Connect with us

Hi, what are you looking for?

Short Story

‘မြစ်ဆိပ်က ကုလားတက်ခေါက်သံ’

ကျမတို့အိမ်က တော်လှန်ရေးတပ်သားတွေ စတည်းချတဲ့နေရာ။ အဖေက ရွာ့မျက်နှာဖုံးလို့ ပြောလို့ရတယ်။ ရွာ့မျက်နှာဖုံးအဖေက တော်လှန်ရေးတပ်သားတွေကို အကျွေးအမွေးနဲ့ ထောက်ပံ့ရတာကို ပုံမှန်လုပ်ဖြစ်တာပါ။

◼️တာပလု

ကျမတို့အိမ်က တော်လှန်ရေးတပ်သားတွေ စတည်းချတဲ့နေရာ။ အဖေက ရွာ့မျက်နှာဖုံးလို့ ပြောလို့ရတယ်။ ရွာ့မျက်နှာဖုံးအဖေက တော်လှန်ရေးတပ်သားတွေကို အကျွေးအမွေးနဲ့ ထောက်ပံ့ရတာကို ပုံမှန်လုပ်ဖြစ်တာပါ။

အိမ်ကို တော်လှန်ရေးတပ်သားတွေ ရောက်လာပြီဆို အိမ်က ကျမတို့ညီအမတွေလည်း အကျွေးအမွေးတာဝန် ယူကြရတယ်။ တော်လှန်ရေးတပ်သားတွေကို အကျွေးအမွေးနဲ့ ဧည့်ခံတဲ့နေရာမှာ ခြေမြန်လက်မြန်ရှိဖို့လည်း လိုတာဖြစ်ပါတယ်။

ကျ‌မက မိသားစုထဲ အငယ်ဆုံးဖြစ်လို့ အဖေက ကျမကို မခိုင်းပါဘူး။ ပစားပေးထားတဲ့သဘောတော့ မဟုတ်ဘူး။ မခိုင်းဘူးဆိုတာက အရေးအကြောင်းတခုခု ရှိလာပြီဆို ထမင်းဝိုင်းတွေကို မြန်မြန်ဆန်ဆန် လက်စဖြောက် သိမ်းဆည်းကြရလို့ပဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုနေရာမှာ လက်နှေးခြေနှေး ဖြစ်နေရင်တော့ မရပါဘူး။ ဒါကြောင့်ပဲ အဖေက ကျမကို မခိုင်းတာပါ။ မခိုင်းတဲ့အပြင်ကို ထမင်းဝိုင်းနားမလာဖို့ကိုတောင် ပြောထားတာ။ တစုံတခု အရေးအကြောင်း ကြုံလာတဲ့အခါမှာ ကြားမှာ ကန့်လန့်ကန့်လန့်ဖြစ်နေမှာကို ကြိုမြင်လို့ အဖေက ထမင်းဝိုင်းနား မလာခိုင်းတာနေမှာပါ။

ကျမတို့အိမ်က မြစ်ကမ်းနဖူးပေါ်မေးတင်ပြီး တည်ရှိနေတာပါ။ ရွာသူရွာသားတွေက ရေလမ်းခရီးကို အဓိက အားထား သွားလာကြပါတယ်။ ရွာနောက်ဘက် တောလမ်းခရီးက သွားမယ်ဆိုလည်းရပါတယ်။ အဲဒီလမ်းက တောထူတဲ့အတွက် အသွားအလာနည်းတယ်။

မြစ်ကမ်းဘေးတလျှောက်မှာတော့ ကင်းတွေချထားရတယ်။ ကျမတို့အိမ်နားက ကင်းအပါအဝင်ဆိုရင် ကင်းချထားတဲ့နေရာ လေးနေရာလောက်ရှိတယ်။ ဒီထက်လည်း များနိုင်တယ်။ ဘာလို့လဲဆိုတော့ ကင်းချထားတဲ့နေရာတွေက ကုလားတက်ခေါက်သံ ကြားနိုင်‌လောက်တဲ့ နေရာအကွာအဝေးမှာ ထားရှိရလို့ပါပဲ။

ကင်းတကင်းနဲ့တကင်းကြား အကွာအဝေးက ကင်းတဲတခုက ကုလားတက်ခေါက်သံကို နောက်ထပ်ကင်းတဲတခုက ကြားနိုင်လောက်တဲ့နေရာမှာ ကင်းချထားတာ ဖြစ်ပါတယ်။

ကုလားတက်ကိုလည်း နှစ်ချက်သုံးချက်အပြင် ပိုမခေါက်ရဘူး။ ကုလားတက်ခေါက်သံ ဆူညံနေတာမျိုးမဖြစ်အောင် ခေါက်ရတာမျိုးပါ။ ကင်းတဲတနေရာကနေ ကုလားတက်ခေါက်သံ ကြားရပြီဆို မလှမ်းမကမ်းက ကင်းလည်း ကုလားတက်ခေါက်ရတယ်။ ဒီလိုနဲ့ ကင်းတဲတွေ ဆက်တိုက် ဆက်တိုက် အချက်ပြ ခေါက်ကြရတာပါ။

စစ်တပ်သင်္ဘော မြစ်ဆိပ်မရောက်ခင် အခုလို အချက်ပြ ကုလားတက်ခေါက်သံတွေနဲ့ ရွာသူရွာသားတွေကို အချက်ပြရတာဖြစ်ပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးလာပြီ၊ တနေရာ ရှောင်ပြေးကြရမယ်ဆိုတာ ကုလားတက်ခေါက်သံကြားတာနဲ့ အလိုလိုသိပြီးသားပဲ။

နေသာတဲ့နေ့က တော်လှန်ရေးတပ်သားတွေကို အိမ်မှာ ထမင်းကျွေးနေတာပါ။ အဲဒီနေ့က အဖြစ်အပျက်ကို အခုထိလည်း သတိရနေတုန်းပါပဲ။ တော်လှန် ရေးတပ်သားတွေက ထမင်းဝိုင်းမှာ ထမင်းစားကြဖို့ လက်ကလေးဆေးပြီးရုံပဲ ရှိပါသေးတယ်။ မြစ်ဆိပ်က ကုလားတက်ခေါက်သံကြားတော့ ပါးစပ်ထဲ ထမင်းလုပ်တောင် မရောက်လိုက်ပါဘူး။ အိမ်နောက်ဖေး သင်ခြံထဲကို ဝင်ပြေးသွားကြတာ။

ခဏကြာတော့ စစ်တပ်သင်္ဘောက အိမ်ရဲ့ မလှမ်းမကမ်းတနေရာက မြစ်ဆိပ်မှာ ဆိုက်ကပ်လာတယ်။ စစ်သားတွေက အိမ်ကိုဦးတည်ပြီး လာကြတာ။ အိမ်ရောက်တော့ ဟိုရှာဒီရှာ ရှာကြတာပေါ့။ သူတို့က သတင်းကြိုရထားလို့ အိမ်ကိုလာတာမျိုး ဖြစ်နိုင်ပါတယ်။ တော်သေးတယ်လို့ ပြောရမှာ သူတို့မသင်္ကာစရာ တခုမှ မတွေ့သွားကြလို့ပါဘဲ။

ဒီလိုအဖြစ်မျိုးက အိမ်မှာ သုံးကြိမ်လောက်ကို ကြုံခဲ့ဖူးတယ်ပြောရမယ်။ အဖေက တော်လှန်ရေးတပ်သားတွေကို ထမင်းစားဖိတ်ပြီး ဒီလိုအခြေအနေမျိုးမှာ ခြေမြန်လက်မြန်၊ ခြေလုံလက်လုံ လုပ်တတ်ကိုင်တတ်သူ တယောက်လို့ ပြောရမှာပါ။

သူ အမြဲတမ်းပြောတတ်တာက ဒီလိုအခြေအနေမျိုးဖြစ်လာရင် ကြမ်းပြင်ပေါ် ထမင်းလုံးတလုံး ကျကျန်နေတာမျိုးတောင် မဖြစ်စေနဲ့တဲ့။ တကယ်လည်း အရေးအကြောင်း ကြုံရတဲ့အခါ ထမင်းလုံးတလုံးလောက်တောင် ခြေရာလက်ရာကျန်ခဲ့တာမျိုး မရှိလို့ဘဲဖြစ်ပါတယ်။

အဲဒီနေ့က တော်လှန်ရေးတပ်သားတွေ အိမ်နောက်ဖေးသင်ခြံထဲ ဝင်ပြေးသွားတာ အယောက်ပေါင်း မနည်းပါဘူး။ အယောက်ပေါင်းမနည်းမနော တော်လှန်ရေးတပ်သားတွေ ဝင်ပြေးသွားတဲ့ လမ်းကြောင်းလေးတောင် မကျန်ခဲ့ဘူး။ ဒီလို ခြေသံလုံဖို့အတွက်ကိုလည်း အကြိမ်ကြိမ် လေ့ကျင့်ထားကြလို့နေမှာပါ။

ရွာကို တော်လှန်ရေးတပ်သားတွေ မကြာခဏ ဝင်ထွက်သွားလာတဲ့သတင်းက စစ်တပ်ကို သတင်းရောက်သွားလို့နေမယ်။ အဲဒီတခေါက် ရွာကို စစ်ကြောင်းထိုးလာတာ အင်အားအများအပြားနဲ့ပါ။ ရွာကလူတွေ တယောက်မကျန် ထွက်ပြေးကြရတဲ့ ညတည ဖြစ်ခဲ့ပါတယ်။

စစ်တပ်က ရေလမ်းကနေ စစ်ကြောင်းထိုးလာတာပါ။ ဒီတခေါက် ရွာသူရွာသားတွေ မရှောင်ကြဘူးဆိုရင်တော့ စစ်တပ်က ရွာကြေအောင်ကို လုပ်တော့မှာလို့လည်း သတင်းက ကြိုထွက်ထားတယ်။

အဲဒီညနေက ရွာကနေ တယောက်မကျန် ခွဲခွာကြဖို့ ဖြစ်လာပါတယ်။ အထက်ပိုင်းသူတွေကလည်း အောက်ပိုင်းဘက်ပြေးပြီး ဆွေးမျိုးသားချင်းတွေကို ခေါ်သူကခေါ်၊ အောက်ပိုင်းကသူ‌တွေက အထက်ပိုင်း‌ဘက်ပြေးပြီး မိသားစုတွေ တစည်းတလုံးထဲ ရွာကနေ ထွက်ပြေးကြဖို့ လူစုသူကစုပေါ့။

ရွာသူရွာသားတွေအားလုံးက ရွာပြင်ကို ထွက်လာကြတယ်။ ဦးကြီးက သူ့နွားတရှဉ်းနဲ့ အလုပ်ရှုပ်နေတယ်။ သူ့ခိုင်းနွားနှစ်ကောင်က လူအုပ်ကြီးနဲ့အတူ ခေါ်လာလို့မရလို့ပါဘဲ။ နေဝင်မိုးချုပ်ချိန်ဖြစ်လို့ အပြင်ကိုခေါ်ထုတ်ရင် တင်းကုတ်ထဲကိုပဲ ပြန်ပြန်ဝင်ချင်ကြလို့ ဦးကြီးတယောက် သူ့နွားတွေနဲ့ ရှေ့တိုးနှောက်ငင် ဖြစ်နေရှာတယ်။

အရှေ့ပဲ ဆက်သွားရမှာလား၊ နွားတွေနဲ့အတူ ရွာမှာပဲကျန်ခဲ့ရမှာလား၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေမျိုးပါ။ နောက်ဆုံးမှာတော့ ဦးကြီးက သူ့နွားတွေကို နဖားကြိုးတွေ၊ လည်ပင်းကြိုးတွေကို ဖြုတ်လိုက်တယ်။

“သားတို့ရေ လွတ်ရာလွတ်ကြောင်း သွားကြတော့နော်” ဦးကြီးက သူ့နွားတွေကို ကွဲအက်အက်အသံနဲ့ ပြောလိုက်ချိန်မှာတော့ ရွာကအမျိုးသမီးတွေရဲ့ ငိုသံတချို့ ထွက်လာတယ်။

ဒီမြင်ကွင်းနဲ့ ဒီအသံက လူတယောက်ရဲ့မျက်ရည်ကို ဘယ်လိုမှ ထိန်းထားလို့ရမှာ မဟုတ်ပါဘူး။ စိတ်ထိန်းထားလို့ မရတော့တဲ့အဆုံး အသံထွက်တဲ့အထိ ငိုသံတချို့ ထွက်လာတာပဲဖြစ်ပါတယ်။

ဦးကြီးက သူ့နွားတွေကို လွတ်ရာလွတ်ကြောင်း သွားကြတော့နော်လို့ ပြောလိုက်ပေမယ့် သူ့နွားတွေက အပြင်ကို ထွက်သွားကြတာ မဟုတ်ပါဘူး။ တင်းကုတ်ထဲပဲ ပြန်ဝင်သွားကြပါတယ်။

ငိုသံကြားရာဘက်ကို ဦးကြီးက လျှောက်လာပြီတော့ ငိုနေလို့မရဘူး၊ အချိန်ကလေးရှိတုန်း သွားကြရမယ်။ ရွာမှာ ဦးကြီးတို့၊ အဖေတို့ဆိုတာ ရပ်ရွာအတွက် ဦးဆောင်ဦးရွက် ပြုကြသူတွေပါ။ သူတို့သာ စိတ်မခိုင်လို့ ယိုင်နဲ့နေတဲ့ပုံစံမျိုးဆို တခြားသူတွေက ပိုလို့တောင် စိတ်ဓာတ်ကျနေမှာပါ။

တဖြေးဖြေးနဲ့ ရွာနဲ့ဝေးသွားပါပြီ။ လမ်းက လမ်းလို့ ခေါ်လို့မရတဲ့လမ်း။ တောတွေထဲတိုးပြီး ယာယီလမ်းဖြစ်အောင်လုပ်ပြီး လျှောက်လာရတဲ့နေရာတွေတောင် ရှိနေတာပါ။

ဒီလိုထွက်လာရင်းနဲ့ပဲ ပလကတာကို ကျော်ဖြတ်ရဖို့ဖြစ်လာတယ်။ ပလကတာဆိုတာ ကတ္တရာခင်းထားတဲ့ လမ်းပါပဲ။ ဒီလမ်းကနေ သွားလို့တော့မရဘူး။ စစ်တပ်က တချို့နေရာတွေမှာ ဂိတ်ချထားတာ။ ဒီလမ်းကိုကျော်ပြီးမှ နောက်ထပ်သွားလိုတဲ့ ရွာတရွာကို သွားရမှာဖြစ်လို့ ပလကတာကို ကျော်ဖို့အတွက် အချိန်ယူရပါတယ်။

လမ်းပေါ်မှာ စစ်တပ်ရှိမရှိ အရင်ဆုံးကြည့်ရမှာ။ ဦးကြီးနဲ့ ရွာကလူငယ်လေးတယောက်က ပလကတာဘေးကို ချဉ်းကပ်သွားလိုက်တယ်။ ကျမ‌တို့ ရွာသူ ရွာသားတွေက တနေရာမှာ စုရုံးပြီး နေခဲ့ကြရတာပေါ့။

တာဘေးတနေရာအရောက်မှာ လူငယ်လေးကို သစ်ပင်တပင်ပေါ်တက်ဖို့ ဦးကြီးကပြောတယ်။ စိတ်အေးအေးထားဖို့နဲ့ မကြောက်ဖို့လည်းမှာတယ်။ ဦးကြီးကတော့ သစ်ပင်ဘေးတနေရာကနေ စောင့်နေတယ်။ အသံတွေကို နားစွင့်ရင်း စောင့်နေတာပေါ့။

လူငယ်လေးက စိတ်လှုပ်ရှားနေပုံရတယ်။ သစ်ပင်ပေါ်ကိုရောက်တော့ လိုသလောက်မြင်ကွင်းကို မမြင်ရသေးပါဘူး။ မြင်ကွင်းမြင်နိုင်လောက်တဲ့ သစ်ကိုင်းတကိုင်းဘက်ကူးဖို့ ဆုံးဖြတ်လိုက်တယ်။ သစ်ကိုင်းတခုကနေ နောက်ထပ်သစ်ကိုင်းတခုကို အကူးမှာပဲ သစ်ကိုင်းကြိုးကျလို့ လူငယ်လေးလည်း ပုံရက်သားလေး သစ်ပင်အောက် ရောက်သွားတယ်။ သူကူးလိုက်တဲ့သစ်ကိုင်းက ဆွေးနေတဲ့သစ်ကိုင်း ဖြစ်နေတာကို သူမသိလိုက်လို့ပါ။

ဦးကြီးက လူငယ်လေးကို ကျောပိုးပြီး လူအုပ်ရှိတဲ့နေရာကို ပြန်ခေါ်လာတယ်။ လူအုပ်ထဲရောက်တော့ လူငယ်လေးကို ရင်စီးတဲ့သူကစီး၊ ယပ်ခပ်ပေးတဲ့သူက ယပ်ခပ်ပေးကြတယ်။ တော်သေးတယ်ပြောရမှာ လူငယ်လေးက အမောဖောက်ပြီး သေမသွားလို့ပါ။

ဒါမျိုးက စိတ်လှုပ်ရှားတာရော၊ ကြောက်စိတ်ရော ရော‌ထွေးနေတာဖြစ်လို့ သစ်ပင်တပင်ရဲ့ သစ်ကိုင်းတွေက ဘယ်အကိုင်းက ဆွေးနေတာလဲ၊ ဘယ်အကိုင်းက ကောင်းလဲဆိုတာ ချိန်ဆချိန် မရလိုက်တာလည်း ဖြစ်မှာပါ။

နောက်တခေါက်တော့ ဦးကြီးနဲ့အဖေပဲ ပလကတာပေါ် စစ်သားတွေ ရှိမရှိ စနည်းနာဖို့ ထွက်သွားကြတယ်။ ရွာသူရွာသားတွေ စုဝေးနေတဲ့ လူအုပ်ကြီးရဲ့ မနီးမဝေးမှာ ပတ်လည်ကင်းတွေချပြီး ထွက်လာကြတာပါ။ ကင်းချတဲ့ အလေ့အကျင့်က အရင်ထဲက ရှိထားတာဆိုတော့ အလေ့အကျင့်တခု ရှိထားနှင့်ကြသူတွေလို့ ပြောလို့ရပါတယ်။

လမ်းရှင်းတယ်ဆိုမှပဲ ၅ ယောက်တဖွဲ့ ၅ ယောက်တဖွဲ့ခွဲပြီး လမ်းကိုဖြတ်ကူးကြပါတယ်။ လမ်းတဘက်ကိုရောက်တော့ နောက်ထပ်ရွာတရွာ ရှိတဲ့နေရာကို ဆက်သွားကြရတယ်။ သွားနေရင်းကပဲ ချောင်းရိုးတခုကို ဖြတ်ကျော်ဖို့ ဖြစ်လာပါတယ်။ ညက အတော်လေး ညဉ့်နက်နေပါပြီ။

ထွက်လာတဲ့ လမ်းတလျှောက်က ရွာတွေရှိတဲ့နေရာကို ရှောင်ကွင်းလာကြရတာပါ။ ဒီချောင်းရိုးဘေးရောက်တော့ ခွေးတကောင်၊ ကြောင်တမြီးမှ မရှိဘူး။ လူကြီးတွေက လှေကလေး တစီးတလေများ ရှိလေမလားဆိုပြီး လိုက်ရှာကြည့်ကြသေးတယ်။ ဘာလှေမှလည်း မရှိပါဘူး။

လှေမရှိတဲ့အတွက် လူကြီးတွေက ဖောင်လုပ်ဖို့ စီစဉ်ရပါတော့တယ်။ ဖောင်က ဝါးဖောင်တော့မဟုတ်ဘူး။ ဗေဒါပင်တွေကိုစုပြီး ဖောင်တခု လုပ်လိုက်တယ်။ ဖောင်က လူသုံးယောက်ပဲ နိုင်ပါတယ်။ ဖောင်သုံးစီး လုပ်လိုက်တယ်။ ဗေဒါဖောင်တစီးကို လူနှစ်ယောက်က ရေထဲကနေကူးပြီး တဘက်ကမ်းရောက်အောင် ပို့ပေးရတယ်။

လူသုံးယောက်က ဖောင်ပေါ်မှာလိုက်ပါတယ်။ လူနှစ်ယောက်က ဖောင်ရဲ့ ဘေးတဖက်တချက်ကနေ ရေကူးပြီး သယ်ပို့ပေးကြရတာပါ။ ရေကလည်းနက်ပါတယ်။ လူကြီးတရပ်တောင် ခြေဖျားထောက်လို့ မမီပါဘူး။

ဒီလိုနဲ့ပဲ ဗေဒါဖောင်သုံးစီးနဲ့ ချောင်းရိုးတဘက်ကမ်းကနေ တခြားဘက်ကမ်းရှိရာကို လူးလာခေါက်တုန့် သယ်ပေးကြရတာပါ။ ကိုယ်ဝန်ဆောင်သည်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို အခုလို တယောက်မကျန် တဘက်ကမ်းရောက်အောင် သွားကြရတာဖြစ်ပါတယ်။

ရွာသူရွာသားတွေက အယောက်ပေါင်း မနည်းလှပါဘူး။ ညလယ်ပိုင်းအချိန်ကနေ အခုလို သယ်ပေးကြတာ။ လူတွေအားလုံး တဘက်ကမ်းကို ရောက်သွားချိန်မှာတော့ အရုဏ်ဦးအလင်းတောင် သန်းလို့လာပါပြီ။ တညလုံးလည်း တရေးမှ မအိပ်ကြရသေးပါဘူး။ အလင်းရောင်မလာခင် တနေရာရောက်အောင် သွားကြဖို့ကိုသာ လူကြီးတွေက ဆော်ဩကြတဲ့အတွက် မနားဘဲ ခရီးထပ်ဆက်ကြရပြန်ပါတယ်။

တကယ် စိတ်ချလက်ချနေရမယ့်ရွာကို ၃ လအကြာ ခရီးနှင်ပြီးမှပဲ ရောက်လာကြတာပါ။ လမ်းမှာ တွေ့ရာအိမ်မှာ ခဏတည်းခိုဖို့ တောင်းပန်တိုးရှိုးရတာတွေလည်း ရှိခဲ့ပါတယ်။ အိမ်တွေက လက်မခံတဲ့အိမ်ရယ်လို့ မရှိပါဘူး။

ကျမတို့ ရွာကို နှုတ်ဆက်ထွက်ခွာလာခဲ့ရတာ ဘယ်အချိန် ရွာခြေ ပြန်ကပ်နိုင်မလဲဆိုတော့ စိတ်ကူးယဉ်လို့မရပါဘူး။ ရောက်ရာနေရာ၊ ရောက်ရာအရပ်မှာပဲ ရှင်သန်နေထိုင်ဖို့အတွက် ကြံဆလုပ်ကိုင် ဆောင်ရွက်ကြရတာပါပဲ။

ရွာကနေထွက်လာတော့ ကျမက ဆယ်ကျော်သက်အရွယ်ဖြစ်ပါတယ်။ ရွာကနေထွက်လာချိန်က နှစ်ပေါင်း ၂၀ ကျော်ကြာတော့မှပဲ ရွာခြေပြန်ကပ်နိုင်မယ်လို့ ဘယ်ထင်ထားမလဲ။ တွေးလည်း မတွေးမိထားပါဘူး။

ကျ‌မ ရွာကိုပြန်ရောက်တဲ့အချိန်က ကလေးနှစ်ယောက်မိခင် ဖြစ်လို့နေပါပြီ။ ရွာပြန်ရောက်တော့ အဖေပိုင်တဲ့ ကိုင်းစိုက်ခင်း မြေကွက်တချို့တောင် ကမ်းပြိုလို့ ပါသွားပါပြီ။ ရွာကို အသစ်တဖန် ပြန်အသက်သွင်းကြတဲ့အချိန်က ကျမအသက် သက်တမ်းထက်ဝက်ကို ကျော်လွန်ခဲ့ပါပြီ။ ။

မှတ်ချက်။ ။ အဖွား ဒေါ်လှူ၏ စစ်ရှောင်အတွေ့အကြုံ ပြောပြချက်ကို ရေးဖွဲ့ထားခြင်းဖြစ်သည်။

(“The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘​တာပလု’ ရဲ့ “မြစ်ဆိပ်က ကုလားတက်ခေါက်သံ” ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...