ဝဇီရာ/People’s Spring
ဒီတစ်ပတ်တော့ ကြည်မိတဲ့ တောင်ကိုရီးယားစီးရီး the Scarecrow ထဲက ဇာတ်ကောင်တချို့အကြောင်း စိတ်ထဲရှိနေမိတယ်။ ဒီဇာတ်လမ်းတွဲက ပြီးခဲ့တဲ့ ဧပြီနဲ့ မေလက ထုတ်လွှင့်ပြသခဲ့တာမို့ အတော်များများ ကြည့်ပြီးကြပါပြီ။ ဒီဇာတ်ကားဟာ တချိန်က တောင်ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဟွာဆောင်းကွင်းဆက်လူသတ်မှုဖြစ်စဥ်ကို အခြေခံပြီး ဇာတ်အိမ်တည်ဆောက်ထားတာပါ။ ဒီဖြစ်ရပ်ကိုပဲ မှီငြမ်းပြီး ရုပ်ရှင်တွေ ထွက်ခဲ့ဖူးပါတယ်။
ဇာတ်လမ်းက ဒီလိုပါ။ ၁၉၈၈ ခုနှစ်က တောင်ကိုရီးယားနိုင်ငံရဲ့မြို့ငယ်လေးတစ်ခုမှာ ကွင်းဆက်လူသတ်မှုတွေ ဖြစ်ပွားနေပါတယ်။ နစ်နာသူတွေကတော့ အမျိုးသမီးတွေပါ။ အဲဒီမြို့မှာပဲ လူငယ်လေးတစ်ယောက်ဟာ စာအုပ်ဆိုင်လေးဖွင့်ရင်းဘဝကိုအေးအေးလူလူဖြတ်သန်းနေတယ်။ သူ့နာမည်က ဂီဘုမ်းတဲ့။
ဂီဘုမ်းတို့မြို့လေး လူသတ်မှုတွေ ဖြစ်ပွားနေချိန်မှာပဲ စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းလိုက်ပါတယ်။ ဂီဘုမ်းလည်း ဆန္ဒပြလူငယ်တွေကို ဝင်ရောက်ကူညီခဲ့မိတယ်။ တရက်တော့ သူ့ကောင်မလေး ဆွန်ယောင်းကို နစ်နာအောင်လုပ်ခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့တူ အမျိုးသားတစ်ဦးကို ဂီဘုမ်း ထိုးကြိတ်ခဲ့တယ်။ အဲဒီအမျိုးသား သေလောက်အောင် ဒဏ်ရာတွေရသွားခဲ့တယ်။

Public Service Announcement
ဆွန်ယောင်းက သူ့ကောင်လေးကို အိမ်မှာတင် ဖွက်ထားခဲ့တယ်။ နောက်တော့ နှစ်ယောက်လုံး တူတူပြေးမယ်ဆိုပြီး အိမ်ကထွက်ချိန် ဂီဘုမ်းဟာ အိမ်အပြင်ရောက်တာနဲ့ တံခါးကိုပိတ်လိုက်တယ်။ ဆွန်ယောင်းကို ဒုက္ခတွေထဲ ဆွဲမနစ်ခဲ့ရက်တာ။
ဒါပေမယ့်ဆွန်ယောင်းဟာ ဂီဘုမ်းနောက် ဇွတ်ပြေးလိုက်တယ်။ ပြေးလိုက်ရင်း အဲဒီညမှာပဲ ဆွန်ယောင်းကွင်းဆက်လူသတ်သမားနဲ့ တည့်တည့်တိုးတယ်။သူကံကောင်းလို့ အသက်မသေခဲ့ဘူး။ ဂီဘုမ်းကတော့ ပျောက်ဆုံးသွားခဲ့တယ်။
တဖက်မှာလည်း ဂီဘုမ်းဟာ ရပ်ကွက်လမ်းကြားတစ်ခုမှာ ရဲတွေရဲ့လိုက်ဖမ်းခြင်းကို ခံလိုက်ရတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဂီဘုမ်းကိုတွေ့တဲ့အနီးနားက အိမ်မှာ ကောင်မလေးတစ်ယောက် ထပ်မံအသတ်ခံလိုက်ရပါတယ်။
ကွင်းဆက်လူသတ်မှုတွေကြောင့် အထက်ကနေ ဖိအားတွေ ဆက်တိုက်အပေးခံနေရတဲ့ ရဲတွေဟာ မြို့တော်ဝန်တူကို ရိုက်တဲ့အမှုနဲ့ ဆန္ဒပြသူတွေကို အားပေးကူညီမှုတွေကြောင့် ဖမ်းထားတဲ့ ဂီဘုမ်းကို ကွင်းဆက်လူသတ်မှုတရားခံအဖြစ် စွပ်စွဲကာ တိုက်ပိတ် ရိုက်နှက် စစ်ဆေးပါတော့တယ်။
ဂီဘုမ်းဟာ သူမသတ်လို့ မသတ်ကြောင်း တွင်တွင်ငြင်းပါတယ်။ရဲတွေကလည်း ဂီဘုမ်းငြင်းလေ ရိုက်လေပါ။ ဂီဘုမ်းရဲ့မိသားစုဝင်၊ သူငယ်ချင်းတွေကိုပါ ဖမ်းမယ်ဆီးမယ်ဆိုတဲ့အထိ ရဲတွေက ခြိမ်းခြောက်လာတယ်။ နောက်ဆုံးတော့ ဂီဘုမ်းဟာ သူမလုပ်ခဲ့တဲ့ လူသတ်မှုတွေရဲ့တရားခံအဖြစ် ဝန်ခံလိုက်ရပါတော့တယ်။
ဆွန်ယောင်းရဲ့အကိုက ဒီဇာတ်လမ်းရဲဇာတ်လိုက် စုံထောက် ဂန်ထယ်ဂျူပါ။ဂီဘုမ်းကို လူသတ်သမားအဖြစ် သံသယဝင်ခဲ့သူထဲလည်း သူထိပ်ဆုံးကပါသလို ဂီဘုမ်း တရားခံမဟုတ်ဘူးဆိုတာကိုလည်း ဂန်ထယ်ဂျူကပဲ သက်သေပြပေးခဲ့တာပါ။
တနေ့တော့ ဂီဘုမ်းအိမ်မှာ လူတွေစည်စည်ကားကားနဲ့ ချက်ပြုတ်ပြင်ဆင်နေကြတယ်။ အစောပိုင်းက ဂီဘုမ်းနဲ့ ဆွန်ယောင်းကို သဘောမတူခဲ့ပေမယ့် ခုတော့ အဆင်ပြေသွားလို့ ဆွန်ယောင်းတောင် ဂီဘုမ်းအိမ်မှာ ရောက်နေခဲ့ပြီ။ အားလုံးလည်း ပျော်လို့ ရွှင်လို့။ ခဏနေ ဂီဘုမ်းရောက်လာတော့မှာကိုး။
အကိုဖြစ်သူက ဂီဘုမ်းကို ကားလေးနဲ့သွားကြိုတယ်။ဂီဘုမ်းကားပေါ်တက်တယ်။
ဂီဘုမ်း ခဏလေး အိပ်လိုက်ဦးမယ်နော်လို့ ပြောတယ်။ အိမ်ရောက်တော့ ဂီဘုမ်းဟာ ထိုင်ခုံပေါ်ကနေအိပ်နေတာ ထမလာတော့ဘူး။ ဂီဘုမ်းသိပ်ချစ်ရတဲ့ ဆွန်ယောင်းလည်း ပြေးလာနှိုးတယ်။ ဂီဘုမ်းက မနိုးတော့ဘူး။ ဂီဘုမ်းဟာ ရဲတွေရဲ့ စစ်ကြောရေးမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ရတာပါ။
အပြင်က ဖြစ်ရပ်မှန်ကလည်း ရုပ်ရှင်ထဲကလိုပါပဲ။ဟွာဆောင်းကွင်းဆက်လူသတ်မှု ဖြစ်ပွားချိန်မှာ အာဏာပိုင်တွေနဲ့ ရဲအင်အား အများစုဟာ ဆန္ဒပြကျောင်းသားတွေကို နှိမ်နင်းဖို့နဲ့ စစ်အစိုးရ တည်မြဲရေးအတွက်ပဲ အဓိက အသုံးပြုခဲ့ကြပါတယ်။
အမှန်တကယ် လူသတ်နေတဲ့ ကွင်းဆက်လူသတ်သမားကို ရှာဖွေဖို့ထက် သံသယရှိသူ သာမန်ပြည်သူတွေကို ဖမ်းဆီး နှိပ်စက်ပြီး အမှုပိတ်ဖို့ပဲ ကြိုးစားခဲ့ကြတာကြောင့် အပြစ်မဲ့သူများစွာ ထိခိုက်သေဆုံးခဲ့ရပြီး အဓိက တရားခံအစစ် လီချွန်းဂျယ်ကို နှစ်ပေါင်း ၃၀ နီးပါး ကြာသည်အထိ မဖမ်းဆီးနိုင်ခဲ့ပါဘူး။
ဂီဘုမ်းရဲ့အိမ်အပြန်လမ်းဟာ ကျနော်တို့ရင်ကို တည့်တည့်ထိခဲ့ပါတယ်။ ဂီဘုမ်းကမှ အသက်မဲ့နေတဲ့ခန္ဓာ အိမ်ဝ ရောက်လာခဲ့ပါသေးတယ်။ ကျနော်တို့ဆီမှာတော့ မတရားဖမ်းဆီးခံရပြီး ရိုက်နှက် နှိပ်စက်သတ်ဖြတ်ခံခဲ့ရသူတွေဟာ အိမ်တောင် ရုပ်အလောင်း ပြန်မရောက်နိုင်ခဲ့ပါဘူး။ လမ်းဘေးခြုံနွယ်တွေထဲမှာ၊ အမှိုက်ပုံတွေထဲမှာ၊ ချောင်းကြားမြောင်းကြားမှာ ကြက်ကလေး ငှက်ကလေးတွေလို အလွယ်တကူ စွန့်ပစ်ခံခဲ့ရတယ်။ တခြားနည်းတွေနဲ့လည်း အလောင်းဖျောက် ဖျက်ဆီးခံလိုက်ရတယ်။
ကျနော်တို့နိုင်ငံရဲ့ အမှောင်မိုက်ဆုံး ခေတ်ဆိုးကြီးအောက်မှာ ဂီဘုမ်းလို ချစ်သူနဲ့ မိသားစုဆီ ပြန်ချင်လှတဲ့ လူငယ်တွေ၊ အနာဂတ် အိပ်မက်တွေကိုယ်စီနဲ့ ပြည်သူတွေရဲ့ ဘဝတွေဟာ စစ်တပ်ရဲ့ မတရား ဖိနှိပ်မှုတွေကြားမှာ ရက်ရက်စက်စက် အနင်းခံခဲ့ရပါတယ်။ အိမ်ပြန်မရောက်ဘဲ လမ်းခုလတ်မှာ ကြွေလွင့်သွားခဲ့ရတဲ့ပြည်သူတွေအတွက် တရားမျှတမှုဆိုတာ မကြာခင် ပြန်ရောက်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။


















































