Connect with us

Hi, what are you looking for?

ကဗျာ

‘ဒီနိုင်ငံမှာလူဖြစ်ရခြင်းက ဘာတွေများမှားခဲ့လဲမေမေ’

◼️စောစုစုခင်

သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံး
သူငယ်ချင်းက တောထဲမှာမေမေရဲ့။

သမီးရဲ့ဝက်ဝံရုပ်လေးကလည်း
လွတ်မြောက်နယ်မြေထဲမှာ
သမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေ
သမီးရဲ့ဖဲပြားကလစ်လေးတွေက
မြေမြုပ်မိုင်းဖြစ်နေပြီလားဟင်
သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လား
ဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါ
တချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့
တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။

မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ မေမေရယ်။

Public Service Announcement

Public Service Announcement

သမီးရဲ့ညတွေမှာ
သီချင်းလေးနည်းနည်းလောက် ရမလားဟင်
ဖေဖေနားထောင်နေတဲ့ တီဗွီသတင်းတွေတော့မပါကြေးနော်။

လူသားချင်းစာနာထောက်ထားမှုပါတဲ့ စောင်နဲ့ ခြုံအိပ်ချင်တယ်မေမေ
ဖေဖေနဲ့မေမေက တူတူချူပ်ပေးနော်
သမီးရဲ့သူငယ်ချင်းလေးကို
စာသင်ခန်းထဲပြန်ခေါ်မယ်မေမေ
သူ့ကို စာသင်ခုံတွေက
ကျည်ဆံမထွက်ဘူးဆိုတာ ရှင်းပြချင်တယ်။

သမီးရဲ့ဝက်ဝံရုပ်လေးကို
သမီးအိပ်ယာထဲပြန်ထားပေးပါမေမေ
သမီးရဲ့ကဗျာတွေကိုလည်း
သေချာလေးမြေမြုပ်ပေးပါ။

သမီးအိပ်ချင်တယ် မေမေ…
သမီးကို ကောင်းကင်ကကျလာတဲ့
ဗုံးတွေအကြောင်းပြောပြပြီး
ချော့သိပ်နော် မေမေ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘စောစုစုခင်’ ရေးဖွဲ့တဲ့ “​​ဒီနိုင်ငံမှာလူဖြစ်ရခြင်းက ဘာတွေများမှားခဲ့လဲမေမေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...