်စတွေ၊ ကျနော်တို့ကလေလို့ အစချီရမယ့်ကိုယ်ရေးကိုယ်နာတွေ၊ အမိန့်ပြန်တမ်းတွေ၊ တစစီပြိုကျနေတဲ့ နှလုံးသားနုနုတွေ။ ကောင်ကလေးဟာ ချာလီဟာ တခုခုကို နှစ်နှစ်ခြိုက်ခြိုက် သတိရရင်း ကယောင်ကတမ်း အိပ်မောကျသွားပြန်တယ်။

Public Service Announcement

Public Service Announcement

စစ်ကြီးအတွင်းဆိုတော့

လူတွေလည်း ဖြစ်သလိုပါပဲ

ဇာတ်လမ်းအစမှာ

စစ်ကြောင့် သေချင်သေ

ဒါမှမဟုတ်

ဇာတ်လမ်းအဆုံးမှာ နှလုံးကွဲပြီးသေ။

– အောင်ခင်မြင့်

ချာလီတယောက် အိပ်ပျော်နေရင်းကနေ လှုပ်နှိုးနေသူတွေရဲ့ အထိအတွေ့ အသံဗလံကို တခုမှ မကြားနိုင်တော့ဘူး။ ကမ္ဘာမြေကြီးရဲ့ရင်ဝကို ဆောင့်ထိုးသလို နစ်ဝင်သွားတဲ့ တိုက်တွေထဲကို ချာလီ့ရဲ့အိပ်မက်တွေ အလည်အပတ် ရောက်နေတုန်းပဲ။ အိပ်မက်ထဲမှာ ရေငတ်နေတဲ့ ချာလီဟာ တွေ့သမျှလူတိုင်းနဲ့ အလ္လာပသလ္လာပပြောရင်း ကျင်ငယ်ရည်ကို နှာချောင်းပိတ်ပြီး မြိုချလိုက်ရတယ်။

တကယ်တော့

အသေးစား ပျော်စရာလေးတွေပဲ

ကောင်းပါတယ်။

အပျော်လည်း ခဏ

ဝမ်းနည်းရလည်း ခဏပေါ့။

– အောင်ခင်မြင့်

သူတွေ့တဲ့လူ တယောက်ထက် ပိုများလာတဲ့အခါမှာတော့ ချာလီဟာ သူ့အိပ်မက်ကို သူကိုယ်တိုင်ပဲ စနက်တံဖြုတ်ပြီး မြေကြီးထဲ ထိုးစိုက်လိုက်တယ်။ဘယ်တော့မှမပေါက်ကွဲမဲ့ ငြိမ်းချမ်းရေးထည့်လုံးထားတဲ့ လက်ပစ်ဗုံးလေးတလုံးပေါ့လေ။ ချာလီဟာ ဘယ်တော့မှ ပြန်နိုးမှာ မဟုတ်တော့ဘူး။ ပွဲတော်တွေဟာ ပျော်စရာကောင်းလာတဲ့အခါကျရင်တော့ ချာလီဟာ အိပ်မက်ထဲကနေ ကမ္ဘာကြီးကို မော့ကြည့်နေပါလိမ့်မယ်။ အိပ်ရာက လုံးဝ ထလို့မရတော့ပေမဲ့လဲပေါ့။

ရည်ညွှန်း – ကဗျာဆရာ အောင်ခင်မြင့်ရဲ့ ကာတွန်းကဗျာစာအုပ်ထဲက ကာတွန်းနံပါတ် (မမှတ်မိ) ရဲ့ “ချာလီရေ ကောင်လေးရေ ထတော့ဟေ့ ခေတ်ဆိုးကြီးကိုတခန်းမှမလွတ်စေနဲ့”

၁၅၊ ဧပြီ၊ ၂၀၂၅

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ဂနိုက်’ ရေးဖွဲ့တဲ့ “ပွဲတော်တွေ ပျော်စရာကောင်းတဲ့အခါ ငါ့ကိုနှိုးပါ – ချာလီ” အက်ဆေးကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...