Connect with us

Hi, what are you looking for?

Short Story

‘ဝတ္ထု ဇာတ်လမ်း မဟုတ်ပါ’

◼️ ရဲသူအောင်

(၁)

အန်တီရွှေသည် စတီးဇလုံကြီးထဲက အရွယ်တော် တုံးထားသည့် ကြက်သားတုံးတွေထဲ ဒိန်ချဥ်၊ ချင်း (ဂျင်း) ကြက်သွန်ဖြူထောင်း နှင့် ခပ်နုပ်နုပ်စင်းထားသည့် ပူစီနံရွက်တို့ကို ထည့်လိုက်သည်။ ထို့နောက် ကြက်သွန်နီကြော်နှင့် အရသာမှုန့်တို့ကို ၁ချိန်ဆ၍ ထည့်၏။ ပြီးလျှင် လက်အိတ်စွပ်ပြီး ကြက်သားတုံးတွေထဲ အရသာဝင်အောင် ပယ်ပယ်နယ်နယ် ရောနယ်လိုက်တော့သည်။ အရသာကောင်းကောင်းဝင်မှ ကြက်သားနှပ်က စားကောင်းမည်။ စိတ်ကျေနပ်လောက်အောင် နယ်နှပ်ပြီးချိန် ပလတ်စတစ်လက်အိတ်တွေကို ချွတ်ရင်း အန်တီရွှေ ပြုံးမိ၏။

“ဒီကမ္ဘာမှာ မေကြီးချက်တဲ့ ကြက်သားဒံပေါက်က အရသာအရှိဆုံးပဲ”

Public Service Announcement

Public Service Announcement

ပိုပိုသာသာ ချီးမွမ်းစကားဆိုပေမယ့် ကြားလိုက်ရတဲ့ အခိုက်အတန့်တိုင်းမှာ အရည်ပျော်ပြီး ကျေနပ်ကြည်နူးရသည်ပဲလေ။ ဖေကြီးသာ ရှိနေသေးရင် ကြက်သားနှပ်နေသည့် မိမိကို ပြုံးပြုံးကြီး ကြည့်ငေးနေပေလိမ့်မည်။

“မေကြီးက သိပ်ကို အိမ်ထောင်ရှင်မပီသတဲ့ ဇနီးကောင်းပါ။ အဲဒီအတွက် တကယ့်ကို ကျေးဇူးတင်တယ်”

အိမ်ထောင်ဦးကတည်းက စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်းဆိုသလို စုစုဆောင်းဆောင်း နေတတ်သူ၊

အိမ်ဦးနတ်နှင့် ရင်နှစ်သည်းချာ သားကလေးအတွက် မီးဖိုခန်းထဲ ချွေးတလုံးလုံးကျသည်အထိ ချက်ပြုတ်စီမံတတ်သူ အန်တီရွှေကို ခင်ပွန်းသည် ကိုစိန်လှက သည်လိုပင် ချီးမွမ်းတတ်သည်။ ဘဝတခုလုံး သက်လုံးပုံပြီး အားကိုးတွယ်တာခဲ့ရသည့် ခင်ပွန်းကောင်းကြီးက အန်တီရွှေတို့သားအမိကို လောကကြီးထဲ စိတ်ချလက်ချ ထားရစ်ခဲ့တာ ဒီနေ့ဆို သုံးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီကော။

သုံးနှစ်ပြည့်သည့်နေ့မှာ ကိုစိန်လှကို ရည်စူးကာ မြို့လယ်ဘုန်းကြီးကျောင်းသွား၍ ကြက်သားဒံပေါက်ဆွမ်း ကပ်လှူမည်။ ဘဝတပါးသို့ ရောက်ရှိကောင်း ရောက်ရှိနေမည် ဖြစ်သော်လည်း ခင်ပွန်းသည် ကိုစိန်လှနာမည်ကို ခေါ်ဆိုပြီး အမျှအတန်း ပေးဝေမည်။

အိမ်နီးနားချင်းတချို့ဆီ ဒံပေါက်ဘူးတွေ ပေးဝေပြီး ကုသိုလ်ပြုမည်။ သည်နေ့အတွက် ကြက်သားဒံပေါက်ချက်ရသည်က အကြောင်းရှိ၏။ ကြက်သားဒံပေါက်က ကိုစိန်လှအကြိုက်ဆုံး အစားအသောက် တခုပဲ မဟုတ်လား။

(၂)

မီးဖိုထဲ ထင်းခြောက်သုံးချောင်းကို ထိုးထည့်ပြီး မီးအားကောင်းအောင် လုပ်သည်။ လက်နှီးစုတ်ဖြင့် ဒန်အိုးအဖုံးကို အသာလှပ်၏။ ရေနွေးက ဆူလုပြီ။ ဆန်ခပ်ဖို့ ပြင်ရတော့မည်။

“ညကျရင်တော့ ညဆိုင်း ဝင်အုံးမယ်နော် အမေ”

ဆန်တောင်းကို ကိုင်ထားလျက်က သားဖြစ်သူ မောင်နေချစ်ကို အန်တီရွှေ လှည့်ကြည့်မိသည်။ နုနယ်သော သား၏ မျက်နှာကလေးက ကြည်လင်နေသည်။

“ဒီရက်လေးတော့ နားလိုက်ပါလား သားရယ်”

အမေ့စကားကြောင့် သားက မျက်မှောင်ကြုတ်၏။

“မနားချင်ပါဘူး အမေရာ။ သားကဖြင့် နေ့ဆိုင်းထဲက စဆင်းချင်တာ။ အမေ ပြောမှာစိုးလို့”

လူမမယ် လူငယ်လေးဆိုပေမယ့် သားက လိမ္မာသည်။ ကိုဗစ်ဘေးရော စစ်ဘေးပါ ဆက်တိုက်ကြုံရလေတော့ ကျောင်းပညာကို ဖြစ်ဖြစ်မြောက်မြောက် သင်ခွင့်မရ။ ပန်းရန်ဆရာကြီးထံမှာ လက်သင်တပည့်လုပ်ပြီး ပညာသင်ယူသည်။ ချွေးနှင့် ရင်းပြီး ရသည့် နေ့စားခလေးတွေကို အမေ့ထံ တကျပ်မကျန် အပ်နှံသည်။ တခြားလူငယ်တွေလို မဟုတ်ဘဲ အသောက်အစားကင်းသည်။ ငွေကုန်တတ်သည့် လောင်းကစားကိစ္စတွေမှာလည်း ဝါသနာမပါ။

သားဘဝမှာ အမေ့အပေါ် မှတ်မှတ်ရရ တောင်းဆိုဖူးတာဆိုလို့ တကြိမ်သာ ရှိ၏။ “ထိုင်းကို သွားပြီး အလုပ်လုပ်ချင်တယ်” တဲ့။ သားကဖြင့် လူလားမြောက်တဲ့ အရွယ်မှ မဟုတ်သေးတာ။ အမေက ဘယ့်နှယ် လွှတ်ရက်နိုင်မှာလဲ။

“သူများတွေလည်း ဒီလိုပဲ သွားနေကြတာပဲ။ သား ဘာကြောင့် နိုင်ငံခြားထွက်ချင်တယ်ဆိုတာ အမေလည်း သိနေတာပဲကို”

တကယ်တော့ သားစိတ်ကူးဆန္ဒကို အန်တီရွှေ မသိ၍ မဟုတ်။ သားက အန်တီရွှေ့ကို အလုပ်မလုပ်ဘဲ နားစေချင်သည်။ အန်တီရွှေက ဟင်းချက်လက်ရာကောင်းသူမို့ ရပ်ထဲရွာထဲ အလှူ၊ မင်္ဂလာပွဲရှိလျှင် အချက်အပြုတ် ငှားကြသည်။ စေတနာပါပြီး အရသာရှိအောင် ချက်ပြုတ်ပေးသူဆိုတော့ အန်တီရွှေ့အလုပ်က လက်မလည်ပါ။

ပြောရလျှင် ရပ်ကွက်ထဲတွင် “ဒေါ်ရတီရွှေ”ဟု မေးလျှင် ဘယ်သူမှ သိကြမည် မဟုတ်။ ထမင်းချက်သည့် “အန်တီရွှေ”ဟုဆိုလျှင် လူတိုင်းက သိကြသည်။ သည်အလုပ်က ရသည့်ငွေကို ခြစ်ခြုတ်စုဆောင်းပြီး သားအမိနှစ်ယောက် လောက်ငအောင် သုံးစွဲကြ၏။

သားက အမြဲတစေ ချွေးတလုံးလုံးနှင့် ချက်ပြုတ်နေတတ်သည့် အန်တီရွှေ့ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ပုံရသည်။ ထိုင်းကို သွားပြီး အလုပ်လုပ်ခွင့်ပေးဖို့ကိုသာ တွင်တွင်ပူဆာတတ်သည်။ ရပ်ကွက်ထဲက လူငယ်တချို့ ထိုင်းဖက် သွားရောက်အလုပ်လုပ်ပြီး အိမ်ကို ငွေပြန်ပို့နေကြသည့်အကြောင်းတွေကို အားကျတာလည်း ပါမည်။ သူ့သူငယ်ချင်းတချို့ ထိုင်းဖက်ဆီ အောက်လမ်းကနေ အရောက်သွားပြီး အလုပ်လုပ်နေကြသည်ကိုလည်း သူ သိနေသည်ပဲ။

ပြောဖန်များလာတော့ သားကို တဖက်လှည့်နှင့် နှစ်သိမ့်ထားရသည်။ သားအသက် ဆယ့်ရှစ်နှစ်ပြည့်ပြီးနောက်မှာ စိတ်ဆန္ဒရှိသည့်အတိုင်း သွားခွင့်ပေးမည်ဟု ကတိပေးလိုက်၏။

“အမေ့ကို ကောင်းကောင်းနေ၊ ကောင်းကောင်းစားစေချင်လို့ပါ အမေရ”

ဒါကိုလည်း အန်တီရွှေ မသိ၍ မဟုတ်။ အမေတခု သားတခုဘဝမှာ သည်အမေကို အသည်းပေါက်လုမတတ် ချစ်ခင်တွယ်တာသည်ကိုလည်း သိပါ၏။

ခုလည်း ကြည့်။ ဖအေကွယ်လွန်သည့် သုံးနှစ်ပြည့်နေ့မှာ ပန်းရန်ဆင်းချင်သေးသတဲ့။ နောက်နှစ်ထဲ နိုင်ငံခြားထွက်ဖို့ ကြိတ်ပြီး ငွေစုနေသည်ကို အန်တီရွှေ သိသည်။ တကယ်တော့ နိုင်ငံခြားထွက်ဖို့ အရင်းအနှီးအဖြစ် ထုတ်ပေးနိုင်သည့် ငွေက အန်တီရွှေ့ဆီမှာ ရှိသည်ပင်။ သားကို နိုင်ငံရပ်ခြား မလွှတ်တာက ငွေကြောင့် မဟုတ်။ ငယ်ရွယ်လွန်းသည့် သားကလေးကို စိတ်မချနိုင်သည်က အဓိက အကြောင်းအရင်းပင်။

“ညဆိုင်း ဆင်းမယ်နော် အမေ။ ပြီးတော့ စောစောပြန်လာမယ်”

“အင်းကွယ်။ အလုပ်ပြီးတာနဲ့ အိမ်တန်းပြန်ခဲ့”

အမေဆီက ခွင့်ပြုချက်ရပြီမို့ ချက်ချင်းဆိုသလို သားမျက်နှာမှာ အပြုံးတွေ ပြည့်လျှံသွား၏။အန်တီရွှေမှာတော့ ထမင်းအိုးကို ယောက်မဖြင့် မွှေရင်းက သက်ပြင်းကို ချမိသည်။

(၃)

“အမေ့ သားလက်စွပ်လေး တွေ့သေးလား”

“တွေ့ပါတော်။ တွေ့ကရာနေရာ ချွတ်ထားလို့ အံဆွဲထဲမှာ သိမ်းပေးထားတယ်”

“ရေမချိုးခင်က ချွတ်ပြီး ပြန်ရှာမတွေ့တော့တာ”

သားက သူ့အပြစ်နှင့်သူမို့ ရှက်ပြုံးဖြင့် ပြော၏။ တကယ်တော့ လက်စွပ်က သွားလေသူ ကိုစိန်လှ၏ လက်စွပ် ဖြစ်သည်။ ငွေကြေးအားဖြင့် တန်ဖိုးမကြီးမားသည့် ငွေထည်လက်စွပ်လေးက ရှေးလက်ရာမို့ လှပသည်။ ပြီးခဲ့သည့်နှစ်ကမှ သား ပူဆာသဖြင့် ထုတ်ပေးလိုက်သည်။ ခင်ပွန်းသည်၏ အောက်မေ့ဖွယ် အမှတ်တရပစ္စည်းလေးမို့ မပျောက်မရှအောင် ဂရုစိုက်ဖို့ တဖွဖွ မှာရ၏။

“အဲဒါဆို သား သွားတော့မယ်နော် အမေ”

“ထမင်းရော စားပြီးပြီလား။ မစားဘဲ မသွားနဲ့ဦး”

“စားပြီးပါပြီ အမေရ။ ဒီနေ့ စားကောင်းလွန်းလို့ ဗိုက်တောင် ကားတယ်”

“ဟုတ်ပါပြီတော်။ အလုပ်ပြီးတာနဲ့ အိမ်တန်းပြန်ခဲ့။ ရပ်ကွက်ထဲ လျှောက်လည်မနေနဲ့။ ခေတ်က ကောင်းတာ မဟုတ်ဘူး”

သားက ပြုံးစစနှင့် အမေ့ဘေးကို ကပ်ထိုင်လိုက်သည်။ ပြီးတော့ အမေ့ကို သိုင်းဖက်ရင်း ညာဖက်ပါးကို ရွှတ်ခနဲ နမ်းလိုက်သည်။

“အိုတော် ဒီကလေးဟာ မကြီးမငယ်နဲ့”

အန်တီရွှေက အဲဒီလို ပြောတော့ သားက တဟားဟား အော်ရယ်၏။ “အမေပြောတော့ ငယ်သေးလို့ နိုင်ငံခြား မလွှတ်တာဆို” ဟုဆိုကာ ချေပသေးသည်။ ထို့နောက် အလုပ်သွားတိုင်း ယူသွားသည့် လွယ်အိတ်ဟောင်းကို ကောက်လွယ်ပြီး ဆိုင်ကယ်နှင့် ထွက်သွားတော့သည်။

အန်တီရွှေသည် မနက်ခင်းဆီက ခင်ပွန်းသည်အတွက် ရည်စူးပြီး ပြုခဲ့သည့် အလှူကုသိုလ်အကြောင်း ပြန်ပြောင်းတွေးကြည့်ရင်း ကျေနပ်ကြည်နူးစွာ ပြုံးမိသည်။ နေဝင်ဖျိုးဖျ မိုးချုပ်စမို့ ဝန်းကျင်တွင် အမှောင်ရိပ်တို့ ကြီးစိုးဝင်ရောက်စ ပြုလေပြီ။

(၄)

လမ်းပေါ်ဝယ် လူတို့သည် ဆောက်တည်ရာမရဘဲ ပြေးလွှားနေကြသည်။ တချို့က “ဂျက်သံဟေ့ ဂျက်သံ” ဆိုပြီး အော်ဟစ်ကြ၏။ သူတို့ပြောသည့် “ဂျက်သံ”ဆိုသည်က မြို့ကလေးဆီ မကြာခဏ လာရောက်တတ်သည့် ဗုံးကျဲလေယာဥ်ကို ဆိုလိုမှန်း အားလုံးက သိကြသည်။

အန်တီရွှေလည်း တွေဝေမနေအားဘဲ စားပွဲအောက်သို့ အပြေးဝင်ပုန်းလိုက်သည်။ သိပ်မကြာလိုက်ပေ။ လူသံဆူသံတွေကြားထဲမှာ အုန်းခနဲ မြည်သံကြီးကို ကျယ်လောင်စွာ ကြားလိုက်ရ၏။

မဟာပထဝီမြေကြီးသည် သိမ့်သိမ့်တုန်သွား၏။ အိမ်တွေဆီကနေ တံခါးပွင့်သံများ ကျွတ်ကျွတ်ညံ ကြားရသည်။ တံခါးမှန်များ ကွဲသည့်အသံကလည်း တရစပ်။ လန့်ထိတ်စွာ အော်ဟစ်သံတို့သည် ကမ္ဘာပျက်သည့်နှယ်။

ကြားလိုက်ရသည့် အသံအနေအထားအရ ဗုံးပေါက်ကွဲရာနေရာသည် ဝေးဝေးမဖြစ်နိုင်။ အနီးအနားတဝိုက်တွင်သာ ဖြစ်လိမ့်မည်။ ဘယ်အိမ်တွေ ထိပြီး ဘယ်သူတွေ သေကြေကုန်ပြီ မသိ။

အန်တီရွှေသည် ကြောက်ရွံ့စိတ်ဖြင့် ရင်တလှပ်လှပ် တုန်နေဆဲအချိန်တွင် သားကို သတိရသည်။ သားကလေး ဘေးမှ ကင်းရဲ့လား။ အမေအပေါ် သိတတ်လိမ္မာသည့် သားကလေးမို့ ဘေးကင်းမှာပဲလို့ ယုံကြည်မိသည်။ သို့ပါလျက် “သားကလေး ဘေးကင်းပါစေ”ဟုလည်း နှုတ်ကနေ တဖွဖွ ဆုတောင်းမိ၏။

“နောက်တခေါက် လာပြီနော်။ နောက်တခေါက်”

ရပ်ကွက်သားတို့သည် ဗုံးကျဲလေယာဥ်တို့၏ သဘာဝကို အတွေ့အကြုံအရ သိနားလည်ကြ၏။ သည်တော့ တည့်တည့်ကျလျှင် အသက်နှင့် ခန္ဓာ အိုးစားကွဲရမည်မှန်း သိပင်သိငြား လုံခြုံမည်ဟု ထင်ရသည့် အမိုးအကာအောက်သို့ သွေးရူးသွေးတန်း ပြေးဝင်ခိုလှုံကြသည်။

အန်တီရွှေတို့အိမ်က ရပ်ကွက်အစွန်မှာမို့ အိမ်နောက်ဖေးတွင် လယ်ကွင်းပြင်သာ ရှိ၏။ တဖြည်းဖြည်းနီးလာသော ဂျက်လေယာဥ်စက်သံကို စိတ်က ခံစားမိသည်။ အိမ်ကြမ်းပြင်ပေါ်က

လက်နှိပ်ဓာတ်မီးကို ကောက်ယူပြီး လှေကားကနေ ကသောကမျော ပြေးဆင်းသည်။ လယ်ကွင်းကို ဖြတ်ကာ အိမ်နှင့် ဝေးနိုင်သမျှ အဝေးဆုံးရောက်အောင် ပြေးမည်။ ဒီလိုဆိုရင် ဗုံးဒဏ်မှ လွတ်ကောင်း လွတ်လိမ့်မည်။

နောက်ဖေးတံခါး ရောက်လုချိန်မှာ အိမ်ရှေ့ဆီက ဆိုင်ကယ်စက်သံကို ကြားလိုက်ရတော့ အန်တီရွှေ့ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားသည်။ ပြီးတော့ အိမ်ရှေ့ဝင်းတံခါးဆီ ထိုးကျလာသော ဆိုင်ကယ်မီးရောင်။

အကြိမ်ကြိမ်ယဥ်ပါးနေသည့် ဆိုင်ကယ်စက်သံကို ချက်ချင်း မှတ်မိ၏။ ဒါ သားရဲ့ ဆိုင်ကယ်ပဲ။ မင်သက်မိသလို ကြည့်နေမိစဥ်မှာ အိမ်ခြံတံခါးကို တွန်းဖွင့်ဖို့ ကြိုးစားနေသည့် လူရိပ်တခုကို ဝိုးတဝါး လှမ်းမြင်ရသည်။

ထိုအခိုက်အတန့်မှာပဲ အုန်းခနဲ မြည်ဟီးသံကြီးနှင့်အတူ အန်တီ့ရွှေခန္ဓာကိုယ်ကြီးသည် လေထုထဲသို့ လွင့်ဝဲကာ မြေပြင်ဆီ ဘုတ်ခနဲ ပြန်ကျသွား၏။ မြေကြီးနှင့် ကိုင်ရိုက်ခံရသလို ဖြစ်သွားသည့်တိုင် အန်တီရွှေသည် နာကျင်မှုကို မခံစားမိ။ လဲကျနေရာမှ ချက်ချင်းပင် ကုန်းရုန်းထကာ အာခေါင်ခြစ်၍ အော်မိသည်။

“သားရေ”

(၄)

အိမ်ရှိခဲ့သော နေရာတွင် ကျိုးလွင့်ကြေမွသွားသည့် ပျဥ်တိုပျဥ်စ အပိုင်းအစတို့သည် မြေပြင်တွင် ပြားပြားဝပ်လျက်။ အိမ်သည် အိမ်ဟု မမည်တော့ပြီ။

မိခင်သည် အိမ်ရှေ့တံခါးပေါက်နေရာက အပျက်အစီးများကြား၌ အော်ဟစ်ငိုယိုရင်း “သားကို ရှာပေးကြပါ” ဆိုသော စကားကို အကြိမ်ကြိမ် ပူဆာနေ၏။

ရပ်ကွက်သားတို့သည် လက်နှိပ်ဓာတ်မီးကို ဟိုဟိုဒီဒီထိုးရင်း ဝိုင်းဝန်းရှာဖွေပေးကြသည်။ တချို့နေရာတွင် သွေးစတချို့ကို တွေ့ရ၏။ တချို့နေရာတွင် ခြေတဖက်ကို မြင်ရ၏။ တချို့နေရာတွင်မူ ဆံချည်မျှင်နှင့်အတူ ဦးရေပြားတခုကို တွေ့ကြ၏။

မိခင်ကမူ ငွေလက်စွပ်ကလေး ဝတ်မြဲဝတ်လျက်ရှိသည့် လက်တဖက်ကို ရင်မှာထွေးပိုက်ရင်း “သားကို ရှာပေးပါ”ဆိုပြီးအော်ဟစ်ငိုယိုဆဲ။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ရဲသူ​အောင်’ ရေးဖွဲ့တဲ့ “ဝတ္ထု ဇာတ်လမ်း မဟုတ်ပါ”ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …