Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

အမေနဲ့ ထမင်းလက်ဆုံံစားခြင်း Number One(၂၀၂၆)

ဟာမင်တို့မိသားစုမှာ မိခင်ဖြစ်သူရယ် အကိုရယ်ဆိုပြီး မိသားစုဝင် ၃ ယောက်ရှိပါတယ်။ ဖခင်ကတော့ အစာအိမ်ကင်ဆာနဲ့ ဆုံးပါးသွားခဲ့တာပါ။ တစ်ရက်တော့ အကို ကျောင်းသွားကာနီး အမေက သူချက်ထားတဲ့ဟင်း​လေးနဲ့ ဇွတ်ခွံ့ကျွေးနေတယ်။အကိုဖြစ်သူဟာ ကပျာကယာနဲ့ ကျောင်းသွားခဲ့တယ်။ နောက်တော့ အကိုဖြစ်သူ ကားအက်ဆီးဒင့်နဲ့ ဆုံးပါးသွားခဲ့တယ်။

ဝဇီရာ/People’s Spring

ဟာမင်တို့မိသားစုမှာ မိခင်ဖြစ်သူရယ် အကိုရယ်ဆိုပြီး မိသားစုဝင် ၃ ယောက်ရှိပါတယ်။ ဖခင်ကတော့ အစာအိမ်ကင်ဆာနဲ့ ဆုံးပါးသွားခဲ့တာပါ။ တစ်ရက်တော့ အကို ကျောင်းသွားကာနီး အမေက သူချက်ထားတဲ့ဟင်း​လေးနဲ့ ဇွတ်ခွံ့ကျွေးနေတယ်။အကိုဖြစ်သူဟာ ကပျာကယာနဲ့ ကျောင်းသွားခဲ့တယ်။ နောက်တော့ အကိုဖြစ်သူ ကားအက်ဆီးဒင့်နဲ့ ဆုံးပါးသွားခဲ့တယ်။

ဟာမင်က အမေ့ကို အပြစ်တင်တယ်။ အမေ ဇွတ်ကျွေးနေလို့ အကိုသေရတာတဲ့။ မိခင်ဖြစ်သူခမျာ စိတ်ဒဏ်ရာ ရသွားတာပေါ့။ တစ်နေ့မှာ ထူးဆန်းတဲ့ အဖြစ်အကြုံတစ်ခုနဲ့ ဟာမင်ကြုံရပါတယ်။ အဲဒါကတော့ သူ့အမေ ချက်ကျွေးတဲ့ ထမင်းကို စားလိုက်တိုင်း သူ့မျက်စိရှေ့မှာ ကိန်းဂဏန်းတွေ ပေါ်လာပြီး ထမင်းတစ်ခါစားတိုင်း အဲဒီဂဏန်းက တစ်ခုစီ လျော့သွားတာပါပဲ။

​အဲဒီနောက် အိပ်မက်ထဲမှာ ဆုံးပါးသွားတဲ့ သူ့အဖေဆီကနေ အဲဒီဂဏန်းတွေ သုညရောက်သွားတဲ့အခါ သူ့အမေ သေဆုံးသွားလိမ့်မယ်ဆိုတဲ့ အကြောင်းကို သိရှိသွားပါတယ်။ အဲဒီလို မိခင်ဖြစ်သူရဲ့ အသက်ကို ကယ်တင်ချင်တဲ့အတွက် ဟာမင်တစ်ယောက် အမေချက်ကျွေးတဲ့ ထမင်းတွေကို ရှောင်ရှားဖို့ ကြိုးစားပါတော့တယ်။

Public Service Announcement

Public Service Announcement

နောက်တော့ သူ မြို့ပေါ်တက်ပြီး အလုပ်လုပ်တယ်။ အမေချက်ကျွေးတာတွေ မစားရတော့ ဂဏန်းတွေလည်း ပေါ်မလာတော့ဘူး။ တရက်တော့ သူနေမကောင်းဖြစ်လို့ ဆေးစစ်ရာကနေ သူ့မှာ အစာအိမ်ကင်ဆာဖြစ်နေတာ သိလိုက်ရတယ်။ သူကောင်မလေးကို ရောဂါကိစ္စမပြောဘဲ မုန်းတီးသွားအောင်ပြောလိုက်တယ်။ ပြီးတော့ အလုပ်ကနေခွင့်ယူပြီး မိခင်ဆီ ပြန်လာခဲ့တယ်။

မိခင်ဆီရောက်တော့ သူမသေခင် အမေချက်တာတွေ အားရပါးရစားပါတော့တယ်။ မိခင်ကလည်း ပထမတော့ သားပြန်ရောက်လာတော့ ပျော်သွားပေမဲ့ သားရောဂါကိစ္စလည်း သိရော ကြေကွဲတော့တာပေါ့။ သားကို ခွဲစိတ်ကုသမှုခံယူဖို့ပြောတယ်။ သားကခေါင်းမာတယ်။ မခွဲဘူးတဲ့။ မိခင်က ဒူးထောက်တောင်းပန်ရှာတယ်။ ကိုယ့်သားသမီး ကိုယ့်ထက်အရင် ထွက်ခွာသွားတဲ့ခံစားမှုကို မင်းမသိပါဘူးတဲ့။ ဟာမင်ရဲ့ နောက်ဆုံးရက်တွေကလည်း တဖြည်းဖြည်းနီးကပ်လာတဲ့အခါ….

ကျနော်တို့ အားလုံးရဲ့ မိခင်တွေဟာ ဟာမင်ရဲ့ မိခင်လိုပဲ သူတို့ ချက်ထားတာလေးတွေ သူတို့သားသမီးတွေ အားရပါးရစားတာကို သိပ်​မြင်ချင်ကြတယ်။ “စားလို့ကောင်းလိုက်တာအမေ”လို့များ ပြောလိုက်ရင် အမေတွေရဲ့မျက်နှာ သကာရည်လောင်းထားသလို ချိုလို့မြလို့ပေါ့။

ဟာမင်ရဲ့ ရည်းစားဖြစ်သူ ကောင်မလေးကလည်း သူ့ကောင်လေးကို ထမင်းဟင်းချက်​ပြုတ် ကျွေးတဲ့အခါ သူ့ကောင်လေး အားရပါးရစားနေတာကိုမြင်ရတာ သိပ်ကျေနပ်စရာကောင်းတာပဲတဲ့။ အမျိုးသမီးတွေဟာ ကိုယ့်သားသမီးအပေါ် ကိုယ့်အိမ်သားအပေါ် ချက်ပြုတ် ကျွေးမွေးလိုလှပြီး သူတို့တွေ အားပါးတရစားနေရင် သိပ်ကိုကျေနပ်ကြတာ အမှန်တရားပါ။ သိပ်ကြိုက်တာပဲဆိုရင် ချက်ပြုတ်ထားရလို့ ပင်ပန်းထားသမျှ အကုန်ယူပစ်သလို ပျောက်ကင်းကုန်ကြတာပါပဲ။

ဒါပေမဲ့ အဲဒီလို မိသားစု ထမင်းဝိုင်းလေးတွေဟာ အချိန်အကန့်အသတ်တော့ ရှိပါတယ်။ လေးယောက်ရှိတဲ့ ထမင်းဝိုင်း နှစ်ယောက်ဖြစ်သွားနိုင်သလို နောင်တချိန် တစ်ယောက်တည်းလည်း ဖြစ်သွားနိုင်တာပါပဲ။ ကျွန်တော်တို့နိုင်ငံလို မိသားစုတကွဲတပြားစီ နေကြရတဲ့၊ သေကွဲရှင်ကွဲ အမျိုးစုံအောင် ကွဲကွာနေကြရတဲ့ နိုင်ငံသူနိုင်ငံသားတွေဟာ မိသားစုတူတူ ထမင်းလက်ဆုံ စားခွင့်အင်မတန်မှ နည်းပါးလှတယ်။

အခုဆိုရင် မိခင်တွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းကြောင့်လည်း ကိုယ့်သားကလေးတွေအတွက် ရင်တမမနေကြရတယ်။ တော်လှန်ရေးကာလအစောပိုင်းကတည်းက PDF ထဲရောက်သွားတဲ့ သားတွေရဲ့မိခင်​​​တွေဆို ဘယ်လိုများနေမလဲ။ ကိုယ့်ထက်အရင် ကိုယ့်သားသမီးက လောကထဲကနေ အရင်ထွက်သွားခဲ့တဲ့ခံစားမှုကရော ဘယ်လောက်တောင် ဆိုးရွားလိုက်မလဲ။ ဒီခေတ်လောက် မိခင်တွေသောကများတဲ့ကာလ ရှိပါဦးမလားမသိ။ လူမစုံတော့တဲ့ ထမင်းဝိုင်းလေးတွေ တရက်ထက်တရက် ပိုပိုများလာလိုက်တာများ….။

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

တာမာရုဟာ ပီလီလျူကျွန်းမှာ တာဝန်ကျနေတဲ့ ဂျပန်စစ်သား​​လေး တစ်ယောက်ပါ။ တကယ်တော့ သူက လက်နက်ကိုင်ချင်တာမဟုတ်ဘူး။ ခဲတံကိုင်ပြီး ရုပ်ပြကာတွန်းနဲ့ ပန်းချီဆွဲချင်ခဲ့တာ။

ရုပ်ရှင်ခံစားမှု

Raakh(၂၀၂၆)

ရုပ်ရှင်ခံစားမှု

A Taxi Driver(2017)

ရုပ်ရှင်ခံစားမှု

ဂျပန်နိုင်ငံကမြို့ငယ်လေးတစ်မြို့ရဲ့မြစ်ကမ်းလေးတနေရာမှာ အမျိုးသမီးငယ်လေးတစ်ယောက် ထီးမိုးထားတဲ့ တွန်းလှည်းကလေးကို ဆွဲလာတယ်။ သူ့လက်ထဲမှာလည်း ဟွန်းသေးသေးလေးတစ်ခုပါတယ်။ သူက ဟွန်းလေးကို လက်က ကိုင်ပြီး "ကြောင်ကလေးတွေ ငှားပေးပါတယ်"လို့ အော်လာတယ်။ ဟုတ်ပါရဲ့။ သူဆွဲလာတဲ့ တွန်းလှည်းကလေးပေါ်မှာ ရောင်စုံကြောင်ကလေးတွေဟာ ခြင်းကလေးတွေထဲမှာ ငြိမ်ငြိမ်သက်သက်ထိုင်​နေကြတာပါလား။