Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

တိမ်တောက်ခြင်း အနုပညာ The Intern (၂၀၁၅)

အသက် ၇၀ အရွယ် အ​ငြိမ်းစား Ben Whittaker (Robert De Niro) ဟာ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် သားသမီးတွေကလည်း အဝေးမှာမို့တစ်ကိုယ်တည်း နေထိုင်သူဖြစ်ပါတယ်။ သူဟာ အလုပ်မရှိတော့ပေမဲ့ မနက် ၇ နာရီမှာ အိပ်ရာကနေ ပုံမှန်ထပါတယ်။ မနက် ၇:၁၅ ဆိုရင်အနီးအနားက Starbucks ကော်ဖီဆိုင်ကိုသွားပြီး ကော်ဖီသောက်ရင်း သတင်းစာဖတ်၊ ပတ်ဝန်းကျင်က လူတွေကို လေ့လာပါတယ်။ အဲဒီနေရာမှာ သူ့လိုပဲ အလုပ်သွားဖို့ ပြင်ဆင်နေကြတဲ့ လူတွေကြားထဲရောက်နေရတာကိုက သူ့အတွက် လူ့အဖွဲ့အစည်းနဲ့ ထိတွေ့နေရသလို ခံစားရစေလို့ပါတဲ့။

ဝဇီရာ/ People’s Spring

အသက် ၇၀ အရွယ် အ​ငြိမ်းစား Ben Whittaker (Robert De Niro) ဟာ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် သားသမီးတွေကလည်း အဝေးမှာမို့တစ်ကိုယ်တည်း နေထိုင်သူဖြစ်ပါတယ်။ သူဟာ အလုပ်မရှိတော့ပေမဲ့ မနက် ၇ နာရီမှာ အိပ်ရာကနေ ပုံမှန်ထပါတယ်။ မနက် ၇:၁၅ ဆိုရင်အနီးအနားက Starbucks ကော်ဖီဆိုင်ကိုသွားပြီး ကော်ဖီသောက်ရင်း သတင်းစာဖတ်၊ ပတ်ဝန်းကျင်က လူတွေကို လေ့လာပါတယ်။ အဲဒီနေရာမှာ သူ့လိုပဲ အလုပ်သွားဖို့ ပြင်ဆင်နေကြတဲ့ လူတွေကြားထဲရောက်နေရတာကိုက သူ့အတွက် လူ့အဖွဲ့အစည်းနဲ့ ထိတွေ့နေရသလို ခံစားရစေလို့ပါတဲ့။

မနက်ပိုင်းတွေမှာပန်းခြံထဲသွားပြီး တိုင်ချီ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါတယ်။ ဇနီးသည်ကွယ်လွန်သွားပြီးနောက် ကမ္ဘာအနှံ့ ခရီးတွေ ထွက်ခဲ့သလို၊ တရုတ်ဘာသာစကား သင်တန်းတွေတောင် တက်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ဘာပဲလုပ်လုပ်အိမ်ပြန်ရောက်လာတဲ့အခါ တစ်ခုခုလိုအပ်နေသလို ခံစားချက်ကတော့ Benစိတ်ထဲ ရှိရှိနေတယ်။တနေ့တော့ အွန်လိုင်း ဖက်ရှင်ကုမ္ပဏီတစ်ခုက သက်ကြီးအလုပ်သင်ဝန်ထမ်းခေါ်ပါတယ်။ သူလည်း ဝမ်းသာအားရသွားလျှောက်ပြီး နောက်ဆုံးတော့ သူအလုပ်ရသွားခဲ့တယ်။

Public Service Announcement

Public Service Announcement

ခေတ်သစ်နည်းပညာတွေကို မကျွမ်းကျင်ပေမဲ့ Benဟာဘဝအတွေ့အကြုံ ရင့်ကျက်မှု၊ စိတ်ရှည်မှု၊ လူမှုဆက်ဆံရေးပြေပြစ်မှုနဲ့ ကူညီလိုစိတ်တို့ကြောင့် ရုံးအဖွဲ့ဝင်လူငယ်တွေရဲ့ ချစ်ခင်လေးစားမှုကို မြန်မြန်ဆန်ဆန်ပဲရရှိလာပါတယ်။

နောက်တော့ Ben ဟာ ကုမ္ပဏီရဲ့တည်ထောင်သူCEO Jules Ostin (Anne Hathaway) ရဲ့ နားမှာ အလုပ်သင်ခွင့်ရတယ်။ Jules ဟာ လုပ်ငန်းခွင်မှာစနစ်ကျပြီး အချိန်မအားလပ်အောင်အလုပ်ကြိုးစားသူ။ ရုံးထဲ တနေရာနဲ့တနေရာကူးတာတောင် စက်ဘီးစီးပြီး ကူးသန်းသူ။ အစပိုင်းတော့ Ben လို အဘိုးကြီးတစ်ယောက်ကို သူ့အနားခေါ်မထားချင်ခဲ့ဘူး။ သို့ပေမဲ့ စံပြအနေနဲ့ခေါ်ကိုထားရမှာမို့ လက်ခံလိုက်ရပေမဲ့ အရေးမပါတဲ့အလုပ်အသေးအမွှားလေးတွေချည့် အလုပ်ပေးခဲ့တယ်။ Ben ကတော့ ကိစ္စမရှိဘူး။ အကုန်လုပ်ပေးခဲ့တာပဲ။

တနေ့တော့ CEO Jules ရဲ့ ကားဒရိုင်ဘာ အဆင်မပြေတာနဲ့ Benက လိုက်ပို့ဖို့ဖြစ်လာတယ်။ Ben မောင်းတာ အဆင်ပြေတာနဲ့ နောက်တော့ Benဟာ Jules ရဲ့ ပင်တိုင်ဒရိုင်ဘာ ဖြစ်လာခဲ့တယ်။ အတူတူ အလုပ်လုပ်ရင်း Ben ရဲ့ကိုယ်ရည်ကိုယ်သွေးကို Jules သိလာတယ်။

တဖက်မှာJulesဟာ သူ့ကုမ္ပဏီ အလျင်အမြန် ကြီးထွားလာတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ပြင်ပက အတွေ့အကြုံရှိတဲ့ CEO တစ်ယောက် ငှားရမ်းဖို့ ဖိအားပေးလာကြသလို၊ Jules ရဲ့ အိမ်ထောင်ရေးမှာလည်း ခင်ပွန်းဖြစ်သူရဲ့ဖောက်ပြန်မှုကြောင့် ပြိုကွဲမယ့် အန္တရာယ်နဲ့ ကြုံတွေ့ရပါတယ်။ ဇာတ်လမ်းရဲ့ အထိခိုက်ရဆုံး အပိုင်းတွေမှာ Ben ဟာ Jules ဘေးမှာ အမြဲရှိပေးပြီး ဘဝ၊ အလုပ်နဲ့ အချစ်ရေးတို့အပေါ် စိတ်ဓာတ်ခွန်အားနဲ့ အကြံဉာဏ်ကောင်းတွေ ပေးခဲ့ပါတယ်။

ခေတ်ကြီးက အများကြီး ပြောင်းလဲလာခဲ့တယ်။ အခုဆို AI ခေတ်။ ဒါပေမယ့် ဘယ်ခေတ်မှာမဆို တန်ဖိုးအထားခံရမယ့် ကိုယ်ရည်ကိုယ်သွေးတွေကို Ben က သင်ပြသွားခဲ့ပါတယ်။ တကယ်ဆို Benဟာ ခေတ်မမီတော့တဲ့ အဘိုးကြီး။ သို့သော် Benဟာ တည်​ငြိမ်ရင့်ကျက်ပြီး စိတ်ရှည်တယ်။ စကားတွေအများကြီး မပြောဘဲ ပတ်ဝန်းကျင်နဲ့ လူတွေရဲ့ လိုအပ်ချက်၊ ခံစားချက်တွေကို အမြဲ သတိထား ကြည့်ရှုတတ်တယ်။ အသက် ၇၀ ရှိပြီဖြစ်ပေမဲ့ နည်းပညာအသစ်တွေကို လူငယ်တွေဆီကနေတောင် မရှက်ဘဲ လိုလိုလားလားသင်ယူတယ်။ Julesက Ben ကို Facebook အကောင့်ဖွင့်တာသင်ပေးတာကို Benက ကလေးလေးတစ်ယောက်လို သင်ယူတာ။

နောက်ပြီး သူ့ရဲ့ အနှစ် ၄၀ မန်နေဂျာ ဘဝအတွေ့အကြုံတွေကို ထုတ်ကြွားမနေဘဲ ရုံးက လူငယ်တွေရဲ့ အချစ်ရေး၊ အလုပ်ရေး အခက်အခဲတွေကို မိတ်ဆွေကောင်းတစ်ယောက်လို နွေးနွေးထွေးထွေး အကြံဉာဏ် ပေးတယ်။ အဲဒီ Ben ရဲ့ အပြုအမူတွေဟာ ဘယ်ခေတ်မဆို လူ့အသိုင်းအဝိုင်းမှာ လူတွေ လေးစားချစ်ခင်မှုကိုရမယ့် တကယ့် ကိုယ်ရည်ကိုယ်သွေးတွေပါ။

နောက်တစ်ခုကတော့ Ben ရဲ့အလိုက်သိမှုနဲ့ လျှို့ဝှက်ထိန်းသိမ်းပေးနိုင်မှု။ Jules ရဲ့ ခင်ပွန်း ဖောက်ပြန်နေတာကို ပထမဆုံး သိလိုက်ရသူက Ben ပါ။ ဒါပေမဲ့ အဲဒါကို ရုံးထဲမှာ အတင်းအဖျင်း မပြောခဲ့သလို၊ Jules စိတ်မသက်မသာ မဖြစ်ရအောင် အခြေအနေကို ပါးနပ်စွာနဲ့ လျှို့ဝှက် ထိန်းသိမ်းပေးခဲ့တာကြောင့် Jules က သူ့ကို အပြည့်အဝ ယုံကြည်သွားခဲ့တာပါ။ ကျနော်တို့တတွေရဲ့ ဘဝတွေမှာလည်း ကိုယ့်ရဲ့လှို့ဝှက်ချက်တွေကို အမြဲထိန်းသိမ်းပေးထားမယ့် မိတ်ဆွေကောင်းတွေ လိုအပ်တာအမှန်ပါပဲ။

နောက်တစ်ခုက လူတဖက်သားကို စစ်မှန်တဲ့ လေးစားမှုပေးတာ။ ရင်းနှီးမြှုပ်နှံသူတွေက ပြင်ပက CEO သစ် ငှားဖို့ ဖိအားပေးချိန်မှာ Jules ဟာ သူ့ကိုယ်သူ ယုံကြည်မှု ပျောက်ဆုံးနေခဲ့တယ်။ အဲဒီအချိန်မှာ Ben က Jules ရဲ့ ကြိုးစားမှု၊ စေတနာနဲ့ ကုမ္ပဏီအပေါ် ထားတဲ့ မေတ္တာကို အသိအမှတ်ပြုတယ်။ လေးစားတယ်။ ဒါကြောင့်”ဒီကုမ္ပဏီကို မင်းကလွဲလို့ ဘယ်သူမှ မင်းလောက် ချစ်မှာ မဟုတ်ဘူး” ဆိုပြီး သတိပေးပြီး စိတ်ဓာတ်ခွန်အား အပြည့်ပေးခဲ့တယ်။

လူလတ်ပိုင်းအရွယ် ရောက်လာတဲ့အခါ ဘယ်လိုအိုကြမလဲဆိုတာကို မကြာမကြာ တွေးမိနေပါတယ်။ အိုချိန်မှာ ကြောင်အို ကြွက်မလေးဆိုတဲ့ စကားပုံလိုများ ဖြတ်သန်းရင်ဆိုပြီး ရင်မောမိဖူးတယ်။ Ben ကိုတော့ တကယ်အားကျမိခဲ့ပါတယ်။ Ben လို အသက်အရွယ်ရောက်ရင် သူ့လိုစိတ်နေစိတ်ထား အမူအကျင့်မျိုး ပိုင်ဆိုင်ချင်မိပါတယ်။ ခေတ်ကြီးက ပိုပိုဆိုးလာတဲ့အချိန်၊ လူငယ်တွေ မနည်းရုန်းကန်နေရချိန် ရုပ်ရှင်ထဲက Ben လို လူငယ်တွေကို နားလည်ပြီး နွေးထွေးပေးမယ့်လူကြီးတွေ ပိုလိုလာတာမဟုတ်လား။

ဆက်စပ်သတင်းများ

သတင်း

ဂျီရို ဟိုရီကိုရှီ (Jiro Horikoshi)ဟာ ငယ်ငယ်လေးကတည်းက လေယာဥ်တွေကို သဘောကျခဲ့တယ်။ သူက လေယာဥ်မောင်းတာကို ရူးသွပ်ခဲ့သူပါ။ ဒါပေမယ့် သူ့မှာ မျက်စိအားနည်းချက်ရှိတာကြောင့် လေယာဉ်မှူးအိပ်မက် စွန့်လွှတ်လိုက်ရတယ်။

ရုပ်ရှင်ခံစားမှု

ဒီတစ်ပတ်တော့ How To Live On Earth ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မှတ်တမ်းရုပ်ရှင် ကြည့်ဖြစ်ပါတယ်။ ဒါရိုက်တာက BBC ရဲ့ Planet Earth II နဲ့ Planet Earth III စတဲ့ နာမည်ကြီး မှတ်တမ်းရုပ်ရှင်တွေကို ရိုက်ကူးခဲ့သူ...

ရုပ်ရှင်ခံစားမှု

ကိုဂျီဟာ တိုကျိုမြို့က တက္ကစီသမားတစ်ယောက်ပါ။ ကိုဂျီမှာ ဇနီးနဲ့ ဆယ်ကျော်သက်အရွယ် သမီးလေးတစ်ယောက်ရှိတယ်။ သမီးဖြစ်သူဟာ ကျောင်းဝင်ကြေးနဲ့ လခ အရမ်းများတဲ့ ဂီတအထက်တန်းကျောင်းကို တက်ချင်နေခဲ့တယ်။ ပြီးတော့ အိမ်ငှားခကလည်း စာချုပ်ပြည့်လို့ ထပ်ချုပ်ရဦးမယ်။ တက္ကစီကလည်း သက်တမ်းထပ်တိုးရမယ်။ အဲဒီအထွေထွေကုန်ကျမယ့်စရိတ်တွေကြောင့် တက္ကစီသမားကြီး ကိုဂျီ မရယ်နိုင် မပြုံးနိုင်ခဲ့ဘူး။

ရုပ်ရှင်ခံစားမှု

ဒီတစ်ပတ်တော့ ကြည်မိတဲ့ တောင်ကိုရီးယားစီးရီး the Scarecrow ထဲက ဇာတ်ကောင်တချို့အကြောင်း စိတ်ထဲရှိနေမိတယ်။ ဒီဇာတ်လမ်းတွဲက ပြီးခဲ့တဲ့ ဧပြီနဲ့ မေလက ထုတ်လွှင့်ပြသခဲ့တာမို့ အတော်များများ ကြည့်ပြီးကြပါပြီ။ ဒီဇာတ်ကားဟာ တချိန်က တောင်ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဟွာဆောင်းကွင်းဆက်လူသတ်မှုဖြစ်စဥ်ကို အခြေခံပြီး ဇာတ်အိမ်တည်ဆောက်ထားတာပါ။ ဒီဖြစ်ရပ်ကိုပဲ မှီငြမ်းပြီး...