Connect with us

Hi, what are you looking for?

Short Story

‘ကျ​နော် မြတ်နိုးမိသော ဒေစီပန်းကလေး’

တိတိကျကျပြောရရင် လူ့သက်တမ်းမှာ အသက် (၃၀) ပြည့်လုပြည့်ခင် အချိန်မှာပင် သူမနှင့်စတင်တွေ့ခဲ့ခြင်း ဖြစ်ပါသည်။

◼️ ​ဂျော့လင်းညို

တိတိကျကျပြောရရင် လူ့သက်တမ်းမှာ အသက် (၃၀) ပြည့်လုပြည့်ခင် အချိန်မှာပင် သူမနှင့်စတင်တွေ့ခဲ့ခြင်း ဖြစ်ပါသည်။

ဒီတခါ အချစ်နှင့်ထိတွေ့မှုက ကိုရီးယားကားမဆန်သလို ကဗျာလည်း မဆန်ခဲ့ပါ။ ဒီတခါလို့ ပြောရခြင်းက သူမနှင့် မတွေ့မီအချိန်မှာ ကျ​နော့်တွင် လက်ထပ်မည်ဟု ရည်စူးပြီးမှ လမ်းခွဲခဲ့ရသော ချစ်သူရည်းစားဟောင်း ရှိခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။

အရင်ရည်းစားနှင့် ပြတ်စဲခါစ အသည်းကွဲနေချိန်မှာ မင်းအောင်လှိုင်က အာဏာထသိမ်းလိုက်သဖြင့် အသည်းကွဲနေသည့် အခြေအနေမှ ဒေါသများကို မင်းအောင်လှိုင်ဆီသာ ပုံချခဲ့သည်။ တော်လှန်ရေးကာလအတွင်းမှာလည်း အကြောင်းကြောင်းဖြင့် အချစ်သစ်မရှာဖြစ်ခဲ့။ အလုပ်ထဲသာ စိတ်နှစ် ပုံချထားခဲ့သည်။

Public Service Announcement

Public Service Announcement

နိစ္စဓူဝ အလုပ်များကို ဖြတ်သန်းရင်း လေယာဉ်လာတိုင်း အသက်လုပြေးနေရသည့်ကြားမှ မိသားစုဆိုသည့်အရာလေးကို တောင့်တမိပြန်သည်။ ပျော်စရာမိသားစုဘဝလေး တည်ဆောက်ချင်သည်။ သမီးလေးမွေးမည်။ သမီးလေး၏ ဆံပင်အရှည်ကြီးကို ကျစ်ဆံမြီးကျစ်ပေးပြီး ပန်းတွေပန်ပေးမည်။ ညနေနေဝင်ရီုးရီတွင် မိသားစုနှင့်အတူ နေဝင်သည်ကို ငေးကြည့်မည်။ လူသားထဲက လူသားပေမို့ မိသားစုဘဝလေးဖြင့် ငြိမ်းချမ်းသောဘဝတွင် နေချင်ပါသေးသည်။

တော်လှန်ရေးနှင့် ဆက်နွယ်သော ကဗျာ၊ ရသဆောင်းပါး တို့ကို မဂ္ဂဇင်းအချို့တွင် ရေးဖြစ်သည်။ နဂိုကပင် ကဗျာရူး စာရူး ဆိုတော့ စိတ်ကူးယဉ်မိသည်မှာလည်း ကဗျာဆန်ဆန် စိတ်ကူးယဉ်မိသည်ပဲလေ။ ဒီလိုနှင့် ကဗျာအတိုအစလေးတွေ ရေးရင်းနှင့်ပင် ကဗျာများကို နှစ်သက်သဘောကျသော သူမနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တကယ်တော့ ခေါင်းစဉ်မှာ တပ်ထားသလို သူမသည် ဒေစီပန်းလေးနှင့် မတူပါ။ သူမသည် အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်းနှင့် အမျိုးသမီးတဦးဖြစ်ပါသည်။ ကဗျာဆရာ၏ စိတ်ကူးယဉ်ဇာတ်ကောင်ကဲ့သို့ အားနွဲ့သောအမူအရာ၊ ချစ်စရာကောင်းသော မျက်လုံးဝိုင်းလေးနှင့် ကြောက်ရွံ့အားငယ်တတ်သူ တဦးလည်း မဟုတ်ပါ။ တိကျပြတ်သားသည့် ဆုံးဖြတ်ချက်နှင့် မှန်သည်ထင်ရင် မည်သည့်အရာမဆိုရင်ဆိုင်ဝံ့သူတဦး ဖြစ်ပါသည်။

မှတ်မှတ်ရရ ချစ်သူတွေမဖြစ်ခင်အချိန်က သူမဖတ်ဖို့ ပို့ပေးဖြစ်သည့် ကဗျာတော်တော်များများက ဆရာတာရာမင်းဝေ၊ ဆရာဆန်းကျော်စွာဝင်း စသည်တို့ဖြစ်သည်။ စိတ်ဓါတ်ခိုင်မာပြတ်သားသူ အမျိုးသမီးလေးကို နုရွလာအောင် ရင်ခုန်တတ်လာအောင် ကဗျာများက စွမ်းဆောင်ပေးခဲ့ပါသည်။

ဖုန်းလိုင်း၊ အင်တာနက်အခက်အခဲတို့ကြောင့်မှလွဲရင် အချိန်များများ အပြန်အလှန်ဖုန်းပြောခဲ့ကြသည်။ ဆယ်ကျော်သက် အရွယ်၊ ရင်ခုန်သံမနူးမနပ်အရွယ်တို့ မဟုတ်သည်ကြောင့် ဘဝအတွက်၊ မိသားစုအတွက် လေးနက်စွာ တိုင်ပင်ခဲ့ကြသည်။ တော်လှန်ရေးအလွန်ကာလတွင် အခြေချနေထိုင်မည့် အသေးစိတ်အကြောင်းအရာတွေအထိပါ တိုင်ပင်ရင်း ဘဝမှာ ပို၍ အဓိပ္ပာယ်ရှိလာခဲ့ပါသည်။

တော်လှန်ရေးအတွက် မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းကို ကျောခိုင်းစွန့်လွှတ်ခဲ့သူတယောက်အတွက် အဓိပ္ပာယ်ရှိသော ခိုနားရာ၊ အိမ်ဟု မှီတွယ်ရာ နေရာလေးတခုတော့ မက်မက်မောမောလိုချင်လှပါသည်။ အမြန်ဆုံး တော်လှန်ရေး အောင်မြင်ချင်ပါသည်။ အလုပ်တွေလည်း အားကြိုးမာန်တက်ကြိုးစားလုပ်ကိုင်ရင်း ချစ်သောသူနှင့်လည်း နီးချင်လှပါသည်။ ဤစစ်ကြီးပြီးလျှင် ငြိမ်းအေးသော ကျေးလက်မြေတခု၌ သူမနှင့်အတူ မခွဲမခွာနေလိုပါသည်။ ယခုတော့ဖြင့် ဝေးနေချိန်များကို ကြိုးစားဖြတ်ကျော်ရပါဦးမည်။ ဆရာတဦး၏ စာသားအတိုင်းပြောရလျှင်ဖြင့် စစ်ကြီးလည်း ပြီးလိုပါသည်၊ အချစ်ခရီးလည်း နီးလိုပါသည်။

တရားသောစစ်ဆင်နွှဲနေသူအားလုံး၊ ဓမ္မဘက်တော်သားများအားလုံး ချစ်သောသူတိုင်းညား၍ ညားသောသူတိုင်း ချစ်နိုင်ကြပါစေ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ဂျော့လင်းညို’ ရဲ့ “ကျ​နော် မြတ်နိုးမိသော ဒေစီပန်းကလေး” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...