Connect with us

Hi, what are you looking for?

Short Story

‘လူ့သမိုင်း’

ဘေးအိမ်မှာ နာရေးရှိရင် ကျန်တဲ့အိမ်တွေက တိတ်ဆိတ်ပေးရတာ လူ့ယဥ်ကျေးမှုတဲ့။

ဟုတ်တာပေါ့။ လူတယောက် သေဆုံးသွားတာကို ဝမ်းနည်းပေးတဲ့အနေနဲ့ တိတ်ဆိတ်ပေးရတာ။

ဒါပေမယ့် သေဆုံးသွားသူတိုင်းဟာ ကျန်ခဲ့တဲ့ လူတိုင်းအတွက် ဝမ်းနည်းပေးရမှုနဲ့၊ တိတ်ဆိတ်ပေးရမှုနဲ့ တန်ပါရဲ့လား။

◼️ ထွင်

ဘေးအိမ်မှာ နာရေးရှိရင် ကျန်တဲ့အိမ်တွေက တိတ်ဆိတ်ပေးရတာ လူ့ယဥ်ကျေးမှုတဲ့။

ဟုတ်တာပေါ့။ လူတယောက် သေဆုံးသွားတာကို ဝမ်းနည်းပေးတဲ့အနေနဲ့ တိတ်ဆိတ်ပေးရတာ။

ဒါပေမယ့် သေဆုံးသွားသူတိုင်းဟာ ကျန်ခဲ့တဲ့ လူတိုင်းအတွက် ဝမ်းနည်းပေးရမှုနဲ့၊ တိတ်ဆိတ်ပေးရမှုနဲ့ တန်ပါရဲ့လား။

Public Service Announcement

Public Service Announcement

ဟင့်အင်း။ လူတိုင်းတော့ မတန်ပါဘူး။ တချို့တွေရဲ့ သေဆုံးခြင်းဟာ ကျန်ခဲ့တဲ့သူတွေအတွက် ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်တယ်။ ကိုယ် မနာလိုသူ သေဆုံးသွားလို့ မဟုတ်။ သေဆုံးသွားသူဟာ လူ့လောကကြီးကို ကောင်းကျိုး မပေးခဲ့သူ၊ ပတ်ဝန်းကျင်ကို အဆိပ်သင့်စေခဲ့သူ အဲ့ဒီလို လူစားမျိုး ဖြစ်နေခဲ့ရင် အဲ့ဒီလူ သေဆုံးသွားတာက ကျန်ခဲ့တဲ့သူတွေအတွက် ဝမ်းသာစရာပေါ့။ အဲ့ဒါကို လူ့သမိုင်းလို့ ခေါ်တယ်။

လူတယောက် သေဆုံးသွားလို့ ကျန်ခဲ့တဲ့သူတွေက ဝမ်းနည်းပေးရမှု၊ ပျော်ရွှင်ပေးရမှုဟာ သေဆုံးသွားသူ မသေခင်က လုပ်ဆောင်ခဲ့တဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ကြည့်ပြီး သတ်မှတ်နိုင်တယ်။

ဗိုလ်ချုပ်အောင်ဆန်းဆိုရင် လူ့ကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး များစွာ လုပ်ခဲ့လို့ ကျဆုံးခဲ့တဲ့ နေ့ရက်ရောက်တိုင်း ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲတွေ ကျင်းပကြတယ်မလား။ ပြီးတော့ လူ့ကောင်းကျိုး များစွာ ပြုလုပ်ခဲ့တဲ့ စာရေးဆရာတွေ ဖြစ်တဲ့ ပီမိုးနင်း၊ မြသန်းတင့်၊ ဦးထုဦးလှ၊ လူထုဒေါ်အမာ၊ တက္ကသိုလ်နန္ဒမိတ်၊ ညီပုလေး၊ ဗန်းမော်တင်အောင်၊ ကြည်အေး စတဲ့ စာရေးဆရာတွေ ကွယ်လွန်တော့ ပြည်သူတွေ ဝမ်းနည်းခဲ့ကြတာ။

နောက် ဆရာဝန်တွေဖြစ်တဲ့ နာဂသိန်းလှိုင်၊ သန်းမင်းထွဋ်၊ မိုးလေဝသဦးထွန်းလွင်၊ စုစုစံ(ခ) ဦးထွန်းအောင်ကျော်။ နောက် ရုပ်ရှင် ဂီတ အနုပညာရှင်တွေဖြစ်တဲ့ ဝင်းဦး၊ ဒွေး၊ ကျော်ဟိန်း၊ ထူးအိမ်သင်၊ လွှမ်းမိုး စသူတို့ ကွယ်လွန်ခဲ့ခြင်းဟာ အထူး ဝမ်းနည်းကြေကွဲဖို့ ကောင်းခဲ့ကြတယ်။

တချို့တွေရဲ့ သေဆုံးခြင်းကကြတော့ ဝမ်းနည်းမှုနဲ့ ဘယ်လိုမှ မထိုက်တန်လို့ မပျော်ရွှင်ချင်ရင်တောင် ပျော်ကို ပျော်ရွှင်ပေးရမယ့် လူစားမျိုးတွေ။ အဲ့ဒီလို လူစားမျိုးတွေ လောကကြီးမှာ အများကြီးရှိပါတယ်။

အာဏာရှင်တွေဖြစ်တဲ့ ဟစ်တလာ၊ ဆဒ်ဒမ်ဟူစိန်တို့ သေဆုံးခြင်းကတော့ ပျော်စရာ အကောင်းဆုံး သေဆုံးခြင်းပါ။ ဗလာဒီမာပူတင်တို့ မင်းအောင်လှိုင်တို့၊ ဒူတာတေးတို့ သေရင်တော့ ပျော်ကြမှာတော့ အသေအချာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံခဲ့တဲ့ ဂဠုန်ဦးစောကိုတော့ သေစေချင်လို့ကို ကြိုးပေးခဲ့ကြတာ။ တိုင်းပြည် လွတ်လပ်ရေး ရရချင်း တိုင်းပြည်အာဏာကို ပြန်သိမ်းလိုက်တဲ့ နေဝင်း သေသွားတော့ ပြည်သူအားလုံး ပျော်ခဲ့ကြတာပဲ။ ပြည်သူ့အပေါ် ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့တဲ့ ခင်ညွန့်နဲ့ သန်းရွှေတို့ကိုတော့ မြန်မြန်သေပါစေလို့ ဆုတောင်းနေကြတယ်။ ပါတီအပေါ် သစ္စာဖောက်ခဲ့တဲ့ ဒုသမ္မတ ဟင်နရီဗန်ထီးယူ၊ ကိုကိုကြီး၊ မိုးဟိန်း၊ သက်သက်ခိုင်၊ ဖြိုးမင်းသိန်းတို့ကတော့ လူ မသေခင်ကတည်းက နာမည်သေနေကြပြီ။ သူတို့ သမိုင်းဟာ ဘယ်လိုမှ မလှပနိုင်တော့ဘူး။ အဖတ်ဆယ်လို့လည်း မရနိုင်တော့ဘူး။ သီတဂူတို့၊ ခေတ်ကို ပြောင်းချင်ရင် ခေါင်းကိုပစ် လို့ မိန့်တဲ့ ကိုယ်တော်တို့၊ ဝီရသူတို့ကိုတော့ ပြည်သူတွေက ဧယဥ်ကျူးပွဲ ကြည့်ချင်လှပြီတဲ့။

ဆန္ဒပြ ကျောင်းသူ၊ ကျောင်းသားလေးတွေကို စစ်ခွေး၊ ရဲခွေးတွေက လိုက်ဖမ်းလို့ အကယ်ဒမီတွေ တသီကြီးရခဲ့တဲ့ မင်းသားကြီးရဲ့ အိမ်ကို အားကိုးတကြီး ဝင်ပုန်းတော့ မင်းသားကြီးက ဝှက်ပေးဖို့ နေနေသာသာ စစ်ခွေး၊ ရဲခွေးတို့ဆီ ဖုန်းဆက်ပြီး လာဖမ်းခိုင်းခဲ့ဖူးတယ်။ အဲဒီ မင်းသားကြီး သေသွားတော့ ဝမ်းသာကြတာ ဘာဆန်းလဲ။ အကယ်ဒမီတွေသာ တသီကြီး ရခဲ့တာ ပြည်သူ့အတွက် ဘာကောင်းကျိုး ပြုခဲ့လို့လဲ။ ပြီးတော့ ကြံကြံဖန်ဖန် စစ်ခွေး၊ ရဲခွေးတို့ဆီ လက်ထိတ်တွေ လှူခဲ့တဲ့ အကယ်ဒမီမင်းသမီးကြီး သေရင်ကော ဝမ်းနည်းကြပါ့မလား။ လောကမှာ သနားစရာ အကောင်းဆုံး လူသားတွေဟာ မိဘမဲ့ ကလေးတွေပါပဲ။ ဒီလို ကလေးတွေကို အသုံးချပြီး စီးပွားရှာ ချမ်းသာနေတဲ့ ပရဟိတမင်းသမီးကြီးရဲ့ သမိုင်းကရော လှပါ့မလား။ အာဏာသိမ်းစစ်တပ်နဲ့ တပူးတွဲတွဲ ပေါင်းပြီး ပြည်သူတွေကို စော်ကားနေတဲ့ တိရိစ္ဆာန်အမည်နဲ့ အဆိုတော်ကောင်ကိုတော့ ပြည်သူတွေက နုပ်နုပ်စဥ်းချင်နေကြပြီ။ စစ်ကောင်စီအလိုကျ အနုပညာတွေ ဖန်တီးနေတဲ့ စာရေးဆရာတွေ၊ အဆိုတော်တွေ၊ သရုပ်ဆောင်တွေရဲ့ သမိုင်းကတော့ အကျည်းတန်မှာ အသေအချာပါ။ စစ်ကောင်စီကို အားပေးနေသူတို့ရဲ့ သမိုင်းမှ မဟုတ် တော်လှန်ရေးကို အသုံးချပြီး မိမိကိုယ်ကျိုး စီးပွားရှာတဲ့သူတွေရဲ့ သမိုင်းကလည်း လှမှာမဟုတ်ပါ။

ကိုယ့်ဘဝမှာ လူတယောက် သေဆုံးသွားလို့ ပျော်ရွှင်ပေးရမယ့် လူစားများစွာ တွေ့ခဲ့ရဖူးပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာတော့ တယောက်ပဲ တွေ့ခဲ့ရပါတယ်။

တနေ့ကပေါ့။ ကိုယ်နဲ့ စီဒီအမ် အတူ အလုပ်ခဲ့တဲ့ တရုံးတည်းထိုင် အစ်မတယောက်က စကရင်မ်ရှော့ တပုံ လာပြတယ်။ ကိုယ်တို့ရုံးက စက်ရုံမှူးဟောင်းတယောက် နာမကျန်းဖြစ်ပြီး ကွယ်လွန်တဲ့အကြောင်း သူ့မိသားစုဝင်တဦးက ပို့စ်တင်ထားတဲ့ ပုံပါ။

အဲဒီစက်ရုံမှူးရဲ့ သေဆုံးခြင်းဟာ ကျန်ခဲ့သူတွေအတွက် ဝမ်းသာခြင်း ဖြစ်သင့်လို့ ကိုယ်ကတော့ စီဒီအမ်လုပ်ဖက် သူငယ်ချင်းတွေ အကုန်လုံးကို မျှဝေပေးလိုက်တယ်။ တချို့ သူငယ်ချင်းတွေက ဂန့်ပြီကိုး လို့ ပြန်ပြောကြတယ်။ တချို့ကကျတော့ ဟဟ ပေးကြတယ်။ ပြီးတော့ ဆက်ပြောသေးတယ်။ မင့်ကောင် ငညီ့ကိုလည်း ပြလိုက်ဦး၊ အဲ့ကောင်ဆို ထ,က,မယ် ထင်တယ် တဲ့။ သူ့ သေဆုံးခြင်းဟာ ဝမ်းသာခြင်းနဲ့ တကယ် ထိုက်တန်လို့ပဲ။ တချို့ကကျတော့ သိတယ်တဲ့၊ အကူငွေတောင် ထည့်ဖြစ်လိုက်တယ်တဲ့။ ကိုယ်ကတော့ ပြန်ပြောလိုက်တယ်။ တန်လို့လား၊ သူလိုလူက အကူငွေထည့်ဖို့ တန်လို့လား လို့။

ကိုယ့်အထင် အဲ့ဒီစက်ရုံမှူးဟောင်းဟာ နာရေးအကူငွေ ထည့်ဖို့တောင် မတန်တဲ့သူပါ။ ဟုတ်တယ်လေ၊ သူဟာ ရာထူးအရှိန်အဝါနဲ့ လက်အောက်ဝန်ထမ်းတွေအပေါ် ဘယ်လောက် ယုတ်မာ ကောက်ကျစ်ခဲ့တယ်ဆိုတာ ဝန်ထမ်းတွေ အကုန်လုံး အသိပဲ။

ပြုံးပြုံးကြီး နေတတ်သူဟာ ကြောက်စရာအကောင်းဆုံးပဲလို့ ပြောကြတယ်။ အဲ့လိုလူဟာ စက်ရုံမှူးလို လူစားမျိုးပါပဲ။ မျက်နှာကြီးက ပြုံးပြုံးကြီး။ ဒါပေမယ့်လည်း သူ့အပြုံးကြီးဟာ နှစ်လိုဖွယ်မရှိ။ ဟန်ဆောင်ပြုံးလိုလို၊ မဲ့ပြုံးလိုလို။ တစုံတယောက်ကို တနေ့ကျ လက်စားချေမယ်လို့ တေးမှတ်လိုက်တဲ့ အပြုံးမျိုး။

သူဟာ ဒု ရာထူးတုန်းက ခပ်အေးအေးပါပဲ။ တကယ်တော့ နဂို အေးတာမဟုတ်ဘဲ လုပ်ပိုင်ခွင့် အပြည့်အဝ မရသေးလို့ အခွင့်အရေးကို ထိုင်စောင့်နေတယ်လို့ ကျနော် ထင်တာပဲ။

ရာထူးအကြီးအဆုံး စက်ရုံမှူးရာထူးကြီး ရသွားတော့ ဒု ရာထူးတလျှောက်လုံးမှာ မျိုသိပ်ထားခဲ့တဲ့ လုပ်ချင်တဲ့အရာတွေကို ချက်ချင်းလုပ်တော့တာပဲ။

ဝန်ထမ်းတွေအားလုံးကို စက်ရုံအတွင်း၊ အပြင် ပေါင်းမြက်ရှင်းခိုင်းတယ်။ မနက်အလုပ်ရောက်ရောက်ချင်း ပေါင်းမြက်အရင်ရှင်းပြီးမှ ရုံးအလုပ် လုပ်ရတယ်။ ညနေပိုင်းမှာလည်း ရုံးမဆင်းခင် ပေါင်းမြက်ရှင်းခိုင်းပြီးမှ ရုံးဆင်းရတယ်။ အစိုးရက ချပေးထားတဲ့ ရုံးအလုပ်တွေ မပြီးမပြတ်နိုင် ရှိနေလည်း ပေါင်းမြက်က ရှင်းကို ရှင်းရတာပဲ။ အစိုးရက ချပေးတဲ့ အလုပ် ပြီးမြောက်ဖို့ အဓိက မဟုတ်။ ပေါင်းမြက် ရှင်းရဖို့သာ အဓိက။ တနှစ်အတွင်းမှာ ပေါင်းမြက်ရှင်းချိန်ပေါင်းက လေးလလောက် ရှိပါတယ်။

ပြီးတော့ သူ သဘောမကျတဲ့ ဝန်ထမ်းတွေကို ဋ္ဌာန အပြောင်းအရွှေ့ လုပ်ပစ်တယ်။ ကျနော်တို့ စက်ရုံထဲမှာ ဋ္ဌာန အစုံရှိတယ်။ တချို့တွေများဆို တလအတွင်းမှာကို ငါးဋ္ဌာနလောက် အပြောင်းခံရတယ်။ သူ သဘောမကျသူတွေကိုသာ ပြောင်းရွှေ့ပစ်တာ သူ သဘောကျသူတွေကိုကျတော့ အခွင့်အရေးတွေ ပေးတယ်။ ရာထူးတွေ တိုးပေးတယ်။ အလုပ်သက်သာတဲ့ နေရာပေးတယ်။ စက်ရုံထဲမှာ အလှဆုံး မိန်းကလေးတယောက်ကိုတော့ သူ့ရုံးမှာ ထိုင်စေလို့ သူ့ရဲ့ စီးတော်ယာဥ်နဲ့ကို သွားကြိုပေးခဲ့သေးတယ်။ သူ့ကြောင့် ဝန်ထမ်းအများအပြား စိတ်ဒဏ်ရာ ရကြတယ်။ တချို့ကျတော့ သူ့ဒဏ် မခံနိုင်လို့ အလုပ်ထွက်သွားသူလည်း အများသား။ အဲ့ထဲမှာ ရုပ်ရှင်အက်ဆေးတွေချည်း ရေးတဲ့ ကျနော့်သူငယ်ချင်းလည်း ပါသေးတယ်။

အဲ့ဒီ စက်ရုံမှူး လုပ်ခဲ့တဲ့ လုပ်ရပ်တွေမှာ ဘယ်တော့မှ မေ့မရမယ့်၊ ဝန်ထမ်းတွေကို စိတ်ဒဏ်ရာ အကြီးကြီး ရစေခဲ့တဲ့ လုပ်ရပ်တခုလည်း ရှိခဲ့သေးတယ်။ အဲ့ဒါက စက်ရုံကို ဝင်ငွေအပိုရစေချင်လို့ဆိုပြီး ဆိတ်မွေးခဲ့တာပါ။ ဝန်ထမ်းတွေက အလှည့်ကျ ဆိတ်ကျောင်းရမယ်တဲ့လေ။

တွေးကြည့်ပါ။ စက်ရုံထဲမှာ ဘွဲ့ရ ပညာတတ် ဝန်ထမ်းတွေချည်းပါ။ အင်ဂျင်နီယာတွေ၊ ဘီအီး၊ အမ်မ်အီးတွေလည်း ပါသေးတယ်။ စက်မှုသင်တန်းကျောင်းဆင်းတွေရော။ အဲ့လို လူစားတွေကို ဆိတ်ကျောင်းရမယ်ဆိုတာကြီးက ကြားရရုံနဲ့တင် ရယ်ချင်စရာကြီးပါ။ ဘယ်လိုတောင် ရွှေဉာဏ်တော်စူးရောက်ပါလိမ့်။ စက်မှုစွမ်းအား ခေတ်ကျော်လွှား ဆိုတဲ့ ဆောင်ပုဒ်က စက်မှုအလုပ်တွေကို လုပ်ဖို့အတွက် ရေးမှတ်ထားတာ။ ဆိတ်ကျောင်းဖို့မှ မဟုတ်ဘဲ။ ဆိတ်ကျောင်းတယ်ဆိုတာ တောရွာတွေမှာ စာပင် မဖတ်တတ်တဲ့ တောသူတောသားတွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်။

ဒီ ဆိတ်ကျောင်းမယ့်အလုပ်ကို တချို့ဝန်ထမ်းတွေက ကန့်ကွက်ကြတယ်။ တချို့တွေကတော့ ထောက်ခံတယ်။ ထောက်ခံတယ်လို့လည်း ပြောလို့မရပါဘူး။ ရာထူးကြီးသူကို ရာထူးငယ်သူက ကြောက်ရတာပဲမလား။ ဒီတော့ စက်ရုံမှူး နိုင်သွားတယ်။ ကျနော်ကတော့ အကြားအာရုံ မသန်စွမ်းသူမို့ ဘာတွေဆွေး​နွေးနေကြတယ်ဆိုတာ မသိခဲ့လို့ ဝင်မပါခဲ့ရဘူး။ နို့မို့ဆို မတ်တတ်ထပြီး ကန့်ကွက်ခဲ့မှာပါ။

စက်ရုံမှူးနိုင်သွားတော့ ဆိတ်တွေဝယ်ပြီး ကန့်ကွက်ခဲ့သူတွေကို ဆိတ်ကျောင်းခိုင်းတယ်။ တချို့ကောင်တွေကိုတော့ ဆိတ်ခြံထဲမှာပဲ အိပ်ခိုင်းတယ်။ ရုပ်ရှင်အက်ဆေးရေးတဲ့ ကျနော့်သူငယ်ချင်းလည်း ပါသေးတယ်။

အဲ့ဒီတုန်းက ဆိတ်ကျောင်းခဲ့ရသူတွေရဲ့ မျက်နှာကို ကျနော်မေ့လို့မရဘူး။ သူတို့ ရှက်နေကြတယ်။ မျက်နှာမဖော်ဝံ့ကြဘူး။ ဆိတ်ခြံစီမံကိန်းကြီးက ပတ်ဝန်းကျင်ရွာပေါင်းစုံအထိ ပျံ့တယ်။ ရွာပေါင်းစုံက ဆိတ်ကျောင်းသား၊ ဆိတ်ကျောင်းသူမ လို့ လှောင်ပြောင်နေလိမ့်မယ်လို့ သူတို့စိတ်ထဲ ထင်နေမှာ အသေအချာ။ ရင်ထဲမှာလည်း စက်ရုံမှူးကို ကျိန်ဆဲနေကြမှာ။ ဝန်ထမ်းတွေ စုပေါင်းပြီး အထက်ကို တိုင်ကြားလိုက်မှ ဆိတ်ခြံစီမံကိန်းကြီး ပျက်စီးရတယ်။

တလောလေးက ပီဒီအက်ဖ်တယောက်နဲ့ လက်ထပ်သွားတဲ့ စီဒီအမ်လုပ်ဖော်ညီမလေးက ပြောဖူးတာမှတ်မိသေးတယ်။ ဆိတ်ကျောင်းခဲ့ရတာကို တသက်မမေ့ဘူးတဲ့လေ။ အဲ့ညီမလေး ကျေနပ်အောင် စက်ရုံမှူး ကွယ်လွန်သွားတဲ့အကြောင်း လက်ထပ်ပွဲမှာ ပြောပြလိုက်တယ်။ ညီမလေးမျက်နှာက ဖြိီးနေတာပဲ။

အဲ့ဒီစက်ရုံမှူး နယ်ပြောင်းသွားတော့ လာဘ်စားမှုနဲ့ တိုင်ကြားခံရပြီး ထောင်ကျနေတယ်လို့ ကြားခဲ့ရတယ်။ အခုတော့ ကွယ်လွန်ရှာပါပြီ။ သူလိုလူစားမျိုးဟာ လောကကြီးကို ဘာမှ ကောင်းကျိုးမပေး၊ ဆိုးကျိုးသာ ပေးတဲ့အတွက် လောကကြီးမှာ မရှိလေ ကောင်းလေပါပဲ။ အခုတော့ အဲ့ဒီလူကြီး မရှိတော့လို့ ကျန်ခဲ့သူတွေက ပျော်ရွှင်သင့်တယ်မဟုတ်လား။

လူ့သမိုင်းဆိုတာ ဒါပါပဲကွယ်။ ဘယ်သူမဆို ကောင်းတာလုပ်ခဲ့ရင် သမိုင်းလှမယ်။ မကောင်းတာ လုပ်ခဲ့ရင် သမိုင်းဆိုးမယ်ပေါ့။

အခု လောလောဆယ် ကျနော် သေစေချင်တဲ့သူကတော့ မင်းအောင်လှိုင်ပါပဲ။ မင်းအောင်လှိုင်သာ သေခဲ့ရင် တနိုင်ငံလုံး အကြီးအကျယ် ပျော်ရွှင်ပွဲကြီး ကျင်းပကြမှာ မြင်ယောင်ပါသေးတယ်။ သူလိုလူသေရဲ့ သေဆုံးခြင်းက အဲ့လို ပျော်ပွဲရွှင်ပွဲ ကျင်းပကြရလောက်အောင် တနိုင်ငံလုံးအပေါ် ယုတ်မာပက်စက်လွန်းသူပဲလေ။

(အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ။)

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ထွင်” ရဲ့ “‘လူ့သမိုင်း” Essayကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...