Salmokji: Whispering Water(၂၀၂၆)
ဝဇီရာ/People’s Spring
ဆားလ်မို့ဂျီ ရေလှောင်ကန်တဲ့။ တောင်တွေဝန်းရံထားတယ်။ လူသွားလူလာပြတ်တယ်။ မြူထူထူတွေရှိတယ်။ နေ့ခင်းဘက်မှာတောင် အေးစက်စက် အငွေ့အသက်တွေရတယ်။ ညဘက်ဆိုရင်တော့ ရေကန်ရဲ့ဝန်းကျင်က တောအုပ်ကြောင့် ပိုပြီးခြောက်ခြားစရာကောင်းတယ်။
Online Map တွေမှာသုံးတဲ့ “ရုပ်ထွက် 360 ဒီဂရီ လမ်းညွှန်မြေပုံ” (Street-View) ရိုက်ကူးတဲ့ အဖွဲ့ဟာ အဲဒီ ဆားလ်မို့ဂျီ ရေလှောင်တမံနားမှာ ထူးဆန်းတဲ့ လူရိပ်ပေါ်နေလို့ဆိုပြီး ရုံးပိတ်ရက်ကြီး အရေးပေါ် ပြန်ရိုက်ဖို့ဖြစ်လာတယ်။ အဲဒီကို အရင်သွားခဲ့တဲ့ အဖွဲ့မှူးကလည်း ဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်။အဲဒီနောက်တော့ဇာတ်ဆောင်မင်းသမီး ပီဒီဟန်ဆူအင်းက ဦးဆောင်ပြီးသွားဖို့ ဖြစ်လာတယ်။ တကယ်တော့ ဆူအင်းက ရေအနီးအနားကိုတောင် သွားဖို့အဆင်မပြေသူတဲ့။

Public Service Announcement
တကယ်တမ်း သွားကြပြီဆိုတော့ အဖွဲ့သားတွေက အလုပ်ထက် အပျော်ခရီးထွက်လာသလားတောင် ထင်ရတယ်။ ဘလော့ရိုက်မယ့်သူနဲ့၊ ငါးမျှားမယ့်သူနဲ့။ ဆူအင်းနဲ့ အဖွဲ့သားတွေ သဘောထားကွဲလွဲမှုတွေ စဖြစ်တယ်။
ရိုက်ကူးရေးတွေစလုပ်တဲ့အချိန်မှာပဲ မမြင်ရတဲ့လောကသားတွေရဲ့ အနှောင့်အယှက်တွေစတင်ကြုံရတယ်။ သူတို့အခက်အခဲတွေ့နေတုန်းမှာ ရေကန်ကိုအရင်သွားပြီး ပျောက်ဆုံးနေတဲ့ အဖွဲ့မှူးဆိုသူဟာ သူတို့ရှေ့ ပြန်ရောက်လာတယ်။ ဆူအင်း အံ့သြနေမိတယ်။ အကျိုးအကြောင်းမေးတော့ အဖွဲ့မှူးက ပြောမပြခဲ့ဘူး။
ညဘက်ရောက်တဲ့အချိန် အဖွဲ့သားနှစ်ယောက်က ရေထဲကို မြန်မာလိုအခေါ်ဆို ရှပ်ဒိုးပစ်ကြတယ်။ ခဲလုံးလေးတွေကို ရေပေါ်ရှပ်ပစ်တာ။ခဲလုံးလေးတွေဟာ ရေပေါ်ကို ခုန်ခုန်ပြီး ဖြတ်သွားတော့ တပွက်ပွက်မြည်တဲ့အသံဟာ တစ်ကြိမ်၊ နှစ်ကြိမ်ကနေ ပစ်တဲ့သူရဲ့လက်ဆပေါ်မူတည်ပြီး လေးငါးကြိမ်အထိ ကြားရတာ။သူတို့ထဲကတစ်ယောက် ပစ်လိုက်တဲ့အခါမှာတော့ ခဲ ရေပေါ်ဖြတ်သွားတဲ့အသံက အကြိမ်ပေါင်းများစွာ ကြားနေရတော့ နှစ်ယောက်သား မျက်လုံးပြူးကြပြီ။
ဒီအချိန်မှာပဲ ဆူအင်းဆီ သူ့ရည်းစားဟောင်းဆီကနေ ဖုန်းလာတယ်။ ပျောက်ဆုံးအဖွဲ့မှုးနဲ့ပတ်သက်တဲ့သတင်းစကားကို ကြားလိုက်ရတဲ့အခါမှာတော့ ဆူအင်း တုန်လှုပ်သွားပါတော့တယ်။
ဒါ့အပြင် ရေထဲကနေလည်း ရှပ်ဒိုးပစ်သံတွေ ကမ်းစပ်ဘက်ရောက်လာပြီး မီးလုံးကို အုန်းခနဲလာမှန်တယ်။ ဘလော့ရိုက်မယ့်နှစ်ယောက်ရဲ့ သရဲနဲ့ဆက်သွယ်လို့ရတယ်ဆိုတဲ့ စက်ကလေးထဲကနေလည်း အသံတွေ ကြားလာရပြီ။ သူတို့ဒီရေကန်အနီးကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။
ဒီဇာတ်လမ်းမှာ ကျွန်တော်တို့ မြန်မာအယူအဆနဲ့ သက်ဆိုင်တဲ့ ထုံးတမ်းတချို့ တွေ့ရတယ်။ ကျွန်တော်တို့ငယ်ငယ်က ရေတွင်းရေကန်တွေဆောက်နေရင် လူကြီးတွေက မသွားခိုင်းဘူး။ လူစားအလဲခံရမှာ၊ အစောင့်ဖြစ်မှာစိုးလို့တဲ့။ ဒီဇာတ်လမ်းမှာလည်း အဲဒီအယူအဆနဲ့ဆိုင်တဲ့ ပြကွက်တချို့ တွေ့ရတယ်။
နောက်တစ်ခုက မြန်မာအယူအဆ တောခြောက်တာ။ တောထဲမှာဆို နာမည်မခေါ်ရဘူးတဲ့။ နာမည်ခေါ်ရင် နာနာဘာဝတွေက အခေါ်ခံရတဲ့လူရဲ့ပုံသဏ္ဍန်ကို သုံးပြီးခြောက်လှန့်တတ်သတဲ့။ အပေါ့အပါးကို မတောင်းပန်ဘဲ မစွန့်ရဘူးတဲ့။
ငယ်ငယ်ကဖတ်ဖူးတဲ့မြိုင်ရာဇာတွတ်ပီရဲ့ကာတွန်းထဲက ဇာတ်ကွက်တစ်ခုကို သတိရမိတယ်။ ဦးတွတ်ပီတို့တတွေ တောထဲသွားတော့ ညဘက်မိုးချုပ်လာလို့ လင့်စင်ပေါ်တက်အိပ်ရတယ်။
ညဥ့်နက်လာတော့ အိမ်မှာတစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့ မသေးမျှင်ကို ဦးတွတ်ပီသတိရမိနေတယ်။ မကြာပါဘူး။ “ကိုကိုတွတ်ရေ မျှင့်ကိုလာခေါ်ပါဦး”တဲ့အသံ ကြားလိုက်ရတယ်။ ဦးတွတ်ပီ အံ့သြပြီး လင့်စင်ပေါ်ကနေ ကြည့်လိုက်တော့ အပင်အောက်မှာ မသေးမျှင်ကြီး ထမီရင်လျားနဲ့ မီးတုတ်ကြီးကိုင်လို့။ နောက်မှသိရတာက တောခြောက်တာဖြစ်နေခဲ့တယ်။ဒီဇာတ်ကားထဲမှာလည်းအဲဒီလို အယောင်ဆောင်ခြောက်လှန့်မှုတွေလည်း ပါဝင်တယ်။ ကျောက်ခဲနှစ်လုံးရိုက်သံကလည်း လန့်စရာကောင်းပါတယ်။
စိတ်ပညာအရလူတွေဟာ တကယ်တမ်း အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုးကို မကြုံချင်ကြပေမယ့် ငါအခု ဘေးကင်းတဲ့နေရာမှာ ရှိနေတယ်ဆိုတဲ့ အသိစိတ်ကြောင့် သရဲရုပ်ရှင်ကို ခံစားနိုင်ကြတာလို့ ဆိုပါတယ်။
ရုပ်ရှင်ရုံထဲမှာ ဒါမှမဟုတ် အိမ်ကအိပ်ရာပေါ်မှာ စောင်ခြုံပြီး ကြည့်နေတဲ့အတွက် ဘယ်လောက်ပဲ ကြောက်စရာကောင်းပါစေ၊ မိမိကိုယ်ကို ဒုက္ခမရောက်နိုင်ဘူးဆိုတာ ဦးနှောက်က သိနေပါတယ်။
ဒီလိုလုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်ကနေ ကြောက်စိတ်ကို ထိန်းချုပ်ခံစားရတဲ့ အတွေ့အကြုံကို လူတွေက သဘောကျကြတာ ဖြစ်ပါသတဲ့။
ဒါ့အပြင် ဂရိတွေးခေါ်ပညာရှင် အရစ္စတိုတယ်ရဲ့ အယူအဆအရ လူတွေဟာ အနုပညာလက်ရာတစ်ခုခုကို ကြည့်ရှုခံစားရင်း ၎င်းတို့လက်တွေ့ဘဝမှာ ခံစားနေရတဲ့ သနားတာတွေ၊ ကြောက်ရွံ့တာတွေ၊ အစိုးရိမ်လွန်တာတွေ စတဲ့ခံစားချက်တွေကို အလိုအလျောက် ပွင့်အံပြီး လွှတ်ချလိုက်သလို ဖြစ်သွားစေတာဟာ စိတ်ပိုင်းဆိုင်ရာ သန့်စင်လိုက်သလိုဖြစ်သွားတယ်လို့ ဆိုပါတယ်။
တကယ်တော့ အာဏာသိမ်းပြီးကတည်းက သရဲတစ္ဆေဇာတ်ကား မကြည့်ဖြစ်တော့ဘူး။ ပြင်ပလက်တွေ့ဘဝမှာမလုံခြုံတဲ့၊ထိတ်လန့်စရာကောင်းတဲ့အနေအထားကနေ့တိုင်းကြုံနေရတာမို့ တကူးတက ရုပ်ရှင်ကြည့်ပြီး ခံစားဖို့ မလိုတဲ့အနေအထားမို့ပါ။ဒါပေမဲ့ ဒီဇာတ်ကားကြည့်ရင်းတော့ အဲဒီခံစားချက်တွေ လွှတ်ချလိုက်တယ်။ ခဏတော့ ပေါ့ပါးသွားသလိုလိုပါပဲ။ ။

















































