Connect with us

Hi, what are you looking for?

Short Story

‘အမှောင်ထဲက မိုးစက်များ’

◼️မောင်သုည (ရှပ်ပုံသားလေး)

ဖားအော်သံ သောင်းသောင်းညံနေတဲ့ ညဦးရဲ့ မိုးသီးမိုးပေါက်က အမှောင်ထဲ သုံးတော်ခံနေတဲ့ ကချေသည်ပမာ ကျနော့်ကို အဖော်ပြုနေတယ်။

အဲဒီ မိုးသီးမိုးပေါက်ကြားကို ကျနော်မွေးထားတဲ့ ငနီကလည်း အမှောင်ထဲက အလင်းရောင်ကိုတွေ့တော့ တဝုတ်ဝုတ်နဲ့ထဟောင်လို့။

” ငနီ ”

Public Service Announcement

Public Service Announcement

ငနီက ဟောင်သံရပ်ပြီး ကျနော့်အနားလာတယ်။ ကျနော်ပြတင်းပေါက်မှ လှမ်းကြည့်တော့ မအေးကြွယ်တို့သားအမိ။ ခမောက်ကိုယ်စီနဲ့ ကျနော့်ဆီကိုလာနေတာ တွေ့တယ်။

” ဘာဖြစ်လို့လဲ မအေးကြွယ် ”

မအေးကြွယ်က ခမောက်ကိုချွတ်ပြီး တဲအိမ်ပေါ်တက်လာတယ်။

”ပြော…မပြောချင်ဘူး ဆရာရေ ။ ဒီမှာ အငယ်မ သန်းဥတွေစားများပြီး ဗိုက်နာလို့တဲ့”

မအေးကြွယ်စကားကြားရရုံနဲ့ အခြေအနေတွေအားလုံးကို ကျနော်ရိပ်စားမိသလိုပါပဲ။

ဟုတ်တယ်။ မအေးကြွယ်တို့ စစ်ရှောင်မှာနေတုန်းက စစ်ရှောင်က ကူညီထောက်ပံ့တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုပ်သီး၊ ကြက်သွန်တွေမလောက်လို့ တခြားစစ်ရှောင်တွေဆီမှာ ချေးစားခဲ့ရတယ်။

အခု သူ့တို့ရွာကလေးထိန်းချုပ်နယ်မြေလေးဖြစ်လာတော့ ခါးလှနိုးနိုး၊ ဝမ်းဝနိုးနိုးနဲ့ မျှော်လင့်တကြီး ရွာကိုပြောင်းဆင်းလာပြီး ရရာအလုပ်ကို လုပ်ကိုင်စားသောက်နေတယ်။

တော်လှန်ရေး မဖြစ်ခင်ကာလက သူ့အားကိုးနေရတဲ့ သူ့သားအကြီးကောင်ကလည်း လက်နက်ဝင်ကိုင်တော့ မအေးကြွယ်မှာ လက်တဖက်ပဲ့နေသလို ဖြစ်နေတာ။ ရွာမှာလည်း အရင်လို အလုပ်အကိုင် သိပ်မရှိတော့ တနပ်နဲ့တနပ်ဆက်မီဖို့ အနိုင်နိုင်။

အခု သူ့သမီးအငယ်မ သန်းဥစားများကို ဗိုက်နာတာဟာ ထမင်းမစားရလို့ သန်းဥရှာပြီး ပြုတ်စားတာ အစားများပြီး အစာမကြေဘဲ ဗိုက်နာတယ်လို့ ကျနော်ယူဆမိတယ်။

”ရော့…ဒီဆေးကို တနေ့နှစ်ကြိမ်သောက်နော်။ ကောင်းသွားလိမ့်မယ်။ ဘာမှ စိုးရိမ်စရာမရှိဘူး”

မအေးကြွယ်ရဲ့သမီးအငယ်မလေးက ကျနော့်ကို ပြုံးကြည့်ပြီး ခေါင်းညိတ်တယ်။ သူ့အကြည့်က ကျေးဇူးတင်ပါတယ် ဆိုတဲ့အကြည့်။

”ဒါနဲ့ ရွာမှာ ကျေားင်အပ်လက်ခံနေတယ်ဆို၊ ကလေးတွေကို ကျောင်းအပ်ပြီးလား။ သမီးက ဘယ်နှစ်တန်းရောက်ပြီလဲ”

မအေးကြွယ်က ကျနော်စကားဆုံးတော့ ဘယ်တုန်းက မြိုသိပ်ထားမှန်းမသိတဲ့ နာကျင်မှုကို ကွမ်းဝါးရင်း ပြောတော့တယ်။

”သွားအပ်ပြီးပြီဆရာ အဆင်မပြေပါဘူး ဆရာရယ်”

”ဘယ်လိုအဆင်မပြေတာလဲဗျ”

”ကျမသမီးက စစ်ရှောင်စခန်းမှာ ငါးတန်းအောင်ပြီးလို့ ခြောက်တန်းအပ်တာကို လက်မခံဘူး။ ငါးတန်းစာမေးပွဲပြန်ဖြေခိုင်းပြီး အောင်မှ ခြောက်တန်းတင်မယ်တဲ့။ ဘာလို့လဲမေးတော့ စစ်ရှောင်က ပညာရေးဟာ အဆင့်မမီဘူးတဲ့လေ ”

”ဒါဆို စစ်ရှောင် အောင်လက်မှတ်တွေထုတ်ပေးထားတယ် မဟုတ်လား။ အဲဒါပြလိုက်ပေါ့”

”ပြတယ်ဆရာ မရဘူးတဲ့။ သူ့တို့ကျောင်းရဲ့ မူဝါဒအတိုင်းပဲတဲ့လေ”

ကျနော်ဆွံ့အသွားတယ်။ လွန်ခဲ့တဲ့ နှစ်ကလည်း ကျနော့်သူငယ်ချင်း ညီမတယောက် စစ်ရှောင်စခန်းက ကိုးတန်းအောင်လာလို့ ဆယ်တန်းထားတာကို လက်မခံဘူး။ မအေးကြွယ်ကို ပြောသလို ပြောခဲ့တယ်။ ကလေးမကလည်း ပညာလိုတော့ ပြန်ဖြေတယ်။ ဒါပေမယ့် ရှုံးတယ်။ ဘယ်လိုဖြစ်တာလဲမေးတော့ မေးခွန်းလွှာတွေဟာ စစ်ရှောင်နဲ့ အပြင်မှာသင်နေတဲ့ အဖြေလွှာမတူလို့တဲ့။ ဒါနဲ့ပဲ ကလေးမက ကိုးတန်းမှာ ပြန်ထိုင်တယ်။

အဲတုန်းကလည်း ကျနော်တွေးမိတယ်။ ကျနော်တို့ ဒေသမှာ ပညာရေးက ဘယ်နှစ်မျိုးတောင်ရှိတာလဲပေါ့။

အမှန်ပြောရရင် တော်လှန်ရေးကာလ ပညာရေးနဲ့ပတ်သက်လို့ ကျနော်အများကြီး မသိပါဘူး။ ကျနော်သိတာက နိုင်ငံယိုယွင်းပျက်စီးနေတဲ့အချိန်မှာ ပညာရေးဟာလည်း ကမောက်ကမဖြစ်နေမှာပဲ။

စစ်ရှောင်မှာ ကျောင်းတက်နေတဲ့ ကျနော်ညီမလေးနှစ်ယောက်လုံးကိုလည်း –

”နိုင်ငံတော်ပျက်စီးယိုယွင်းနေတဲ့ ယခုလိုချိန်မှာ အတန်းရေတွေ၊ ဘွဲ့တွေ ဘာမှမမျှော်လင့်နဲ့။ အတန်းရေဟာ ပညာစစ်စစ် မဟုတ်ဘူး။ ဘွဲ့တံဆိပ်ဟာ ပညာစစ်စစ် မဟုတ်ဘူး။ စာသင်တာဟာ စာတတ်ဖို့ ပညာစစ်စစ်ကို မီဝဲတတ်ဖို့ပဲ ”

ဆိုပြီး ရှေ့တန်းက ပြန်ရောက်တိုင်း မိသားစုမစုံတဲ့ ထမင်းဝိုင်းမှာ ကျနော်ဆုံးမလေ့ရှိတယ်။

တော်လှန်ရေးအောင်ရင် ဘယ်သူလက်မှတ်ကိုပြပြီး ဘယ်အတန်းက ပြန်နေရတယ်ဆိုတာတွေလည်း ကျနော်ညီမလေးတွေကို မမျှော်လင့်ခိုင်းဘူး။ တော်လှန်ရေးဟာ ဘယ်ချိန်ထိ ခရီးတွင်နေမယ်ဆိုတာ ဘယ်သူက အတိအကျပြောနိုင်သလဲ။

ဒါဟာ နည်းလမ်းမှန်လား၊ မှားလား တိတိကျကျ ကျနော်မသိဘူး။

”အတန်းရေတွေများပြီး ဘွဲ့တွေအထပ်ထပ်ရလည်း လူထုမျက်နှာမထောက်၊ တိုင်းပြည်အနာဂတ်ကိုမငဲ့တဲ့လူကို ပညာတတ်ထင်နေရင် တိုင်းပြည်ပျက်စီးတာပဲ အဖက်တင်လိမ့်မယ်။ ဘယ်သူအတွက်မှ အကျိုးမရှိဘူး ”

”ဘဝဆိုတဲ့လောကဇာတ်ခုံမှာ ဘဝကို ရိုးရိုးကျင့် မြင့်မြင့်ကြံ လူသားဆန်ရင် ပညာတတ်ပဲ”

ကျနော်ညီလေးတွေကို တော်လှန်ရေးကာလတလျှောက် ကျနော်ဒီလောက်ပဲ မျှော်လင့်ခိုင်းတယ်။

ဒီလိုနဲ့ မအေးကြွယ်က ဆက်ပြောတယ်။

”ကျမက သူတို့လို ဘွဲ့ရစာတတ်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး ဆရာရယ်။ ဒါပေမယ့် ဘယ်အရာတွေက ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူးဆိုတာတော့ အခြေအနေချိန်ခါရ ကျမ ဝေဖန်ပိုင်းခြားတတ်ပါတယ် ”

”အခုတော့ ဘယ်နှယ်လုပ်ကြမလဲ။ စစ်ရှောင်ကသင်တဲ့ ပညာရေးက တမျိုး၊ အပြင်ပုဂ္ဂလိက စေတနာ ဝန်ထမ်းတွေသင်တာက တမျိုး၊ အန်ယူဂျီလက်အောက် ဆရာ၊ ဆရာမတွေသင်တဲ့ ပညာရေးကတမျိုးနဲ့။ ကျမတို့ကလေးတွေရဲ့ ပညာရေးက တော်တော်ဂွကျမနေဘူးလား ”

”ကျမကတော့လေ ကျမတို့ဒေသ ထိန်းချုပ်နယ်မြေမှာ အန်ယူဂျီပညာရေးဆိုလည်း အန်ယူဂျီပညာရေးတမျိူးတည်း လုပ်စေချင်တယ်။ ဒါမှမဟုတ် ပုဂ္ဂလိကပညာရေးဆိုလည်း ပုဂ္ဂလိကပညာရေးတမျိုးတည်း သင်သင့်တယ်လို့ထင်တယ်။ ဒါမှ စည်းလုံးညီညွတ်မှုကို ပြသနိုင်လိမ့်မယ် ”

”အခုဟာက မှိုတက်နေတဲ့စိတ်ဓာတ်နဲ့ ဟိုတစု ဒီတစုကွဲပြီး သူသင်ချင်ရာသင် ကိုယ်သင်ချင်ရာ သင်နေကြတဲ့ပုံတဲ့နဲ့တော့ တော်လှန်ရေးလည်း အောင်ဖို့ဝေးနေဦးမှာပါပဲ ဆရာ။ ကျမတော့ ကလေးတွေကို ကျောင်းထားရမှာကို စိတ်ကုန်နေပြီ ”

သူ့စကားဆုံးတော့ မှိုတက်နေတဲ့စိတ်ဓာတ်နဲ့ဆိုတဲ့ စကားလုံးကို ကျနော် နည်းနည်းပြုံးမိတယ်။ တဆက်တည်းမှာပဲ တလောက ရင်လာဖွင့်တဲ့ လူတယောက်ကိုလည်း သတိရမိလာတယ်။

အဲဒီလူက လွန်ခဲ့တဲ့တနှစ်က သူ့တူလေး မအလကျောင်းမှာ သုံးတန်းအောင်လာတယ်။ ဒီနှစ် ဟိုမှာ နေလို့အဆင်မပြေတော့လို့ ထိန်းချုပ်နယ်မြေမှာ လေးတန်းအပ်တာ လက်မခံလို့တဲ့။ ဒေါသတွေထွက်ပြီး –

”ပညာတတ်တဲ့ ဘာပညာတတ်၊ ကလေးတွေရဲ့အနာဂတ်ကို မရှေးရှု့တတ်ဘဲ လုပ်ချင်ရာလုပ်တာ ပညာတတ်တဲ့လား။ ဘာမှစဥ်းစားခြင်ဆင်ဉာဏ်မရှိဘဲနဲ့”

ဆိုပြီး မကျေနပ်ချက်နဲ့ပြန်သွားတယ်။

ရွာထဲမှာ တချို့ကလေးတွေကလည်း ကိုဗစ်ပြီးတော့ တော်လှန်ရေး၊ ကျောင်းမနေရဘဲ အခု လူကြီးဖြစ်လာပြီး သုံးတန်း၊ လေးတန်း ပြန်ထိုင်ရမယ်ဆိုရင် မနေဘူးတဲ့။ ရှက်လို့တဲ့။ ကျွဲပဲကျောင်းတော့မယ် တကဲကဲလုပ်နေကြတာ။

”ဘာတွေ ဘာဘယ်လိုမှားနေကြတာလဲ။ ကလေးတွေရဲ့ဘဝဟာ ပစ္စုပ္ပန်ရော အနာဂတ်ပါ ရင်လေးစရာဖြစ်နေပါလား ”

ကျနော်အသက်ပြင်းတချက် ပင့်ရှိုက်မိတယ်။

”အင်း…ဖြစ်လာမှတော့ ဘယ်တတ်နိုင်မှာလဲ မအေးကြွယ်။ ကျနော်တို့ဘက်မှာ ဘယ်အဖွဲ့အစည်းကိုကြည့်ကြည့် အကွဲအပြဲနဲ့တယောက်နဲ့တယောက် ဘောင်ချာရှင်းသက်သက်ပြီးနေတာ အားလုံး ဒုက္ခရောက်ရတော့မယ် ”

ကျနော်က ဆေးပုံးကောက်ရင်းပြောနေမိတယ်။ မအေးကြွယ်မှာ ရိုးပုံရိုးလက်နဲ့ သိချင်တာကို ပွင့်ပွင့်လင်းလင်း မေးလာပြန်တယ်။

”ကျမ မသိလို့မေးပါဦးမယ်။ ကျမတို့ဘက်မှာ ပညာရေးက ဘယ်လို့ အမျိုးမျိုးဖြစ်နေရတာလဲ… ဆရာ”

”ကျနော်လည်း ပညာရေးနယ်ပယ်က မဟုတ်တော့ အသေးစိတ်တော့ ကျနော်မသိဘူး မအေးကြွယ်။ ကျနော်သိရသလောက် မြင်ရသလောက်တော့ ပုဂ္ဂလိက ပညာသင်နေတဲ့ ပညာရေး​ကော်မတီရွာခံတွေက အန်ယူဂျီက တာဝန်ပေးထားတဲ့ ပညာရေးမှူးဆိုလား ဘာဆိုလားပဲ အဲဒီမိန်းမရဲ့စိတ်ဓာတ်ကို မကြိုက်လို့ သူ့လက်အောက်မှာမနေဘဲ ကိုယ်ထူးချွန်ပြီး ကလေးတွေရဲ့ပညာရေးကို ဘောလန်ဒီရာ ဆရာမတွေခေါ်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားနေကြတာပဲ။ ရွာသားတွေကလည်း သူ့တို့သားသမီးကို ပညာသင်ပေးနေတဲ့ ဆရာမတွေအတွက် တနေ့တ​ထောင် ကောက်ခံပြီး ပြန်ထောက်ပံ့နေကြတယ်လို့လည်း သိရပါတယ်”

ကျနော် ခပ်ပျော့ပျော့လေသံနဲ့ပြောတော့ မအေးကြွယ်မှာ သမီးလေးမျက်နှာကို ကြည့်ပြီး စိတ်မကောင်းဖြစ်ဟန်နဲ့ –

”တနေ့တထောင်နဲ့ ကျောင်းထားမှ ကလေးတွေပညာတတ်မယ်ဆိုရင် ကျမသမီးလေးကို စာတတ်အောင်သင်ပေးနိုင်မှာ မဟုတ်ဘူး ဆရာရယ်”

ငြီးရင်းပြောလာတဲ့ မအေးကြွယ်ရဲ့စကားကြောင့် ကျနော် စိတ်မသက်သာဖြစ်ခဲ့ရတယ်။

”ဒီချိန်မှာတော့ ဒီလိုပဲ မအေးကြွယ်၊ ပညာသင်ပေးနေတဲ့ ဆရာမတွေမှာလည်း စားဝတ်နေရေးက လိုသေးတာကိုး”

”အခုလည်း ကျောင်းအပ်တော့ လက်ခံနေကြတာပဲ။ ဘယ်မှာ သင်ကြမလဲ မသိဘူး။ ဒီနှစ်တော့ ကလေးတွေ စာသင်ခွင့်ရမယ်မထင်ဘူး မအေးကြွယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက် မနက်ပိုင်းမှာ ကလေးတွေ စာမေးပွဲဖြေဆိုနေတဲ့ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာ တရွာကို စစ်ကောင်စီက လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂၂ ဦးနဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့တယ်။ ဒီလိုပဲ ထိန်းချုပ်နယ်မြေတော်တော်များများကို မအလက စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေလို့ အန်ယူဂျီက ကျောင်းတွေအားလုံး ပိတ်ချဖို့ ထုတ်ပြန်ထားတယ်။ ပညာသင်ရမယ့် ကလေးတွေ တော်တော်ဒုက္ခကြီးရှာပြီ။ အဲဒီတော့ တာဝန်ရှိတဲ့ လူတွေ လုံလုံခြုံခြုံကျောင်းဖွင့်နိုင်ဖို့ စီစဥ်သင့်တယ်။ ကလေးတွေ ပညာတတ်မှ (စစ်တတ်မှ) တိုင်းပြည်လှလိမ့်မယ်။ တိုင်းပြည်ပျက်စီးနေတဲ့အချိန် ကလေးတွေပါ ပျက်စီးခံလို့ မဖြစ်ဘူး။ အဲလို မဖြစ်ဖို့ဆိုရင် ကလေးတွေကို ဒါကျက် ဒါဖြေဆိုတဲ့ စနစ်နဲ့မသွားဘဲ ကလေးတွေရဲ့ တွေးခေါ်နိုင်စွမ်းကို အလေးပေးပြီး သင်နိုင်ဖို့ လိုတယ်လို့ ကျနော်ထင်တယ်”

မအေးကြွယ်က ဖားအော်သံ တအုန်းအုန်းကြားမှ ကျနော့်ကို ကျေကျေနပ်နပ်ပြုံးပြတယ်။ ကျနော်လည်း ဆေးဘောအိတ်ကို လွယ်လိုက်တယ်။ မအေးကြွယ်က ဘယ်လောက်လဲဆရာလို့ မေးတယ်။

”ရပါပြီ မပေးပါနဲ့။ နောက်အရေးကြုံရင် လာသာလာခဲ့ပါ ”

မအေးကြွယ်က ကျေးဇူးတင်ပါတယ်လို့ပြောရင်း သူ့သမီးပခုံးပေါ်လက်တင်ပြီး ခမောက်ကိုယ်စီနဲ့ ပြန်သွားတယ်။ ကျနော်လည်း ဆေးကုစရာရှိတာမို့ ဆေးဘောအိတ်နဲ့ ရွာထဲထွက်သွားတယ်။

ရွာထဲမှာ ကလေးတွေက ဆေးလိပ်တဖွာဖွာ၊ ဖုန်းတကားကား၊ ကွမ်းတမျှမျှနဲ့ နွားထိန်းသူကထိန်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသူကကျနဲ့။

”တိုင်းပြည်ပျက်စီးနေတာကို အခွင့်ရေးယူပြီး လူငယ်တွေ ဖြစ်ချင်တိုင်း ဖြစ်နေကြတာ မဖြစ်သင့်ဘူး”

လို့ တွေးရင်း ပါးစပ်မှ ရွေရွတ်လိုက်မိတယ်။

”ပညာသင်တာဟာ အတန်းရေက အရေးကြီးလား။ ဘဝအတွက် ပညာစစ်စစ်ကို မီဝဲနိုင်ဖို့က အရေးကြီးသလား ။ မိုးသီးမိုးပေါက်တွေ အမှောင်ထဲမှာ မမြင်မစမ်းနဲ့ ခုန်ချနေကြတာကို အေးလို့ဆိုပြီး စောင်ခြုံကွေးအိပ်ကြည့်နေနိုင်ရင် အဲဒီကလေးတွေရဲ့ ဆိုးကျိုးကို ကျနော်တို့အားလုံးပြန်ခံရလိမ့်မှာပဲ” ။ ။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်သုည (ရှပ်ပုံသားလေး)’ ရဲ့ “အမှောင်ထဲက မိုးစက်များ” ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …