Connect with us

Hi, what are you looking for?

Short Story

“တော်လှန်ရေးဘက်တော်သား ဇနီးမောင်နှံ”

၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းအချိန်၌ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ တောင်ယောဒေသသို့ ကျမ ရောက်ခဲ့သည်။ အသင့်စောင့်မျှော်လျက်ရှိနေသည့် မိတ်ဆွေက ကျမနေထိုင်ရမည့် ကျေးရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ခေါင်းဆောင်၏ နေအိမ်သို့ လိုက်ပို့သည်။

◼️Ei Thandar Aung

၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းအချိန်၌ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ တောင်ယောဒေသသို့ ကျမ ရောက်ခဲ့သည်။ အသင့်စောင့်မျှော်လျက်ရှိနေသည့် မိတ်ဆွေက ကျမနေထိုင်ရမည့် ကျေးရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ခေါင်းဆောင်၏ နေအိမ်သို့ လိုက်ပို့သည်။

ရောက်လျှင်ရောက်ချင်းပင် ပကဖခေါင်းဆောင်ဖြစ်သည့် ကိုဇော်တို့ ဇနီးမောင်နှံ ဆီးကြိုကာ ဧည့်ဝတ်ပြုသည်။ များမကြာမီ ကိုဇော်တစ်ယောက် သူ၏ လက်လုပ် သုံးဘီးဆိုင်ကယ်အစုတ်လေးနှင့် ရိက္ခာထုပ်များသယ်ကာ ဒေသခံကာကွယ်ရေးစခန်းသို့ ပို့ချေသည်။

ကိုဇော်၏နေအိမ်၌ နေထိုင်သည့် ရက်ပိုင်းမျှအကြာတွင် ထိုဇနီးမောင်နှံ၏ တော်လှန်ရေးထဲတွင် ထဲထဲဝင်ဝင် ပါဝင်နေကြပုံကို မြင်လာရသည်။

Public Service Announcement

Public Service Announcement

“မင်းအောင်လှိုင် အာဏာသိမ်းပြီဆိုတော့ တော်လှန်ရေးစလုပ်တာ ကျမတို့ရွာက သုံးယောက်တည်း။ ကိုဇော်ရယ်၊ ရွာထဲက ရွာသားနှစ်ယောက်ပေါ့။ ကျမကတော့ အိမ်မှာပဲ သူတို့လိုအပ်တာ လုပ်ပေးတာ။ စဖြစ်ချင်းဆိုတော့ ပုန်းလျှိုးကွယ်လျှိူး လုပ်ရတာပေါ့” ဟု ကိုဇော်၏ အမျိုးသမီးဖြစ်သူ မချိုသင်းက အာဏာစသိမ်းစဥ်ကာလက ၎င်းတို့၏ အခြေအနေကို ပြန်ပြောင်း၍ ပြောပြသည်။

ကိုဇော်တယောက် တော်လှန်ရေးအစ တူမီးက ဆိုသည့်အတိုင်း တူမီးတလက်ကိုင်၍ တော်လှန်ရေးကြီးအတွင်းသို့ စိတ်ရောကိုယ်ပါ နှစ်ခဲ့သည်မှာ ယခုအချိန်ထိ ကျွံဝင်နေဆဲပင်ဖြစ်သည်။

“ကျနော်က တူမီးတလက်ရယ်၊ မိုင်းဆွဲတာရယ်လုပ်တာ။ ကနဦးအစကတော့ ပစ်ပြေးပေါ့ဗျာ၊ သေမှာမကြောက်ပေမယ့် စစ်တပ်က မိသွားမှာကြောက် တာ။ နောက်တော့ PDF တပ်ရင်းတွေ ပေါ်လာတော့ သူတို့နဲ့အတူ နောက်တန်းတွေ လိုက်တယ်။ မိသားစုအတွက်က မိန်းမက ငွေရှာပေးနေတော့ ကျနော်က တပ်အတွက် ရိက္ခာစု၊ ထောက်ပို့လုပ်တယ်၊ အခုထိပဲဆိုပါတော့” ဟု ကိုဇော်က ရယ်မောရင်းဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များ ပေါ်ပေါက်လာပြီးနောက် ကိုဇော်လည်း ရဲဘော်များနှင့်အတူ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လိုက်ပါကာ တတ်စွမ်းသမျှ ကူညီသည်။

“တခါကဆို စစ်ကောင်စီ စစ်ကြောင်းနဲ့ နီးနီးလေးတိုးတာ။ ဆယ်ပေကွာလောက်ပဲရှိတယ်။ ကျနော်က မမြင်ဘူး၊ ရင်းမှူးက လှမ်းပြောမှ သတိထားမိတာ။ အဲဒီကနေ ဇီးခြုံတွေ၊ ကန်သင်းတွေ ကျော်ခွပြီး ပြေးလိုက်တာ ရွာကို ဘယ်လိုပြန်ရောက်လာမှန်းကို မသိဘူး” ဟု သူ၏ တိုက်ပွဲအတွေ့အကြုံတခုကို ပြောပြသည်။

ကိုဇော်က မိုးလင်းမှမိုးချုပ် နေဝင်သည်ထိ တော်လှန်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်သည်။ တချို့ရက်များတွင်တော့ နွားကျောင်း၊ ဝက်အရောင်းအဝယ် လုပ်သည်။ မိသားစုစားဝတ်နေရေးအတွက်မူ ကိုဇော်၏ အမျိုးသမီးက တနိုင်တပိုင် စက်ချုပ်သည့်အပြင် အိမ်ဆိုင်လေးတခုဖွင့်ထားသည်။

“ဆိုင်ဆိုပေမယ့် ကျမတို့ရှာသမျှက ရဲဘော်တွေအတွက်ချည်းပဲ။ ချက်ပြုတ်ကျွေးနေရလည်း မမောပါဘူး၊ ကျမလည်း ထောက်ပို့တပိုင်းဖြစ်နေပြီ” ဟု မချိုသင်းကဆိုသည်။

နေ့စဥ် စားဝတ်နေရေးအတွက် ရုန်းကန်နေရ၍ မောပန်းသော်လည်း တော်လှန်ရေးအပေါ်ထားရှိသည့် ယုံကြည်ချက် မှေးမှိန်ခြင်းမျိုး တစိုးတစိမျှ မရှိဟု မချိုသင်းကဆိုသည်။

ပကဖခေါင်းဆောင်၏အိမ် ဖြစ်သည့်အတိုင်း ကိုဇော်၏အိမ်၌ နေ့စဥ်နီးပါး ရဲဘော်များ ဝင်ချည်ထွက်ချည်နှင့် မပြတ်ရှိသည်။ အရပ်ရှစ်မျက်နှာမှ ခရီးထွက် လာကြသည့် ဧည့်သည်ရဲဘော်များလည်း ကိုဇော်၏အိမ်၌ပင် ညအိပ်ညနေ တည်းခိုကြသည်။ ထိုအခါတွင် မချိုသင်းတယောက် မီးဖိုချောင်၌ ဖိုသူကြီးလုပ်ရပေသည်။

“ရဲဘော်လေးတွေလာရင် ကျမ အိမ်မကြီးနဲ့ မီးဖိုချောင်ကူးရတာ မိုင် ၂၀ လောက် ရှိဦးမယ်” ဟု မချိုသင်းက ရယ်ရယ်မောမောနှင့် ပြောသည်။

တောင်ယောဒေသရှိ ကျေးရွာအချို့ကို ဒေသအခေါ် အခြောက်တောဟု ခေါ်ကြသည်။ ရေရှားပါးသည့်အရပ် ဖြစ်သည့်အတွက် လမ်းနှုတ်ခမ်းရှိ အပင်များမှာလည်း ဖုန်တသောသောနှင့်ပင်။ မည်သည့် သီးနှံစားပင်မှလည်း မဖြစ်ထွန်းပေ။ ထိုကျေးရွာများထဲတွင် ကိုဇော်တို့ကျေးရွာလည်း အပါအဝင်ဖြစ်သည်။

ကိုဇော်တို့၏နေအိမ်၌ ကျမနေထိုင်နေစဥ် ရက်များတွင် ဒေသခံရဲဘော်များ ရိက္ခာပြတ်လပ်နေသည်ကို ကြုံခဲ့ရသည်။

ထို့နေ့က နံနက် ခုနစ်နာရီခန့်ဖြစ်သည်။ သံစုံမြည်တီးဝိုင်း တင်ဆောင်လာသည်ဟု ထင်ရသည့် ဆိုင်ကယ်အစုတ်လေးနှင့် လူတယောက်က ကိုဇော်တို့ အိမ်ရှေ့၌ ထိုးရပ်လိုက်ကာ အော်ပြောသည်။

“ကိုဇော် ကျနော်တို့ ရိက္ခာပြတ်နေတာ။ ရှိတာလေး စုပေးလိုက်ပါဦး” ဟူ၍။

“ကျနော်တို့ဘက်က ကျပ်တည်းမြေတွေ၊ ဘာမှ စိုက်ပျိုးလို့မရဘူး။ ရိက္ခာလိုရင် ရွာထဲ အလေ့ကျပေါက်တဲ့ သီးပင်စားပင်တွေကို လိုက်စုရတာ၊ ဘူး၊ ဖရုံ၊ ကြက်သွန်၊ မုန်ညင်း၊ ချဥ်ပေါင်သီး၊ စပ်သီး (ငရုတ်သီး) အကုန် စုပေးလိုက်ကြတာ” ဟု ကိုဇော်ကပြောပြသည်။

ရှေ့တန်းရိက္ခာအတွက် လိုအပ်လာလျှင်လည်း ကိုဇော်တို့ ဇနီးမောင်နှံက မပင်မပန်း ဦးစီးသည်။ အိမ်မှာရှိသည့် ကြက်သွန်နီ ဖြူ၊ ဆီ လိုအပ်သမျှ ထုတ်ပေးသည်။ ရွာသူရွာသားများကလည်း ဝိုင်းဝန်းကူညီကြသည့်အပြင် ကိုဇော်ကိုယ်တိုင် ကြော်လှော်သည်။ ထမင်းချက်ဆိုလျှင်လည်း သူတို့လင်မယား လက်မနှေးပေ။

ယောဒေသဟု ခေါ်ဆိုကြသည့် မကွေးတိုင်းအနောက်ခြမ်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ဆောမြို့နယ်နှင့် ကျောက်ထုမြို့နယ်ခွဲတို့တွင် တောင်ယာစပါးကိုသာ အဓိကထား၍ စိုက်ပျိုးကြပြီး ဆန်ဆီပေါများရာ ဒေသတခုဖြစ်သည့်အတွက် အဓိကလိုအပ်သည့် ဆန်က ပူပင်စရာမရှိဟု ဂုဏ်ယူဝင့်ကြွားစွာ ကိုဇော်ကဆိုသည်။

တိုက်ပွဲများနှင့် အနီးစပ်ဆုံးဒေသ၌ တည်ရှိနေသည့် ကိုဇော်တို့ရွာကလေးမှာ စစ်ကောင်စီတပ်၏ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခြင်းကို ခံထားရသည်။ စတားလင့်ဆိုင် ဆိုသည်မှာလည်း မရှိပေ။

ကိုဇော်တို့၏ အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ကျေးရွာလေးမှာ စစ်အာဏာမသိမ်းခင် အချိန်ကာလက အနီးစပ်ဆုံးမြို့ဖြစ်သည့် ပခုက္ကူနှင့် ကားလမ်းပေါက်၍ အစစအရာရာ အဆင်ပြေနေခဲ့သော်လည်း ယခုနှင့်ကား မတူတော့ချေ။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည့် အရာအားလုံး နောက်ကျနေပြီဖြစ်သည်။

“ဒါကြီးပြီးတဲ့အခါ အကုန်လုံးလည်း အေးဆေးပြီး ကျနော်တို့ရွာ လမ်းတွေကောင်း၊ လျှပ်စစ်မီးတွေရ၊ ကလေးတွေ ပညာသင်ဖို့ အခွင့်အလမ်းတွေ အများကြီး ပေါ်ပေါက်လာရင်ကို ကျေနပ်ရပါပြီ” ဟု ကိုဇော်က ဆိုလိုက်သည်။

(ကိုဇော်နှင့် မချိုသင်းတို့၏ နာမည်ရင်းများကို ၎င်းတို့၏ လုံခြုံရေးအရ မဖော်ပြခြင်း ဖြစ်ပါသည်။)

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’Ei Thandar Aung’ ရေးဖွဲ့တဲ့ “တော်လှန်ရေးဘက်တော်သား ဇနီးမောင်နှံ” ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …