မကြာခင် ရက်ပိုင်းအတွင်း အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အမေရိကန် သံအရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။
လတ်တလောမှာ နှစ်ဖက်ကြား အလွတ်သဘော အပစ်အခတ် ရပ်နားထားပေမယ့်လည်း အမေရိကန်ဟာ အီရန်အပေါ် စစ်ဆင်ရေးတွေ ပြန်စတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး တူရကီ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး တွမ်ဘားရက်ခ်က အဲဒီကိစ္စ အမှန်တကယ် ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
အခုသီတင်းပတ်ကုန်မှာတင် အမေရိကန်က တိုက်ခိုက်မှုတွေ ပြန်စလာနိုင်သလားဆိုရင် အများကြီး ဖြစ်လာနိုင်ခြေရှိကြောင်း သူက podcast အင်တာဗျူး တစ်ခုမှာ ပြောဆိုသွားပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နဲ့ သဘောတူညီမှု တစ်ခုခု ရရှိဖို့ လိုလားတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုထားကြောင်း၊ ဒါပေမဲ့ အမေရိကန်ဟာ ဆွေးနွေးပွဲ စကားဝိုင်း ပြန်စဖို့ စောင့်နေတာ လတွေနဲ့ချီ ကြာမြင့်နေပြီဖြစ်ကြောင်း ဘားရက်ခ်က ဆိုပါတယ်။
အမေရိကန်နဲ့ လက်တွဲပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ အစ္စရေး နိုင်ငံရဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကလည်း အီရန် အစိုးရကို ဖြုတ်ချပစ်ဖို့လိုကြောင်း သဘောထား မှတ်ချက်မျိုးကို ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အကြိမ်ကြိမ် ပြောဆိုလာခဲ့ပါတယ်။

Public Service Announcement
ထရမ့်က အီရန်နဲ့ သံတမန်ရေး စကားပြောဆိုမှုတွေမှာ အချိန်အကြာကြီး ရှေ့မတိုးနိုင် ဖြစ်နေတဲ့နောက် စစ်ဆင်ရေးတွေ ပြန်စဖို့ အမိန့်ပေးနိုင်ခြေရှိကြောင်း ထုတ်ပြောထားဖူးပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စဟာ နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်လာနိုင်ခြေ မရှိဘူးလို့လည်း ဆိုပါတယ်။
ဘားရက်ခ်ကတော့ အမေရိကန်ဟာ အီရန်ရဲ့ အစ္စလာမ်မစ် အစိုးရ အုပ်ချုပ်မှုကို ဖြိုချဖို့ ရည်ရွယ်ချက် မရှိဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒေသတွင်းက အမေရိကန် မဟာမိတ်တွေကို ဆက်ပြီး ခြိမ်းခြောက်နေမယ်ဆိုရင် အီရန်ဟာ အဲဒီအတွက် အကျိုးဆက်ကို ရင်ဆိုင်ရမှာဖြစ်ကြောင်း၊ ဒါပေမဲ့ အစိုးရ အပြောင်းအလဲ ဖြစ်လာဖို့တော့ မဟုတ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။
အီရန်အစိုးရဖက်ကတော့ တကယ်လို့ တိုက်ပွဲတွေ ပြန်စလာရင် အရှေ့အလယ်ပိုင်း ဒေသတွင်းက ရေအောက် အင်တာနက် ကေဘယ်လ်ကြိုးတွေကို ဖြတ်တောက်မယ့် အစီအစဉ်တွေကို ကြိုတင် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သတိပေးထားပါတယ်။
အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ မူဝါဒရေးရာဌာန အကြီးအကဲ ယာဒိုလာ ဂျက်ဗာနီက ဟောမုဇ် ရေလက်ကြားအောက် ပင်လယ်ကြမ်းပြင်မှာ ရှိနေတဲ့ အဓိက အင်တာနက် ကေဘယ်လ်လိုင်းကြီး တချို့ကို တိုက်ခိုက်ဖို့ အစီအစဉ်တွေ ကြိုတင်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်ကသာ မီးနဲ့ကစားဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် အီရန်ကလည်း ဘာကိုမှ အကန့်အသတ် မထားဘဲ လက်တုံ့ပြန်မှာ ဖြစ်ကြောင်း၊ ရေအောက် ကေဘယ်လ်ကြိုးတွေအပြင် ဒေသတွင်းမှာ ပေါ်ပေါ်ထင်ထင်ရော၊ လျှို့လျှို့ဝှက်ဝှက်ပါ ရှိနေတဲ့ ရန်သူ့ စစ်စခန်းတွေကိုပါ အီရန်က တိုက်ခိုက်မှာဖြစ်ကြောင်း သူက ခြိမ်းခြောက်သွားပါတယ်။
ကိုးကား: Reuters

















































