Connect with us

Hi, what are you looking for?

ကဗျာ

‘အိမ်ကိုလွမ်းတဲ့အကြောင်း….’

◼️ရိုးငှက်
အိမ်ဟာနွေးထွေးတဲ့အသိုက်အမြုံဖြစ်ကြောင်း
ငါတို့အားပါးတရပြောချင်စိတ်ဖြစ်တော့
ငါတို့ဟာအိမ်နဲ့မိုင်ပေါင်းအဝေးကြီးမှာ
ဒုက္ခတရားအပြည့်နဲ့ .. ။

လမ်းမကြီးကိုကြောက်ရွံ့‌မုန်းတီးရင်း
ကိုယ်နဲ့မဆိုင်တဲ့နယ်ပယ်မှာငြီးငွေ့ရင်း
ကိုယ့်ကိုယ်ကိုတောင်မေ့လျော့လာရင်းနဲ့
အိမ်ကိုပိုတမ်းတဖြစ်လာတယ် ။

ညတွေရဲ့
ခပ်စိပ်စိပ်ကယောက်ကယက်အိပ်မက်တွေထဲမှာ
အိမ်အကြောင်းပဲအပ်ကြောင်းထပ်ရင်း
မိုးလင်းမှာကို ကြောက်နေရတယ် ။

အိမ်ပြန်ချင်စိတ်ကြီးစိုးတဲ့ညတွေမှာဆို
စွန့်စားခဲ့ရတဲ့ ရည်မှန်းချက်ကြီးကို
ပစ်ထားခဲ့ချင်ပြန်တယ် ။

Public Service Announcement

Public Service Announcement

ညဉ့်နက်နက်ရဲ့အမှောင်ထုထဲကို
ဗလာမျက်လုံးနဲ့ငေးနေရင်း
အိမ်ရဲ့ပုံရိပ်တွေမြင်မိတဲ့အခါဆို
စီးကရက်မီးခိုးတွေနဲ့ပုလင်းလွတ်တွေဟာ
ဘေးနားမှာ ငိုချင်းချလို့ ။

‌ဒါပေမယ့်လေ
ပြန်စရာအိမ်တွေ
ပြာဖြစ်သွားတဲ့လူတွေအကြောင်း
ရပ်ရွာတွေရှေ့က ကြယ်ဖြူနဲ့အုတ်ဂူတွေအကြောင်း
ခေါင်းထဲဝင်လာပြန်တော့
တောက်ခေါက်သံပြင်းပြင်းနဲ့
အံကြိတ်အားတင်းရပြန်တယ်။

ဒီလိုနဲ့ပဲ..
မကျွမ်းကျင်မှုနယ်ပယ်မှာ
အသားကျအောင်နေ
ဒုက္ခဆိုတာ‌တော့
ငယ်ပေါင်းကြီးဖော်လိုပေါ့ ။

အတွေ့အကြုံအခြေအနေအရ
မာကြောကျွပ်ဆပ်နေတဲ့ကိုယ်ဟာ
အိမ်အကြောင်းတွေးမိတော့
နှလုံးသားဟာဖန်သားပြင်လိုပဲ
မာပေမယ့်ကြည်လင်နေသေးတာတော့
ကိုယ်တအံ့တဩ ။

အခိုက်အတန့်တစ်ခုမှာ
စိတ်ပါလက်ပါပြုံးမိတာတွေက
မိသားစုထမင်းဝိုင်းတစ်ခုကရယ်သံလေးတွေကို
ပြန်ပြောင်းမြင်ယောင်မိတာရဲ့
တစ်ဝက်ပဲနွေးထွေးစေတာပါ။

ရည်မှန်းချက်တွေပြီးသွားလို့
အိမ်ပြန်ရောက်တဲ့အခါ
အားလုံးရဲ့အပြုံးမျက်နှာတွေကို
အားပါးတရငေးရင်း
အိမ်ကိုဘယ်လောက်လွမ်းကြောင်း
မာကျောတဲ့ကိုယ်ဟာ မျက်ရည်ကျခဲ့မိကြောင်း
‌ပြောပြမိမှာပါလေ ။

အခုတော့ ..
အိမ်ဟာ အိပ်မက်တစ်ခုဖြစ်ပြီး
အိပ်မက်မှာလည်း အိမ်ဖြစ်နေကြောင်း
စကားလုံးတွေပဲဖွင့်ဟနိုင်တော့တယ် … ။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​ရိုးငှက်’ရေးဖွဲ့တဲ့ “အိမ်ကိုလွမ်းတဲ့အကြောင်း…” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက်အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...