Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်ဝမ်မှာ ၁ ဦးသေ၊ ၅၀၀ ကျော်ဒဏ်ရာရ

တိုင်ဖွန်းမုန်တိုင်းကြီး ချမ်ပီ တိုက်ခတ်ခဲ့တဲ့နောက် ထိုင်ဝမ်မှာ လူ ၁ ဦးသေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရခဲ့သလို ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

တိုင်ဖွန်းမုန်တိုင်းကြီး ချမ်ပီ တိုက်ခတ်ခဲ့တဲ့နောက် ထိုင်ဝမ်မှာ လူ ၁ ဦးသေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရခဲ့သလို ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ချမ်ပီဟာ အခုနှစ်အတွင်း ပစိဖိတ် သမုဒ္ဒရာမှာ ဖြစ်ပေါ်ခဲ့ဖူးသမျှ အားအပြင်းဆုံး မုန်တိုင်းတစ်ခု ဖြစ်ခဲ့ပေမယ့် ထိုင်ဝမ် ကမ်းရိုးတန်းနား အရောက်မှာတော့ အတန်ငယ် အားပျော့သွားပြီး အခုတော့ အရှေ့မြောက်ဖက်ကို ဆက်လက် ရွေ့လျားရင်း ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းဆီ ဦးတည်နေပါတယ်။

မုန်တိုင်းဟာ ထိုင်ဝမ်ကျွန်းကို တိုက်ရိုက် ကုန်းတွင်း မဝင်ရောက်ခဲ့ပေမယ့် ထိုင်ဝမ်အရှေ့ဖက် ပင်လယ်ပြင်မှာ အောက်တိုဘာလ ၂၄ ရက် မနက်အစောပိုင်းတုန်းက နာရီပိုင်းလောက်ကြာအောင် တဝဲလည်လည် ရွေ့လျားနေခဲ့ပြီးမှ အရှေ့မြောက်ဖက်ကို ဦးတည် ရွေ့လျားသွားတာ ဖြစ်ပါတယ်။

ချမ်ပီရဲ့ မုန်တိုင်းဗဟိုချက်က ထိုင်ဝမ်ကျွန်းကို မဖြတ်သန်းခဲ့ပေမယ့် မုန်တိုင်းရဲ့ အရွယ်အစားက အရမ်းကြီးမားတာကြောင့် ထိုင်ဝမ်တစ်ခုလုံးကို လွှမ်းခြုံသက်ရောက်မှုတွေ ရှိစေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြို့တော်ထိုင်ပေ အရှေ့ဖက်ကနေ မုန်တိုင်းဖြတ်သန်းသွားချိန် တစ်နာရီ ၁၂၆ ကီလိုမီတာ လေတိုက်နှုန်းလောက်ထိ ပြင်းထန်ခဲ့ကြောင်း သိရပါတယ်။ နောက်ပြီး ထိုင်ဝမ်ကျွန်း အရှေ့ဖက်ခြမ်း ဒေသတချို့ကို တစ်နာရီ ကီလိုမီတာ ၁၅၀ နှုန်းလောက်ထိ ပြင်းထန်တဲ့ လေစီးကြောင်းတွေလည်း တိုက်ခတ်ခဲ့ပါတယ်။

မုန်တိုင်းတိုက်ခတ်မှု အရှိန်လျော့သွားချိန်မှာတော့ ထိုင်ဝမ်က ဒေသအများအပြားမှာ သစ်ပင်တွေကျိုးကျ၊ ဓာတ်တိုင်တွေပြိုလဲပြီး အပျက်အစီးတွေ ကျန်နေခဲ့ပါတယ်။ ဒေသခံတွေကတော့ ချောက်ချားစရာ ညတာကို ရှည်ရှည်လျားလျား ဖြတ်သန်းခဲ့ကြရပါတယ်။

ယီလန်မှာ နေထိုင်တဲ့ အမျိုးသား တစ်ဦးကတော့ သန်းခေါင်ယံ ဝန်းကျင်မှာ မုန်တိုင်းက အပြင်းဆုံး ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ သူ့ရဲ့ ဥယျာဉ်ထဲက ငှက်ပျောပင်တွေဆိုရင် အမြစ်ကနေ ကျွတ်ထွက်ကုန်ကြောင်း၊ နှစ်တွေ အတော်ကြာတဲ့ ကာလအတွင်း ဒီလောက်ပြင်းတဲ့ မုန်တိုင်းမျိုး သူမကြုံခဲ့ဖူးကြောင်း ယီလန် ဒေသခံက ဆက်ပြောပါတယ်။

လျူကီကျွန်းမှာ အမျိုးသား တစ်ဦးဟာ ပင်လယ်ရေလှိုင်းတွေထဲ မျောပါသွားပြီး သေဆုံးခဲ့သလို မိုးသည်းထန်မှု၊ လေပြင်းတိုက်ခတ်မှုတွေနဲ့ ဆက်စပ်ပြီး ဒဏ်ရာရသူ ၅၂၇ ဦး ရှိခဲ့ပါတယ်။ အိမ်ပေါင်း ၂၈၈၀၀၀ လောက်ဟာလည်း ဓာတ်အားပြတ်တောက်မှုတွေ ကြုံခဲ့ပေမယ့် အခုတော့ အများစု မီးပြန်ရနေပါပြီ။

မုန်တိုင်းချဉ်းကပ်လာချိန် ကတည်းက ထောင်ဂဏန်းထိ များပြားတဲ့ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။ ထိုင်ပေ မြို့တော်မှာတော့ မိုးတွေလေတွေ စဲသွားတဲ့အခါ ဒေသခံတွေက ရှင်းလင်းရေး လုပ်ငန်းတွေကို စတင်နေပါတယ်။

ထိုင်ဝမ်အလယ်ပိုင်းနဲ့ အရှေ့ဖက်ခြမ်း ဒေသတွေမှာတော့ နှစ်ရက်ဆက်တိုက်အဖြစ် အောက်တိုဘာ ၂၄ ရက်နေ့မှာလည်း ကျောင်းတွေနဲ့ ရုံးတွေကို ပိတ်ထားဖို့ အစိုးရက ညွှန်ကြားထားပါတယ်။

ထိုင်ဝမ်ဟာ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ ပတ်သက်ရင် ကြိုတင် စီမံကာကွယ်မှုတွေ အရမ်းအားကောင်းတာကြောင့် အသေအပျောက် နည်းပါးလေ့ ရှိတယ်လို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်းချမ်ပီ ချဉ်းကပ်လာမှုကြောင့် ထိုင်ဝမ်ကျွန်းကို ဆက်သွယ်ထားတဲ့ ရေကြောင်းနဲ့ လေကြောင်းကွန်ရက် အားလုံးကို ယာယီ ပိတ်ချထားလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်ငါးဖမ်းလှေကို ရေအမြောက် (အားပြင်းတဲ့ မီးသတ်ပိုက်)နဲ့ ထိုးခဲ့တဲ့ လုပ်ရပ်အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို ထိုင်ဝမ်က တာဝန်ယူရလိမ့်မယ်လို့ တရုတ် အစိုးရက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေးကို ထိန်းသိမ်းထားတာကြောင့် ပါရာဂွေးနဲ့ ဘီလစ်ဇီ နိုင်ငံတွေရဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေကို တရုတ်က ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်း အရှေ့ပိုင်းမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုတွေအတွက် အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေကြောင်း အမေရိကန်က ဝေဖန် ပြောကြားလိုက်ပါတယ်။