Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မှ ထီးချိုင့်နဲ့ ဝန်းသိုသွားတဲ့ စစ်ကြောင်းတွေ လမ်းတလျှောက် စစ်သား အလောင်းအများအပြား တွေ့

အင်းတော်မြို့နယ်ကနေ ထီးချိုင့်မြို့နယ်ဘက်ကို သွားတဲ့ စစ်တပ်ရဲ့ တပ်မ (၃၃) လက်အောက်ခံ စစ်ကြောင်းဟာ ပိတ်မိနေပြီး ပိန်းအင်းရွာထဲမှာ စစ်တပ်သတ်ဖြတ်ခဲ့တဲ့ ပြည်သူ အလောင်းတွေနဲ့ စစ်သားရုပ်အလောင်း အများအပြား တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(အင်းတော်မြို့နယ်က ကျေးရွာတစ်ရွာမှာ စစ်သား အလောင်းတွေကို ပြည်သူတွေက ရှင်းလင်းပြီး မီးသဂြိုဟ်ပေးစဉ်။ ဓာတ်ပုံ — IR)

အောက်တိုဘာ ၂၄၊ ၂၀၂၆။ ကတ်သရင်း / People’s Spring

အင်းတော်မြို့နယ်ကနေ ထီးချိုင့်မြို့နယ်ဘက်ကို သွားတဲ့ စစ်တပ်ရဲ့ တပ်မ (၃၃) လက်အောက်ခံ စစ်ကြောင်းဟာ ပိတ်မိနေပြီး ပိန်းအင်းရွာထဲမှာ စစ်တပ်သတ်ဖြတ်ခဲ့တဲ့ ပြည်သူ အလောင်းတွေနဲ့ စစ်သားရုပ်အလောင်း အများအပြား တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ပထမပတ်အတွင်းက အင်းတော်မြို့နယ်ဘက်ကနေ သွားတဲ့ စစ်ကြောင်းဟာ မအူကုန်းရွာကနေ တဆင့် ထီးချိုင့်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးခဲ့တာပါ။ အဲဒီစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက လမ်းတလျှောက် တိုက်ခိုက်ခဲ့တာကြောင့် ပိန်းအင်းကျေးရွာတွင်းမှာ ရက်အတန်ကြာ ပိတ်မိနေခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ပိန်းအင်းရွာထဲမှာလည်း တော်လှန်ရေးတပ်တွေနဲ့ ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၂၄ ရက်နေ့မှာ လယ်ပြင်ရွာအနီးကို ပြန်ဆုတ်သွားပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ခဲ့တယ်လို့ ဒေသခံ စစ်ရေးရင်းမြစ် အချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်း ပြန်ဆုတ်သွားပြီး အောက်တိုဘာ ၂၃ ရက် ညနေပိုင်းမှာ ပိန်းအင်းရွာကို ဒေသခံအချို့ ဝင်ရောက်ခဲ့ပြီးနောက် မီးရှို့ထားတဲ့ အိမ်တွေ၊ စစ်သား အလောင်းတွေနဲ့ စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ ပြည်သူတွေရဲ့ အလောင်း အများအပြားကို တွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာကလည်း ရစရာမရှိတော့ဘူး။ အလောင်းတွေလည်း ပုံထပ်နေတာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ အင်းတော်မြို့နယ်၊ ကားလမ်းဘေးမှာရှိတဲ့ နန့်သဲရွာနဲ့ အနီးတဝိုက်က ရွာတွေမှာ စစ်သားတွေရဲ့ အလောင်းတွေ ၅၀ ကျော်ကို စစ်တပ်က မြုပ်ထားခဲ့တာမှာ ပုပ်စော်နံနေလို့ ဒေသခံ ရွာသားတွေ ပြန်တူးဖော်ပြီး မီးသဂြိုဟ်ပေးခဲ့ရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းတွေ ဖော်ပြပေးနေတဲ့ IR (Indaw Revolution) က စစ်သားရုပ် အလောင်းတွေ မီးရှို့ထားတဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပိန်းအင်း၊ မအူကုန်း၊ ဂျူံးဂျဘက်မှာလည်း စစ်သား အလောင်းတွေ အများအပြား တွေ့ရတယ်လို့ IR က ရေးသားထားပါတယ်။

တော်လှန်ရေးတပ်တွေက ဒေသခံပြည်သူတွေကို လက်ရှိမှာ စစ်ရေး မငြိမ်သေးတာကြောင့် ပိန်းအင်းရွာ ပြန်ဝင်ခွင့်ကို ပိတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်က အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာ လယ်ပြင်ရွာအနီးကို လေကြောင်းကနေ ဗုံးကြဲခဲ့သေးတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ဒါ့အပြင် အင်းတော်ကနေ ဝန်းသိုမြို့ကို ထွက်တဲ့ စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်တွေက ဆက်တိုက် တိုက်ခိုက်နေပြီး လက်ရှိမှာ ဂျိုးတောင်ရွာ အနီးမှာပဲ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်း ဖြတ်သန်းလာရာ တလျှောက်မှာလည်း စစ်သားရုပ် အလောင်းတွေ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အင်းတော်မြို့နယ်၊ မဲဇာရွာကို အောက်တိုဘာလဆန်းမှာ ဝင်ရောက် တပ်စွဲခဲ့ပါတယ်။ တော်လှန်ရေးတပ်တွေက ဆက်တိုက် တိုက်ခိုက်တာကြောင့် အောက်တိုဘာ ၂၀ ရက်မှာ စစ်တပ်က ဝန်းသိုနဲ့ ထီးချိုင့်မြို့ဘက်ကို စစ်ကြောင်းထွက်သွားတဲ့အခါ ဒေသခံတွေက မဲဇာရွာအတွင်း ပြန်ဝင်စဉ် စစ်သား အလောင်း ၅၀ ကျော် တွေ့ခဲ့ပါတယ်။

“စစ်တပ်ရှိနေတဲ့အချိန်ကလည်း တော်လှန်ရေးတပ်တွေက ပိတ်ပြီး တိုက်တာ။ ခဏပဲ တပ်စွဲနိုင်တာ။ အကြာကြီး မနေနိုင်ဘူး။ အခု ပြန်ထွက်သွားတော့ ဒေသခံတွေက ခဏ ပြန်ဝင်တာပေါ့။ စစ်ကြောင်းရန်လည်း ရှိတယ်၊ လေကြောင်းကလည်း ပစ်နိုင်တာမို့ အပြီးပြန်ပြီး အခြေချဖို့ မဖြစ်နိုင်သေးဘူး။ ရွာကို ပြန်ဝင်တော့ အိမ်ဝင်းတွေထဲမှာရော၊ လမ်းတွေမှာပါ စစ်တပ်ဘက်က ရုပ်အလောင်းတွေ မြုပ်သွားတာလို့ ကြားတယ်။ စုစုပေါင်း ၅၀ မကဘူး။ တိုက်ပွဲကလည်း ထီးချိုင့်ဘက်မှာရော၊ ဝန်းသိုဘက်မှာပါ ဆက်ဖြစ်နေတယ်” လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းအတိုင်း တဆက်တည်း ရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့ လမ်းပိုင်းကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ မြေပြင် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာကြောင့် စစ်တပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေပါတယ်။ တိုက်ပွဲတွေကြောင့် အင်းတော်-ထီးချိုင့်လမ်း၊ အင်းတော်-ဝန်းသိုလမ်းက ဒေသခံတွေလည်း ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပါတယ်။

လက်ရှိ ဒေသတွင်း စစ်ရေး အခြေအနေကြောင့် ဝန်းသိုမြို့နဲ့ ဆက်စပ်နေတဲ့ ဗန်းမောက်၊ ကောလင်းမြို့နယ်တွေထဲက ရွာတွေမှာလည်း စစ်ကြောင်း အန္တရာယ်ကို နားစွင့် စောင့်ကြည့်ဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။ ဒါ့အပြင် ပင်လယ်ဘူးမြို့နယ်ထဲမှာလည်း လေကြောင်း အန္တရာယ် သတိပြု နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

စစ်တပ်က တိုက်ပွဲတွေမှာ စစ်မှုထမ်း သင်တန်းဆင်း အများအပြားကို အသုံးပြုပြီး ထိခိုက်သေဆုံးမှုတွေ များပြားနေကြောင်းနဲ့ စစ်ရေးသတင်းတွေကို သင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) က အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာမှာကနေ စစ်တပ်ထွက်ခွာသွားလို့ ဒေသခံတွေပြန်လည်ဝင်ရောက်စဉ် နေအိမ်တွေနဲ့ခြံဝင်းတွေအတွင်း ဖြစ်သလိုမြှုပ်နှံထားတဲ့ စစ်တပ် ရုပ်အလောင်း ၅၀ နီးပါးတွေ့ရှိလို့ ဒေသခံတွေ ရှင်းလင်းနေရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ‌‌ တော်လှန်ရေးပူး‌ပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်‌နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်​ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီက​နေ့ညပိုင်းအထိ တိုက်ပွဲ​တွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

သရက်ချောင်းနယ် ဝင်း၀ဒေသဘက်မှာလည်း တိုက်ပွဲဖြစ်