Connect with us

Hi, what are you looking for?

Short Story

‘လူခြေတိတ်သွားတဲ့ ပန်းခြံ‌’

ပန်းခြံ‌ဘေးတနေရာကို ရောက်လာတဲ့နေ့က မိုးက ဖွဲဖွဲကျနေတယ်။ ပန်းခြံထဲမှာတော့ ခွေးတကောင် ကြောင်တမြီးမှ မရှိသလို လူတွေလဲ တယောက်တလေမှတောင် မရှိဘူး။ ပန်းခြံ သန့်ရှင်းရေး လုပ်တဲ့သူတော့ ရှိသင့်တာပေါ့။ အခုတော့ လူသူကင်းရှင်းနေတဲ့ ပန်းခြံတခုဖြစ်လို့နေတယ်။

◼️ တာပလု

ပန်းခြံ‌ဘေးတနေရာကို ရောက်လာတဲ့နေ့က မိုးက ဖွဲဖွဲကျနေတယ်။ ပန်းခြံထဲမှာတော့ ခွေးတကောင် ကြောင်တမြီးမှ မရှိသလို လူတွေလဲ တယောက်တလေမှတောင် မရှိဘူး။ ပန်းခြံ သန့်ရှင်းရေး လုပ်တဲ့သူတော့ ရှိသင့်တာပေါ့။ အခုတော့ လူသူကင်းရှင်းနေတဲ့ ပန်းခြံတခုဖြစ်လို့နေတယ်။ ပန်းခြံလို့သာပြောတာပါ။ လေးဖက်လေးလံ ခြံစည်းရိုးခတ်ထားတာဆိုတော့ မြေကွက်လပ်တခုကို ခြံခတ်ထားတာနဲ့တောင် တူနေတယ်။ ခြံစည်းရိုးတနေရာမှာတော့ ပန်းခြံရဲ့နာမည်ကို ရေးထိုးထားလို့သာ ဒီနေရာဟာ ပန်းခြံတခုဖြစ်တဲ့အကြောင်းကို သိရမှာပါ။

ဒီဆိုင်းဘုတ်မရှိဘူးဆိုရင်တော့ ဒီနေရာက ပန်းခြံတခုပါလို့ ပြောလို့ရမှာတောင် မဟုတ်ဘူး။ အဲ့ဒီပန်းခြံကို တခေါက်ပြန်ရောက်လာတယ်။ ပြန်ရောက်လာတဲ့အကြောင်းက ဒီပန်းခြံက သမိုင်းကြောင်း ကြီးကြီးမားမားရှိခဲ့လို့ပဲ။အဲ့ဒီသမိုင်းကြောင်းကိုတော့ တော်ရုံလူတွေ သတိမထားမိဘူး ဆိုတာတော့ သေချာတယ်။

လူငယ်တွေကို မိုက်ရူးရဲဆန်ကြတဲ့သူတွေလို့ သတ်မှတ်ကြမယ့်သူတွေ ရှိနိုင်သလို အကြမ်းဖက်ဖို့ လုပ်ဆောင်နေကြသူတွေလို့လဲ တွေးထင်ကြမယ့်သူတွေ ရှိနိုင်ပါတယ်။ ဘယ်လိုအကြောင်းတွေရှိနေပါစေ။ ဘယ်သူ့ဘယ်သူရဲ့ အသိအမှတ်ပြုခြင်းကို ခံယူဖို့အတွက် အရာတခုကို လုပ်ခဲ့တာဆိုပြီး တခါဖူးမှလဲ မတွေးခဲ့ဘူး။ လုပ်ခဲ့တဲ့ အရာအတွက် အသိအမှတ်ပြုကြကောင်းပါရဲ့ဆိုပြီးလည်း ‌မမျှော်လင့်ထားဘူး။ အဲ့ဒီအတွက် လုပ်သမျှကိစ္စရပ်တိုင်းက လိပ်ပြာသန့်ခဲ့တယ်။ အနှောင်အဖွဲ့လဲ မရှိခဲ့ဘူး။ မတရားမှုကို တခုခုနဲ့ တော်လှန်ပုန်ကန်လိုက်ရရင်ပဲ အသက်ပေးရတာ တန်တယ်လို့ပဲ မှတ်ယူထားတယ်။

Public Service Announcement

Public Service Announcement

ပန်းခြံဘေးပတ်လည်မှာတော့ အပြောင်းအလဲ သိပ်မရှိလှပါဘူး။ ရန်ကုန်တမြို့လုံးကို ပြေးဆွဲနေတဲ့ Bus ကားတွေ ရှိမယ်၊ ဘတ်စ်ကားတွေ တစီးနဲ့တစီး ပြောင်းစီးရတဲ့နေရာဖြစ်လို့ ခါတိုင်းလိုပဲ လူစည်ကားနေပါတယ်။ တမြို့လုံးနီးပါးက ယာဉ်လိုင်းတွေ ဒီနေရာကနေ ခရီးစဉ်စတာရှိသလို၊ ဒီနေရာကနေပဲ ခရီးစဉ်အဆုံးသတ်နေရာဖြစ်လို့ လူစည်ကားနေတာကလဲ ဆန်းတော့မဆန်းပါဘူး။ ယာဉ်လိုင်းပေါင်းစုံ စုရပ်၊ ဆုံရပ် နေရာလို့လဲ ပြောလို့ရတယ်။ ဒီလိုနေရာမှာ ခရီးသည်တွေအတွက် ခရီးတထောင့်‌နားရာ နေရာလဲဖြစ်တယ်။ ခရီးသည်တွေ ကျန်းမာရေးနဲ့ သန့်ရှင်းရေးအတွက် ရေအိမ်သွားလို့ရတဲ့ နေရာကိုလည်း နေရာနှစ်ခုမှာ ထားပေးထားတယ်။

ကားဂိတ်အနီးမှာတော့ နော်လာပြုပ်(အမဲအူပြုပ်) ရောင်းနေကြသူတွေ၊ အသုပ်စုံရောင်းနေကြသူတွေ၊ ရခိုင်မုန့်တီနဲ့ တခြားအစားအသောက်တွေ ရောင်းချနေကြသူတွေရှိတယ်။

“ပန်းခြံထဲသွားလို့မရဘူး ပိတ်ထားတယ်”

ပန်းခြံထဲ ဦးတည်သွားနေကြသူတွေကို နော်လာပြုပ်ရောင်းတဲ့ အမျိုးသမီးက ‌အော်ပြောလိုက်တယ်။

မိန်းမတယောက်က ကလေးကိုခါးထစ်ခွင်ရင်း လမ်းလျှောက်နေတယ်။ ဘေးကယောက်ကျားဖြစ်သူက အထုတ်တထုတ်ကို လက်ကဆွဲထားတယ်။ ကျောမှာလဲ ပိုးထားတဲ့အိတ်တလုံး ရှိနေတယ်။ သူတို့သုံးယောက်သား ပန်းခြံထဲကို ဦးတည်ပြီး သွားနေကြတယ်။ “ပန်းခြံထဲသွားလို့ မရပါဘူး။ ပန်းခြံပိတ်ထားတယ်” နော်လာပြုပ်ရောင်းတဲ့အမျိုးသမီးက နောက်တကြိမ်ထပ်ပြီး အော်ပြောလိုက်တယ်။

ဒီတခေါက်နော်လာပြုပ်သည်ရဲ့ အော်သံက နည်းနည်း ပိုကျယ်သွားလို့နေမယ်။ ပန်းခြံထဲကို ဦးတည်သွားနေကြတဲ့ သူတွေ ခြေလှမ်းတန့်ခနဲ ရပ်သွားကြတယ်။ သူတို့ခြေလှမ်းတွေက ခဏတာအချိန်အတော အတွင်းမှာပဲ ရပ်သွားတာပါ။ ခဏအတွင်းမှာပဲ ခြေဦးတည်ထားတဲ့ အရပ်ကိုပဲ ရှေ့ဆက်တိုးသွားကြတယ်။

“ဟေ့……ပန်းခြံပိတ်ထားတယ်။ ဝင်လို့မရဘူး”

ဒီတခါတော့ ပန်းခြံထဲကနေ ယောက်ျားတယောက်ရဲ့ လှမ်းအော်ပြီးပြောလိုက်တဲ့အသံက ပန်းခြံတခုလုံး ဟိန်းထွက်လာတယ်။ ပန်းခြံဘက်ကို ခြေဦးတည်ပြီး လျှောက်လှမ်းနေကြတဲ့ သားအမိ၊ သားအဖ သုံးယောက်သား ပန်းခြံအပြင်ဘက်ကို ပြန်ထွက်လာကြတယ်။

“ဒီလောက်ပြောနေတာ။ ပြောတာကိုကြားရဲ့သားနဲ့ ရှေ့ဆက်တိုးချင်ကြတာကိုး။ အဲ့လိုအအော်ခံလိုက်ရတာ နည်းတောင်နည်းသေးတယ်”

နော်လာပြုပ်သည် အမျိုးသမီးကြီးက ဆီးမန်းမန်းသလို ပွစိပွစိနဲ့ပြောနေတယ်။ သူပြောလိုက်ကတည်းက ပြန်လှည့်ကြရင် အခုလိုအအော်မခံရဘူးဆိုပြီး နော်လာပြုပ်သောက်နေကြသူတွေကို ပြောသလိုလိုနဲ့ တယောက်ထဲ ပြောနေတယ်။

ဒီပန်းခြံကို ပိတ်လိုက်တာကြာပါပြီ။ ပေါက်ကွဲမှုတခု ဖြစ်ပွားတဲ့အချိန်ကနေစပြီး ပိတ်လိုက်တာ။ ဘယ်သူကမှ ဒီပန်းခြံထဲကိုလာပြီး အပန်းဖြေ ခြေဆန့်လက်ဆန့်လုပ်လို့ မရတော့ဘူး။ အရင်အချိန်တွေက ပန်းခြံထဲက ပုံရိပ်တချို့အတွေးထဲပြန်ပေါ်လာတယ်။ ရုပ်ရှင်ကားမှာ နောက်ကြောင်းပြန် ပြကွက်တွေလိုပဲ ပုံပေါ်လာတယ်။

ဒီပန်းခြံထဲမှာ ၁၂ ရာသီ လူတွေရှိနေကြတာပါ။ နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး လူပြတ်တယ်လို့ကိုမရှိဘူး။ လူမပြတ်ဘူးဆိုတာက ပန်းခြံဖွင့်ထားတဲ့အချိန်မှာ လူမပြတ်ဘူးလို့ ပြောလိုရင်းဖြစ်ပါတယ်။

မနက်ပိုင်း ပန်းခြံဖွင့်ချိန်ဆိုတာနဲ့ လူတချို့က ပန်းခြံထဲ ရောက်လာကြတယ်။ လမ်းလျှောက်နေတာ။ ပြေးနေတာ။ ပန်းခြံထဲက အသေးစားကစားကွင်းလေးတခုမှာ ကစားကြတာတွေ ရှိပါတယ်။ ညနေပိုင်း ပန်းခြံပိတ်ချိန်ရောက်ရင်တော့ လူတယောက်က ခေါင်းလောင်းတီးတာ၊ ခရာမှုတ်တာ၊ ပါးစပ်ကနေလဲ ပန်းခြံပိတ်ချိန် ရောက်ပါပြီဆိုတာကို ပြောပေးတာရှိပါတယ်။

အဲ့ဒီနေ့က ပေါက်ကွဲသံကြီးကို တမြို့လုံးနီးပါး ကြားလိုက်ရတယ်။ အနီးအနားမှာ ရှိတဲ့သူတွေကတော့ ဒီပေါက်ကွဲသံကို သိသိသာသာကို ကြားလိုက်ကြမှာပါ။ “အုန်း.………” ဆိုတဲ့အသံက ၇ လွှာ သံမန်တလင်းကြမ်းခင်းကို တုန်ခါသွားစေခဲ့ပါတယ်။ ပန်းခြံဘေးအနီးအနားမှာရှိတဲ့ တိုက်တန်းလျားတွေက အမြင့်ဆုံးဆိုလို့ ၇ လွှာအထိပဲ ရှိတာပါ။ ပေါက်ကွဲသံကြားတယ်။ ဘယ်နေရာမှာဘာဖြစ်သွားလဲမသိဘူး။ သေချာတာတော့ တခုခုဖြစ်သွားပြီဆိုတာပါ။

ပေါက်ကွဲသံကြားလိုက်ရပြီဆို စစ်တပ်က အရောင်ပြ ဖောက်ခွဲမယ်။ ဒီဖောက်ခွဲမှုမှာ ပါဝင်သူဆိုပြီး လူငယ်တွေကို ဖမ်းမယ်။ အကြမ်းဖက်မှုကို ပြုလုပ်သူတွေဆိုပြီး စစ်ကြောရေးပို့မယ်။ ဒါက လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပြီ။ ဒါကြောင့်ပဲ အနီးအနားရှိသူတွေက ပေါက်ကွဲသံ ကြားလိုက်ရပြီဆိုတော့၊ ဘယ်သူတွေ ဓါးစာခံလုပ် အဖမ်းခံရမှာလဲ။ ဒါမှမဟုတ် တယောက်ယောက်က တော်လှန်ပုန်ကန်ခြင်း အရာကို လိုရင်းရောက်အောင် လုပ်နိုင်ခဲ့တာပဲလား ဆိုတာမျိုး အတွေးရောက်စေပါတယ်။

နောက်တရက်မှာပဲ လမ်းထိပ်လက်ဖက်ရည်ဆိုင်ကနေ သတင်းတွေရတော့တာပဲ။ မနေ့က ပန်းခြံထဲမှာ လူငယ်လေးတယောက်က ဗုံးတွေ ဆင်နေရင်းနဲ့ ပေါက်ကွဲသွားတာ။ သူလုပ်ရမယ့် မစ်ရှင်နေရာတောင် မရောက်လိုက်ဘူး။ အိမ်သာထဲ ပြင်ဆင်နေရင်းနဲ့ ထပေါက်ကွဲသွားတာ။ ပေါက်ကွဲမှုဖြစ်ပြီးတဲ့ နောက်ပိုင်းမှာတော့ ပန်းခြံထဲကို ဘယ်သူမှမဝင်ရတော့ဘူးလို့ ကန့်သတ်လိုက်တယ်။ လူငယ်လေးတယောက်က စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတဲ့ နေရာကို တိုက်ခိုက်မလို့ပါ။ အဲ့လိုတိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေချိန်မှာပဲ လူငယ်လေးတယောက်က မြို့ပြကြီးရဲ့ ပန်းခြံတခုရဲ့ ရေအိမ်ထဲမှာ အသက်ပေးလိုက်ရတာ ဖြစ်ပါတယ်။

သူအသက်ပေးလိုက်ရတဲ့ သတင်းကတော့ နောက်တနေ့မနက်ခင်းမှာ လက်ဖက်ရည်ဆိုင်၊ ပဲပြုပ်ဆိုင်၊ မုန့်တီဆိုင်တွေမှာတော့ သတင်းတွေက ပျံ့သွားပါပြီ။ အများစုကတော့ လူငယ်လေးကို သနားဂရုဏာ သက်နေကြပါတယ်။ မတရားစိုးမိုးခြယ်လှယ်နေတဲ့ အစုအဖွဲ့ကို တခုခုမလုပ်ဖြစ်လိုက်ရဘဲ အခုလိုဖြစ်လိုက်ရတာကို နှ​​မျောတသ ဖြစ်နေကြတာမျိုးပါ။

ပန်းခြံကိုပိတ်လိုက်ပါတယ်။ ပန်းခြံပိတ်လိုက်တော့ ကျန်းမာရေးအတွက် လမ်းလျှောက်သူတွေ၊ ပန်းခြံထဲက ကစားကွင်းအသေးစားလေးမှာ ကစားကြသူတွေ၊ ပန်းခြံထဲက မြက်ခင်းစိမ်းပေါ်မှာ ထိုင်နေကြသူတွေ၊ ပန်းခြံထဲက ခုံတန်းလေးပေါ်မှာ ထိုင်နေကြသူတွေ မရောက်လာကြတော့ပါဘူး။ ပန်းခြံထဲ ဘယ်သူကမှ မရောက်လာကြတော့ပါဘူး။ ပန်းခြံထဲမှာ နေရာယူလာတာကတော့ ကားဆီဖြည့်ရာ နေရာတခု အသစ်ရောက်လာတာပဲဖြစ်ပါတယ်။

ကားဆီဖြည့်တယ်ဆိုလို့ ဆီပန့်ဆိုင်တော့ မဟုတ်ပါဘူး။ EV ကားတွေကို ဆိုလာစနစ်နဲ့ အားဖြည့်ပေးတဲ့နေရာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုတခု ဖြစ်ပြီးတဲ့‌နောက်မှာ ပန်းခြံထဲ လူတွေကို ပေးမဝင်ခိုင်းတော့ဘဲ ကားဆီဖြည့်တဲ့နေရာတခု ရောက်ရှိလာတာကိုလဲ ဘယ်သူကမှ ကန့်ကွက်တာ မရှိကြပါဘူး။ ပန်းခြံထဲ ကားတွေကို ဆိုလာစနစ်နဲ့ အားဖြည့်ပေးတဲ့နေရာတခု ထီးထီးကြီး ရောက်နေတယ်။ ပန်းခြံဆိုတာ သူ့အတိုင်း ရှိသင့်တာပဲ။ အခွင့်ထူးခံ တခုခုလုပ်ဖို့မှ မဟုတ်တာ။ ပေါက်ကွဲမှုတခုကို အကြောင်းပြပြီး ပန်းခြံကိုပိတ်လိုက်တာ စီးပွားရေးလုပ်ဖို့အတွက် အခွင့်ကောင်း ပေးလိုက်သလို ဖြစ်သွားတာလား။

ဒီနေရာဟာ မတရားမှုကို တော်လှန်ပုန်ကန်ခဲ့တဲ့နေရာပဲ။ အဲ့ဒီလိုတော်လှန်ပုန်ကန်တယ်ဆိုတာကလွတ်လပ်ခြင်းကို ရဖို့ပဲ။ လွတ်လပ်ခြင်းကို တွန်းလှန်တော်လှန် နေချိန်မှာပဲ ကန့်သတ်ချက်တွေလုပ်လာတယ်။ ကန့်သတ်ချက်တွေရဲ့နောက်ကွယ်မှာ အသုံးချဖို့အတွက် ဆက်တိုက်ဆိုသလို လုပ်လာတာပဲ။ ဒီနေရာဟာ အများပြည်သူ လွတ်လပ်စွာအပန်းဖြေနားခိုရာ နေရာတခုပဲ။ လက်တဆုပ်စာ လူတစုရဲ့ စီးပွားရှာရာနေရာတခု မဟုတ်ဘူး။

ပန်းခြံဘေး တနေရာကနေ မြင်ကွင်းတချို့ကို စိတ်ကြိုက်ကြည့်လိုက်တယ်။ မနှစ်မြို့စရာမြင်ကွင်းတချို့ ပန်းခြံထဲ နေရာယူလာတာကို တွေ့လိုက်ရတာပဲ ဖြစ်ပါတယ်။ အဲ့ဒီမြင်ကွင်း‌ကြောင့် မတင်မကျဖြစ်သွားတဲ့ စိတ်ကို ပြေလျော့အောင် လုပ်ကြည့်တယ်။ မရခဲ့ပါဘူး။ ပန်းခြံဘေး တနေရာကနေပဲ ခဏတာ ကျောခိုင်းဖို့အတွက် လေးလံတဲ့ခြေလှမ်းတွေနဲ့ ထွက်ခွာလာခဲ့လိုက်ပါတယ်။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​တာပလု’ရဲ့ “လူခြေတိတ်သွားတဲ့ ပန်းခြံ‌” ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …