Connect with us

Hi, what are you looking for?

Short Story

‘ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဥ်’

တနေ့က ဟိုတယ်တခုမှာ လာရောက်နေထိုင်သူ အမျိုးသမီးဟာ သေဆုံးနေသတဲ့။ ဟိုတယ်တာဝန်ရှိသူတွေက အခန်းအပ်ဖို့ရာ တံခါးခေါက်တယ်။ တုံ့ပြန်မှုမရှိတာကြောင့် သော့ပိုနဲ့ ဖွင့်ဝင်ကြတဲ့အခါ ကုတင်ပေါ်မှာ ကွေးကွေးလေး သေဆုံးနေတာကို တွေ့ရတော့တာပဲ။

◼️ရွယ်မိုး

တနေ့က ဟိုတယ်တခုမှာ လာရောက်နေထိုင်သူ အမျိုးသမီးဟာ သေဆုံးနေသတဲ့။ ဟိုတယ်တာဝန်ရှိသူတွေက အခန်းအပ်ဖို့ရာ တံခါးခေါက်တယ်။ တုံ့ပြန်မှုမရှိတာကြောင့် သော့ပိုနဲ့ ဖွင့်ဝင်ကြတဲ့အခါ ကုတင်ပေါ်မှာ ကွေးကွေးလေး သေဆုံးနေတာကို တွေ့ရတော့တာပဲ။

ဘယ်အရပ်က လာမှန်းလည်းမသိ ၊ ဘာပြဿနာတွေ ကြုံလာရလဲမသိ ၊ အဖော်မပါ တကိုယ်တည်း တနေရာမှာ တိတ်တိတ်လေး လဲပြိုသေဆုံးနေခဲ့တာ။ သူ့အိမ်က ထွက်လာတာလား။ ဒါမှမဟုတ် သူ့အိမ်ကို ပြန်နေတဲ့ လမ်းခရီးလား ဆိုတာ ကျွန်တော် မသိပါဘူး။ သူ့ကို ဘယ်သူတွေက သဂြိုလ်ပေးကြမှာလဲ။ သူ့နာရေးမှာရော ချစ်ခင်ရသူတွေက လိုက်ပါပို့ဆောင်ကြပါ့မလားဆိုတာတွေ တွေးမိပါတယ်။ နောက်ဆုံးတော့လည်း ပိုင်ရှင်မဲ့အလောင်း ဆိုပြီး နာရေးကူညီမှု့အသင်းက ပလတ်စတစနဲ့ပတ် သဂြိုလ်စက်ကို ပို့ရလိမ့်မယ်ပဲ ထင်ပါရဲ့လေ။ သူ တခြားအရပ်တခုခုမှာ တိတ်တိတ်လေး သေဆုံးနေခဲ့တာကို ဝမ်းပန်းတနည်း ငိုကြွေးမြည်တမ်းနေမယ့် တစုံတယောက်ရှိကောင်းပါရဲ့လေ။ သူ့ကို ချစ်တဲ့ တယောက်ယောက်သာ ရှိနေရင် သူ လူ့လောကထဲက ထွက်ခွာသွားရတာဟာ ကျေနပ်ဖွယ်ကောင်းမယ်ထင်ပါရဲ့။

ကျွန်တော်တို့က တယောက်နဲ့တယောက် မျက်နှာချင်း ဆိုင်နေကြပေမယ့် တီတီတာတာ ချစ်ခွန်းဖွဲ့သီ စကားလုံးတွေ ပွင့်ကျမလာတော့အောင်လို့ ဘယ်အရာတွေကများ ပိတ်ပင်တားဆီးနေသလဲမသိပါဘူး။ အတူတူရှိနေပေမယ့် ပါးစပ်က စကားမပြောဘဲ မက်ဆင်ဂျာထဲကနေ စာပို့နေကြတယ်။ အချစ်ရေ ကမ္ဘာကြီးထဲမှာလည်း ထရန့်က တမျိုး ရှီကျင်းပင်က တဖုံ၊ ခါ​မေနီ က တနည်း၊ ကင်မ်ဂျုံအန်က ဂဂျီဂဂျောင်နဲ့ ဘယ်ချိန်မှာများ ကမ္ဘာမီးလောင်မလဲတွေးပူနေရတယ်။ ပြောခွင့်ရှိတုန်း ပြောမယ် ခင့်ကို ချစ်တယ်နော် နဲ့ နောက်ဆုံးနေ့လို သဘောထားပြီး ချစ်ကြောင်း တဖွဖွပြောကြမယ့် ချစ်မေတ္တာဝေ နေ့လေးတရက် သတ်မှတ်စေချင်လိုက်တာ။ ကမ္ဘာကြီးမှာ မှီတင်းနေထိုင်သမျှလူသားအားလုံးရဲ့ ပါးစပ်တွေဟာ အဲ့နေ့တရက်မှာတော့ အမုန်းစကားမပြောရ၊ ချစ်ကြောင်းသာ ပြောပေးပါ ဆိုပြီး ခြိမ့်ခြိမ့်သဲ ကျင်းပကြရင် ဘယ်လောက်ကောင်းလိုက်လေမလဲပေါ့။

Public Service Announcement

Public Service Announcement

ထားပါတော့လေ။ ကြိုးကြာငှက်လေးတကောင်တော့ ပျံရင်းသန်းရင်း အတောင်တွေ ကျိုးကြေ ပြုတ်ကျ သေဆုံးခဲ့ရပြီ။ ကျ​နော်တို့ ဘဝတွေမှာရော ဘာထူးလဲ။ မိမိအိမ်ကို စွန့်ခွာပြီး ဂျပန်ဆိုတဲ့ နိုင်ငံကြီးက စားသောက်ဆိုင်တွေမှာ အလုပ် လုပ်ကြရတယ်။ စင်ကာပူလို နိုင်ငံကြီးမှာ အိမ်အကူ လုပ်ကြရတယ်။ တလောကဆို အိုမန်နိုင်ငံက မြန်မာအိမ်အကူ မိန်းကလေးတဦးဟာ အလုပ်ပင်ပန်းလွန်းလို့ အကိုက်အခဲပျောက်ဆေးတွေ အသောက်များပြီး ကိုမာဝင် သတိလစ် သေဆုံးသတဲ့။ ကြိုးကြာငှက်ကလေးတယောက် အိမ်ကို ငွေထုပ်သေးသေးလေးပိုက်ပြီး ပြန်ဖို့ကြိုးစားနေရင်း လမ်းခုလတ်မှာ သေဆုံးခဲ့ရပြန်ပေါ့။

မိမိအရပ်ကို စွန့်ခွာပြီး တခြားဒေသတွေမှာ စစ်ဝင်တိုက်နေကြရတဲ့ ရဲဘော်တွေ ကျဆုံးခဲ့လို့ရှိရင်လည်း အိမ်ပြန်မသယ်နိုင်တာများပါတယ်။ လေးပေခြောက်ပေ ကျင်းလေး တူး အလံအုပ်ထည့်ပြီး သင်သွားလိုရာသွားနိုင်ပြီနဲ့ နှုတ်ဆက်လိုက်ကြရတော့တာ။

“ကျ​နော်တို့က ကိုယ့်ဒေသမှာဘဲ နေချင် စစ်တိုက်ချင်တာတဲ့”

အဲ့လိုပြောလာတဲ့ ရဲဘော်တိုင်းကို ကျ​နော်က အင်မတန် ဆုံးမချင်တတ်တဲ့ လူတတ်ကြီးစိတ်နဲ့ ချေချွတ်နေခဲ့တာများ စစ်သဘောအရ ကျ​နော် မှန်ပါတယ်ပေါ့ ။ ငါတို့ဟာ အထိုင်တပ်တွေ ဖြစ်လို့မရသေးဘူး။ တခြားဒေသတွေမှာလည်း သွားကူတိုက်ပြီး အတွေ့အကြုံတွေကြွယ်ဝလာ လက်နက်တွေရလာမှ ငါတို့ဒေသကို ငါတ်ို့ပြန်​ခြေချနိုင်မယ်ပေါ့။

ကျ​နော်က ဖိပြောတဲ့အခါ ရဲဘော်တွေက မတုံ့ပြန်သာဘဲ ငြိမ်ခံရတော့တာပဲ။ ကျွန်တော့်လိုမှ စကားလိပ်ပတ်လည်အောင် မပြောတတ်ကြသူများတာကိုး။

အဲ့လိုနဲ့ ကြိုးကြာလေးတွေ အိမ်ဆိုတဲ့ ဇာတိပုညကို စွန့်ခွာ မာန်မာနတွေ ချိုးနှိမ်ထားပြီး အုပ်ဖွဲ့ကာ တခြားဒေသတွေဆီ ပျံသန်းကြလိုက်တာများ တအုပ်တမကြီးပါပဲ။

သည်တအုပ်တမသော ကြိုးကြာအုပ်ကြီးကို အိမ်အပြန်လမ်းမှာ တကောင်တလေမျှ ကျန်ရစ်မနေစေချင်တာလည်း ကျ​နော့်ဆန္ဒပါ။

ကျ​နော်တို့အတူ အိမ်ပြန်ရောက်နိုင်ကြရမယ်မို့လား။ ကျ​နော်တို့ မသေချင်တဲ့အရပ်က မြေကြီးထဲမှာ လဲလျောင်းမနေချင်ကြဘူးမို့လား။

မိုင်ထောင်ချီ ခရီးစဥ်ကြီးမှာ နှလုံးသားတွေ ဝေးကွာလေ မချစ်ကြတော့လေ အထီးတည်း လမ်းပျောက်ရင်း ကျန်ရစ်ဖြစ်လေ ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့စုစည်းညီညွတ်မှု ပျက်ပြားနေတာမျိုး မဖြစ်လိုပါဘူး။

နှလုံးသားတွေ နီးကြရမယ်။ ရင်ဘတ်ချင်း ဂျပ်ပင်ထိုးကြရမယ်။ ပြည်ပမှာ အတူတူပျံသန်းနေကြရင်း ဟဲ့ကောင်မ နင့် ကျန်းမာရေးဂရုစိုက်ဦး သေသွားရင် ငါ့အကြွေးတွေ အဆုံးမခံနိုင်ဘူးဆိုတဲ့ ခပ်ကြမ်းကြမ်းစကားလုံးတွေကလည်း ချစ်ကြောင်း ဂရုစိုက်ခြင်းတမျိုးပါပဲ။

ဘယ်လိုအပြုအမူ ဘယ်လိုစကားလုံးဖြစ်စေ ကြမ်းတမ်းနေရင်တောင်မှ ငါ့ကို ဂရုစိုက်ပါလား အလေးထားပါလားဆိုတဲ့ ခံစားသိလေး ဝင်အောင် ပြောကြည့်ကြပါလားလေ။ အတောင်ပံတွေ အားသစ်လောင်းပါလိမ့်မယ်။

ကျ​နော်တို့က စစ်သားဆိုတော့ နည်းနည်းကြမ်းတယ် မအေယိုးရေ မင်းဆုတ်တော့ ငါကာပစ်ထားမယ်လို့ ဆဲနေတာကလည်း ချစ်ကြောင်းဖော်ပြတာပဲလေ။

သည်လိုနဲ့ မိုင်ထောင်ချီတွေဟာ အဆုံးသတ်လို့ အိမ်ပြန်ရောက်ကြစေချင်ပါတယ်။ မကွဲမကွာ မသေမပျောက်ပဲပေါ့လေ။ နောက်ပြီး ချစ်ခြင်းတွေ ခိုင်မြဲလာရင်းပေါ့နော့ ။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ရွယ်မိုး’ ရဲ့ “ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဥ်” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...