Connect with us

Hi, what are you looking for?

Short Story

‘ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဥ်’

တနေ့က ဟိုတယ်တခုမှာ လာရောက်နေထိုင်သူ အမျိုးသမီးဟာ သေဆုံးနေသတဲ့။ ဟိုတယ်တာဝန်ရှိသူတွေက အခန်းအပ်ဖို့ရာ တံခါးခေါက်တယ်။ တုံ့ပြန်မှုမရှိတာကြောင့် သော့ပိုနဲ့ ဖွင့်ဝင်ကြတဲ့အခါ ကုတင်ပေါ်မှာ ကွေးကွေးလေး သေဆုံးနေတာကို တွေ့ရတော့တာပဲ။

◼️ရွယ်မိုး

တနေ့က ဟိုတယ်တခုမှာ လာရောက်နေထိုင်သူ အမျိုးသမီးဟာ သေဆုံးနေသတဲ့။ ဟိုတယ်တာဝန်ရှိသူတွေက အခန်းအပ်ဖို့ရာ တံခါးခေါက်တယ်။ တုံ့ပြန်မှုမရှိတာကြောင့် သော့ပိုနဲ့ ဖွင့်ဝင်ကြတဲ့အခါ ကုတင်ပေါ်မှာ ကွေးကွေးလေး သေဆုံးနေတာကို တွေ့ရတော့တာပဲ။

ဘယ်အရပ်က လာမှန်းလည်းမသိ ၊ ဘာပြဿနာတွေ ကြုံလာရလဲမသိ ၊ အဖော်မပါ တကိုယ်တည်း တနေရာမှာ တိတ်တိတ်လေး လဲပြိုသေဆုံးနေခဲ့တာ။ သူ့အိမ်က ထွက်လာတာလား။ ဒါမှမဟုတ် သူ့အိမ်ကို ပြန်နေတဲ့ လမ်းခရီးလား ဆိုတာ ကျွန်တော် မသိပါဘူး။ သူ့ကို ဘယ်သူတွေက သဂြိုလ်ပေးကြမှာလဲ။ သူ့နာရေးမှာရော ချစ်ခင်ရသူတွေက လိုက်ပါပို့ဆောင်ကြပါ့မလားဆိုတာတွေ တွေးမိပါတယ်။ နောက်ဆုံးတော့လည်း ပိုင်ရှင်မဲ့အလောင်း ဆိုပြီး နာရေးကူညီမှု့အသင်းက ပလတ်စတစနဲ့ပတ် သဂြိုလ်စက်ကို ပို့ရလိမ့်မယ်ပဲ ထင်ပါရဲ့လေ။ သူ တခြားအရပ်တခုခုမှာ တိတ်တိတ်လေး သေဆုံးနေခဲ့တာကို ဝမ်းပန်းတနည်း ငိုကြွေးမြည်တမ်းနေမယ့် တစုံတယောက်ရှိကောင်းပါရဲ့လေ။ သူ့ကို ချစ်တဲ့ တယောက်ယောက်သာ ရှိနေရင် သူ လူ့လောကထဲက ထွက်ခွာသွားရတာဟာ ကျေနပ်ဖွယ်ကောင်းမယ်ထင်ပါရဲ့။

ကျွန်တော်တို့က တယောက်နဲ့တယောက် မျက်နှာချင်း ဆိုင်နေကြပေမယ့် တီတီတာတာ ချစ်ခွန်းဖွဲ့သီ စကားလုံးတွေ ပွင့်ကျမလာတော့အောင်လို့ ဘယ်အရာတွေကများ ပိတ်ပင်တားဆီးနေသလဲမသိပါဘူး။ အတူတူရှိနေပေမယ့် ပါးစပ်က စကားမပြောဘဲ မက်ဆင်ဂျာထဲကနေ စာပို့နေကြတယ်။ အချစ်ရေ ကမ္ဘာကြီးထဲမှာလည်း ထရန့်က တမျိုး ရှီကျင်းပင်က တဖုံ၊ ခါ​မေနီ က တနည်း၊ ကင်မ်ဂျုံအန်က ဂဂျီဂဂျောင်နဲ့ ဘယ်ချိန်မှာများ ကမ္ဘာမီးလောင်မလဲတွေးပူနေရတယ်။ ပြောခွင့်ရှိတုန်း ပြောမယ် ခင့်ကို ချစ်တယ်နော် နဲ့ နောက်ဆုံးနေ့လို သဘောထားပြီး ချစ်ကြောင်း တဖွဖွပြောကြမယ့် ချစ်မေတ္တာဝေ နေ့လေးတရက် သတ်မှတ်စေချင်လိုက်တာ။ ကမ္ဘာကြီးမှာ မှီတင်းနေထိုင်သမျှလူသားအားလုံးရဲ့ ပါးစပ်တွေဟာ အဲ့နေ့တရက်မှာတော့ အမုန်းစကားမပြောရ၊ ချစ်ကြောင်းသာ ပြောပေးပါ ဆိုပြီး ခြိမ့်ခြိမ့်သဲ ကျင်းပကြရင် ဘယ်လောက်ကောင်းလိုက်လေမလဲပေါ့။

Public Service Announcement

Public Service Announcement

ထားပါတော့လေ။ ကြိုးကြာငှက်လေးတကောင်တော့ ပျံရင်းသန်းရင်း အတောင်တွေ ကျိုးကြေ ပြုတ်ကျ သေဆုံးခဲ့ရပြီ။ ကျ​နော်တို့ ဘဝတွေမှာရော ဘာထူးလဲ။ မိမိအိမ်ကို စွန့်ခွာပြီး ဂျပန်ဆိုတဲ့ နိုင်ငံကြီးက စားသောက်ဆိုင်တွေမှာ အလုပ် လုပ်ကြရတယ်။ စင်ကာပူလို နိုင်ငံကြီးမှာ အိမ်အကူ လုပ်ကြရတယ်။ တလောကဆို အိုမန်နိုင်ငံက မြန်မာအိမ်အကူ မိန်းကလေးတဦးဟာ အလုပ်ပင်ပန်းလွန်းလို့ အကိုက်အခဲပျောက်ဆေးတွေ အသောက်များပြီး ကိုမာဝင် သတိလစ် သေဆုံးသတဲ့။ ကြိုးကြာငှက်ကလေးတယောက် အိမ်ကို ငွေထုပ်သေးသေးလေးပိုက်ပြီး ပြန်ဖို့ကြိုးစားနေရင်း လမ်းခုလတ်မှာ သေဆုံးခဲ့ရပြန်ပေါ့။

မိမိအရပ်ကို စွန့်ခွာပြီး တခြားဒေသတွေမှာ စစ်ဝင်တိုက်နေကြရတဲ့ ရဲဘော်တွေ ကျဆုံးခဲ့လို့ရှိရင်လည်း အိမ်ပြန်မသယ်နိုင်တာများပါတယ်။ လေးပေခြောက်ပေ ကျင်းလေး တူး အလံအုပ်ထည့်ပြီး သင်သွားလိုရာသွားနိုင်ပြီနဲ့ နှုတ်ဆက်လိုက်ကြရတော့တာ။

“ကျ​နော်တို့က ကိုယ့်ဒေသမှာဘဲ နေချင် စစ်တိုက်ချင်တာတဲ့”

အဲ့လိုပြောလာတဲ့ ရဲဘော်တိုင်းကို ကျ​နော်က အင်မတန် ဆုံးမချင်တတ်တဲ့ လူတတ်ကြီးစိတ်နဲ့ ချေချွတ်နေခဲ့တာများ စစ်သဘောအရ ကျ​နော် မှန်ပါတယ်ပေါ့ ။ ငါတို့ဟာ အထိုင်တပ်တွေ ဖြစ်လို့မရသေးဘူး။ တခြားဒေသတွေမှာလည်း သွားကူတိုက်ပြီး အတွေ့အကြုံတွေကြွယ်ဝလာ လက်နက်တွေရလာမှ ငါတို့ဒေသကို ငါတ်ို့ပြန်​ခြေချနိုင်မယ်ပေါ့။

ကျ​နော်က ဖိပြောတဲ့အခါ ရဲဘော်တွေက မတုံ့ပြန်သာဘဲ ငြိမ်ခံရတော့တာပဲ။ ကျွန်တော့်လိုမှ စကားလိပ်ပတ်လည်အောင် မပြောတတ်ကြသူများတာကိုး။

အဲ့လိုနဲ့ ကြိုးကြာလေးတွေ အိမ်ဆိုတဲ့ ဇာတိပုညကို စွန့်ခွာ မာန်မာနတွေ ချိုးနှိမ်ထားပြီး အုပ်ဖွဲ့ကာ တခြားဒေသတွေဆီ ပျံသန်းကြလိုက်တာများ တအုပ်တမကြီးပါပဲ။

သည်တအုပ်တမသော ကြိုးကြာအုပ်ကြီးကို အိမ်အပြန်လမ်းမှာ တကောင်တလေမျှ ကျန်ရစ်မနေစေချင်တာလည်း ကျ​နော့်ဆန္ဒပါ။

ကျ​နော်တို့အတူ အိမ်ပြန်ရောက်နိုင်ကြရမယ်မို့လား။ ကျ​နော်တို့ မသေချင်တဲ့အရပ်က မြေကြီးထဲမှာ လဲလျောင်းမနေချင်ကြဘူးမို့လား။

မိုင်ထောင်ချီ ခရီးစဥ်ကြီးမှာ နှလုံးသားတွေ ဝေးကွာလေ မချစ်ကြတော့လေ အထီးတည်း လမ်းပျောက်ရင်း ကျန်ရစ်ဖြစ်လေ ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့စုစည်းညီညွတ်မှု ပျက်ပြားနေတာမျိုး မဖြစ်လိုပါဘူး။

နှလုံးသားတွေ နီးကြရမယ်။ ရင်ဘတ်ချင်း ဂျပ်ပင်ထိုးကြရမယ်။ ပြည်ပမှာ အတူတူပျံသန်းနေကြရင်း ဟဲ့ကောင်မ နင့် ကျန်းမာရေးဂရုစိုက်ဦး သေသွားရင် ငါ့အကြွေးတွေ အဆုံးမခံနိုင်ဘူးဆိုတဲ့ ခပ်ကြမ်းကြမ်းစကားလုံးတွေကလည်း ချစ်ကြောင်း ဂရုစိုက်ခြင်းတမျိုးပါပဲ။

ဘယ်လိုအပြုအမူ ဘယ်လိုစကားလုံးဖြစ်စေ ကြမ်းတမ်းနေရင်တောင်မှ ငါ့ကို ဂရုစိုက်ပါလား အလေးထားပါလားဆိုတဲ့ ခံစားသိလေး ဝင်အောင် ပြောကြည့်ကြပါလားလေ။ အတောင်ပံတွေ အားသစ်လောင်းပါလိမ့်မယ်။

ကျ​နော်တို့က စစ်သားဆိုတော့ နည်းနည်းကြမ်းတယ် မအေယိုးရေ မင်းဆုတ်တော့ ငါကာပစ်ထားမယ်လို့ ဆဲနေတာကလည်း ချစ်ကြောင်းဖော်ပြတာပဲလေ။

သည်လိုနဲ့ မိုင်ထောင်ချီတွေဟာ အဆုံးသတ်လို့ အိမ်ပြန်ရောက်ကြစေချင်ပါတယ်။ မကွဲမကွာ မသေမပျောက်ပဲပေါ့လေ။ နောက်ပြီး ချစ်ခြင်းတွေ ခိုင်မြဲလာရင်းပေါ့နော့ ။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ရွယ်မိုး’ ရဲ့ “ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဥ်” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...