●ထွင်
စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ မိနစ်ပိုင်းလေးအတွင်းမှာပဲ လူမစုံတော့။ ထီးထီးကြီးရှိခဲ့သောအိမ်ကလေးက မီးလောင်ပြာကျသွားပြီ။ စည်ကားသိုက်မြိုက်ခဲ့သောရွာကလေးသည် ကျတ်ရွာကဲ့သို့ ပျောက်ဆုံးသွားပြီ။ လောကကြီးကို အဲဒီလို ပြောင်းလဲစေနိုင်သော စစ်အာဏာရှင်လက်ထက်။
ကျွန်ုပ်သည် ကျွန်ုပ်တို့ရွာက အဖြစ်အပျက်များကို “မေနေပူပူအောက်မှာ ပျော်ပျော်ကြီး စစ်ရှောင်ခဲ့ကြပြီးသည့်နောက်” အမည်ရှိ စာမူတပုဒ်ကိုစီပြီးနောက် ထိုနေ့မှာပဲ မဂ္ဂဇင်းတိုက်သို့ ပို့လိုက်သည်။ စစ်အာဏာရှင်၏ ဆိုးယုတ်မှုများကြောင့် တရွာလုံး စစ်ရှောင်ရသော အကြောင်းများကို စုံစုံစေ့စေ့ ရေးသားထားသည်။ စာမူပို့အပြီး နောက်နေ့ ဇွန်ရက်နေ့တွင် လုံးဝ ထင်မှတ်မထားသော အဖြစ်အပျက်များ ဖြစ်သွားခဲ့သည်။ မျက်စိတ်တမှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း။
ကျွန်ုပ်တို့ရွာအားစစ်အာဏာရှင်ကမီးလောင်တိုက်သွင်းလိုက်ခြင်း။ အခုလို စာမူ ပို့ပြီးပြီးချင်း ဖြစ်ပျက်သွားသောကြောင့် မီးရှို့ခံလိုက်ရသောအကြောင်းကို စာမူထဲ ထည့်မရေးလိုက်ရတော့ပေ။ ဒါကြောင့်လည်း နောက်ထပ်စာမူကို စီလိုက်ရသည်။

Public Service Announcement
ကျွန်ုပ်တို့ရွာသည် ရန်သူ့တပ်စခန်းနှင့် အနီးဆုံးနေရာမှာရှိနေသည်။ရွာ၏အရှေ့မြောက်ဘက်မှာ စစ်တပ်အထိုင်ချစက်ရုံ။
ရွာ၏အနောက်မြောက်ဘက်မှာတော့ ပျူစောထီးရွာကြီး။ သို့သော်လည်း ကျွန်ုပ်တို့ရွာလေးသည် အာဏာသိမ်းသက်တမ်း ၅ နှစ်ကျော်အတွင်း မီးလောင်တိုက်သွင်းခြင်း မခံရသေး။ ရန်သူ့တပ်စခန်းနှင့်မနီးသော ကျွန်ုပ်တို့ရွာပတ်ပတ်လည်မှ ရွာများစွာသည်သာ အကြိမ်ကြိမ် မီးရှို့ခံခဲ့ရသည်။ ဒါကြောင့်လည်း တချို့က ပြောကြသည်။
“ခင်ဗျားတို့ရွာကလေးက ကွက်ပြီး ကံကောင်းနေတာပဲ” တဲ့။ ထို့ကြောင့်လည်း ကျွန်ုပ်တို့တရွာလုံးက မီးရှို့ခံလိုက်ရသော ကံကြမ္မာဆိုးမျိုး သည်တသက် ကြုံရတော့မည်မဟုတ်ဟု ယုံကြည်ထင်မှတ်နေခဲ့ကြသည်။ မကြာခင်အတွင်း တော်လှန်ရေးကြီးလည်း အောင်မြင်သွားလိမ့်မည်ဟု ယူဆထားခဲ့ကြသည်ကိုး။ ထို့ကြောင့် ဇာတ်သိမ်းခါနီးမှ စ,သော ဇာတ်လမ်းကဲ့သို့ ကြုံလိုက်ရခြင်း ဖြစ်သည်။
“မေနေပူပူအောက်မှာ…” ဆောင်းပါးထဲကအတိုင်း ကျွန်ုပ်တို့တရွာလုံးသည် ခါတိုင်းလို့ စစ်ရှောင်ခဲ့ကြသည့်အတိုင်း အချိန်တန်လျှင် အိမ်ပြန်ကြရလိမ့်မည်ဟု တွေးမှတ်နေခဲ့သည်။ ရွာ့မြောက်ဘက် စစ်တပ်အထိုင်ချစက်ရုံတွင် အလုံးလိုက်အရင်းလိုက်ရောက်နေသော ရန်သူများသည်လည်း အချိန်တန် ပြန်သွားလိမ့်မည်ဟု ထင်မှတ်နေခဲ့သည်။ သည်တကြိမ်တော့ ထင်သလို လုံးဝ ဖြစ်မလာခဲ့ပေ။
အကြောင်းကား ရွာ့မြောက်ဘက်မှ စစ်တပ်အထိုင်ချ စက်ရုံဆီက ရန်သူသည် သရက်ကန်ပျူစောထီးရွာကို သိမ်းပိုက်ပြီးသွားသောအခါ သူတို့ အထိုင်ချစက်ရုံအား ဆက်တိုက်သိမ်းပိုက်မည်ကို အလွန်အမင်း စိုးရိမ်နေဟန် ရှိသည်။ ရှေ့ရှေ့တွင် ပျူစောထီးရွာတရွာအား သိမ်းပိုက်လိုက်နိုင်လျှင် နောက်ထပ်တရွာအား ဆက်တိုက် သိမ်းပိုက်နိုင် ခဲ့ကြသည့် အဖြစ်အပျက်များ ရှိခဲ့ဖူးသည်။
တကယ်တမ်းတွင် တော်လှန်ရေးသမားများသည် ကျွန်ုပ်တို့ရွာ မြောက်ဘက်မှ စစ်တပ်အထိုင်ချစက်ရုံအား သိမ်းပိုက်မည့်အစီအစဥ် မရှိသေးပေ။ အစီအစဥ်ရှိသည်က ရေပြာရွာနှင့် ကုက္ကိုစု ပျူစောထီးရွာဖြစ်သည်။ တကယ်လည်း ထိုနှစ်ရွာအား သိမ်းပိုက်နိုင်ခဲ့သည်။
ရွာ့မြောက်ဘက်မှာရှိတဲ့ စစ်တပ်အထိုင်ချစက်ရုံမှ ရန်သူများသည် သူတို့စက်ရုံအား သိမ်းပိုက်မည်ကို အလွန်အမင်း စိုးရိမ်နေဟန်ရှိရကား သရက်ကန်ရွာအားသိမ်းပိုက်ပြီး နောင်နေ့တွင် စစ်ကူများကို လေယာဥ်နှင့်လာချသည်။ရောက်ရောက်ချင်း တော်လှန်ရေးသမားများ မချဥ်းကပ်လာမီ အလျင်ဦးဆုံး စက်ရုံပတ်ပတ်လည်အနှံ့ ဒရုန်းမိုးများ ကြဲချသည်။ ကျွန်ုပ်တို့ရွာထဲအထိပင်လာချသည်။ ထို့ကြောင့် ရဲဘော်နှစ်ဦးနှင့် ပြည်သူတဦး ကျဆုံးခဲ့ရသည်။
ရန်သူသည် ဒရုန်းနှင့်အမြဲလိုလို စောင့်ကြည့်နေခဲ့သည်။ နေ့စဥ်ရက်ဆက် စောင့်ကြည့်နေသည်။ တယောက်ယောက်ကို တွေ့လျှင်ဒရုန်းနှင့်ကြဲချပြီး တိုက်ခိုက်တတ်သည်။
ဒရုန်းကြောင့် ကျွန်ုပ်တို့ရွာထဲက ရဲဘော်နှင့် ပြည်သူအပါအဝင် တခြားနေရာများထံမှ ရဲဘော်များလည်း နှစ်ကြိမ် ကြဲချခံရရာ စုစုပေါင်း သုံးကြိမ်ကြောင့် ရဲဘော်များ ကျဆုံးခဲ့ရသည်။
ထို့ကြောင့် တော်လှန်ရေးသမားများက ဒရုန်းများကို အမြဲစောင့်ကြည့်ထောက်လှမ်းနေပြီး ပြည်သူများကို ကွင်းပြင်သို့ မထွက်ရန်၊ အိမ်ထဲ သို့မဟုတ် သစ်ပင်အောက်တွင်သာနေရန် ကြီးကြပ်သတိပေးနေရသည်။ ပြည်သူများလည်း ဒရုန်းရန်ကြောင့် အကျအဆုံးများသည့်အဖြစ်များကို ကြားသိနေရရာ အလွန်အ
မင်း ကြောက်ရွှံ့ ထိတ်လန့်နေကြပြီး ကွင်းပြင်သို့ မထွက်ဝံ့ကြတော့ပေ။ တခြားရွာများမှ တောင်သူယာသမားများသည် မနေ့တနေ့က မိုးများ ရွာထားသဖြင့် စိုက်ပျိုးချိန် တန်နေသော်လည်း ဒရုန်းရန်ကြောက်ရသဖြင့် ယာထဲ မဆင်းရဲကြတော့ပေ။
ကျွန်ုပ်သည် စစ်ရှောင်ရင်း အားအားရှိနေသဖြင့် စစ်ရှောင်အတွေ့အကြုံများကို “မေနေပူပူအောက်…” ခေါင်းစဥ်နှင့် ရေးနေခဲ့သည်။ ရေးပြီးသောအခါ အတူစစ်ရှောင်များကို ဖတ်ပြသည်။ စစ်ရှောင်များက သဘောကျကြသည်။ ထိုညမှာပဲ စာမူကို တော်လှန်ရေးစာစောင်သို့ ပို့လိုက်သည်။
နံနက်ရောက်တော့ အိပ်ယာထထချင်း သတင်းဆိုးများကို ကြားလိုက်ရသည်။ ကျွန်ုပ်တို့နယ်မြို့၏ ဖေ့ဘုတ်ပေ့ချ်တွင် ကျွန်ုပ်တို့ရွာအား မီးရှို့နေပြီဆိုသောသတင်း တင်ထားကြောင်း တွေ့ရသည်ဆို၏။ ထို့ကြောင့် စစ်ရှောင်များသည် မိမိတို့အိမ် ပါမပါ မသိရသေးသော်လည်း ငိုကြသည်။ ရင်ထုမနာ ဖြစ်ရသည်။ အာဏာသိမ်းသူ မင်းအောင်လှိုင်ကို ဆဲကြသည်။
မိမိတို့သည် နောက်ဆုံးတွင် အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်သွားပြီဆိုတာကို သိလိုက်ကြရသည်။ နောင်ရေးကို တွေးပူကာ စိတ်ဓာတ်တွေ ပြိုလဲကုန်ကြသည်။ ဘယ်မှာ နေရတော့မည်လဲ။ အဘယ်အရပ်မှာ အခြေချ ကြရတော့မည် လဲ။ ဘာလုပ်စားကြရမည်လဲ။ ပြန်စရာ ရွာလည်း မရှိတော့။ ရွာပြန်လို့ရလျှင်တောင် အိမ်မရှိတော့။ ဘယ်လိုများ ရှင်သန်ရပ်တည်ကြရပါ့။
ကျွန်ုပ်ကတော့ မြန်မာပြည်သူတရပ်လုံးသည် ခြင်းထဲကကြက်တွေလို ဘဝများ ကြုံနေကြရမည်မှန်း သိသဖြင့် တနေ့နေ့တွင် ကိုယ့်အလှည့် ကျရောက်လာလျှင် ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားခဲ့သဖြင့် အထူးတလည် ဝမ်းနည်းမနေခဲ့မိပါ။ ကံကောင်းသည်ကား မီးရှို့ခံရသော အိမ်ခြေစာရင်းများ ထွက်လာသည့်အခါ ကျွန်ုပ်တို့ အိမ်လေးသည် ကံကောင်းပြီး ကွက်ကျန်ခဲ့သည်။ တခုပဲ စိတ်ထဲ စနိုးစနောင့် ဖြစ်သွားသည်။ မနေ့ညက ပို့လိုက်သော စာမူထဲတွင် မီးရှို့ခံလိုက်ရသော အကြောင်းများကို ထည့်ရေးခွင့် မရလိုက်ခြင်းကိုပင်။ တညလောက်စောင့်ပြီးမှ ပို့လိုက်လျှင် အကောင်းသားဟု တွေးနေခဲ့သည်။
ရန်သူသည် အင်မတန်မှ ရက်စက်လှသည်။ ကျွန်ုပ်တို့တရွာလုံးကို ရွာလုံးကျွတ် မီးရှို့ခဲ့သည့် အရိပ်အယောင်များကို တွေ့ခဲ့သည်။ အဓိက လောင်ကျွမ်းသော အိမ်များသည် ရွာအစပ်မှ အိမ်များနှင့် ရွာလယ်တည့်တည့်မှ အိမ်များဖြစ်သည်။ တအိမ်ခြား၊ သုံးအိမ်ခြားပြီး ရှို့သည်။ ဤသည်မှာ ရွာလုံးကျွတ် မီးကူးပြီး လောင်ကျွမ်းစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ အင်မတန်မှ ယုတ်မာအောက်တန်းကျလှသည်။
ရွာ၏ အဖြစ်အပျက်ကြောင့် တရွာလုံး၏ စိတ်ဓာတ်တို့သည် ပြိုလဲကုန်ကြပြီ။ သည်တကြိမ် စစ်ရှောင်ကြရခြင်းသည် အလွန်ရှည်လျားမည်မှန်း သိနားလည်သွားကြတော့သည်။ ရွာ့မြောက်ဘက် စစ်တပ်အထိုင်ချစက်ရုံမှ ရန်သူ အလုံးလိုက်အရင်းလိုက်သည် လွယ်လွယ်ပြန်ကြတော့မည်မဟုတ်မှန်းလည်း သိနားလည်သွားကြပြီ။
သူတို့နေရာအား သိမ်းပိုက်မည်ကိုစိုးရိမ်ပြီး အင်အားများသာ ထပ်တိုးလာကြလိမ့်မည်။ တော်လှန်ရေးသမားများ နောက်တကြိမ် သိမ်းမည့်နေရာသည် ထိုနေရာမဟုတ်ဘဲ တွင်းမပျူစောထီးရွာဖြစ်နေလျှင် ကျွန်ုပ်တို့တရွာလုံးသည် ယခု သရက်ကန် ပျူစောထီးရွာအား သိမ်းလိုက်ခြင်းကြောင့် ဖြစ်လာသော ဖြစ်ရပ်များကဲ့သို့ ဖြစ်လာလိမ့်မည်မှန်း သိနားလည်နေကြပြီ။ ထို့ကြောင့် တွင်းမပျူစောထီးရွာနှင့် ရွာ့မြောက်ဘက်မှ စစ်တပ်အထိုင်ချစခန်းများအား သိမ်းပိုက်မပြီးမချင်း ရွာသို့ လုံးဝ ပြန်လည်အခြေချလို့ရမည်မဟုတ်ဟု ယုံကြည်လိုက်ကြတော့သည်။
ဒါ့ကြောင့်လည်း စိုက်လက်စ ယာတို့သည် ပြီးဆုံးအောင် မစိုက်ကြရတော့ပေ။ စိုက်ပြီးသမျှ ယာတို့လည်း ပြုစုသူ မရှိတော့ဘဲ အလဟဿ ဖြစ်ကုန်ရပြီ။ ပေါင်းမြက်များ ထူထဲပြီး တောရိုင်းကြီးဖြစ်တော့မည်မှာ အသေအခြာပင်။ တောင်သူအတော်များများ လှည်းနှင့် နွားများကို ရောင်းပစ်လိုက်ကြပြီ။ တောင်ယာမလုပ်ရဘဲ ဘယ်သူက နွားများကို အပင်ပန်းခံ လုပ်ကျွေးနိုင်တော့မည်လဲ။
တချို့သည် မြို့သို့ တက်ကုန်ကြတော့၏။ မြို့မတက်နိုင်သူတို့ကား ရောက်ရာအရပ်မှာ တဲကလေးထိုးပြီး ဖြစ်သလိုနေကြရတော့မည်။ တရွာတည်းမှာ စုစုစည်းစည်း နေခဲ့ကြသော ရွာသူ ရွာသားတို့သည် နေရာကိုယ်စီများမှာ ကွဲကွဲကွာကွာ၊ ခွဲခွဲခွာခွာ နေကြရတော့မည်။ အိမ်နီးချင်းများသည် အလျင်လို စကားလက်ဆုံ မကျနိုင်ကြရတော့။ ဪစစ်အာဏာရှင်လက်ထက်မှာ ကျွန်ုပ်တို့ ရွာကလေးသည် အဘက်ဘက်ကနေ ဒုက္ခအဖုံဖုံ ပြောမဆုံးပေါင် တောသုံးထောင် ကြုံရပြီး စိစိညက်ညက် ကြေခဲ့ရလေပြီတကား။ ။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’ထွင်’ရဲ့”ဇာတ်သိမ်းခါနီးမှစသောဇာတ်လမ်း” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

















































