Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူမှာ ဆန်ကြမ်းတအိတ်ကျပ်တစ်သိန်းကျော်လာပြီး စစ်ရှောင်တွေ ဝမ်းရေးအခက်ကြုံ

တနေ့ ထမင်းနှစ်နပ် မစားရသူတွေအများအပြားရှိလာ

(​ကျောက်ဖြူမြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူ​တွေ။ဓါတ်ပုံ-Triple T ၊​ပေးပို့ )

နိုဝင်ဘာ-၄၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်မှာ ဆန်ကြမ်း တအိတ်ကို ကျပ်တသိန်းကျော်ထိ စျေးရှိနေပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေ စားနပ်ရိက္ခာအခက်ကြုံနေကြရကာ ထမင်းနပ်မမှန်သူတွေပင် ရှိလာနေတယ်လို့ ကူညီရေးအဖွဲ့တွေနဲ့ စစ်ရှောင်တွေက ပြောပါတယ်။

အရင်ကကျပ်ခုနစ်သောင်းဝန်းကျင်သာရှိခဲ့တဲ့ ဆန်ကြမ်းတအိတ်ကိုအခုအခါ ကျောက်ဖြူမြို့နယ်အတွင်း ကျပ် ၁၂၀,၀၀၀ ဝန်းကျင်ထိ စျေးရှိနေပါတယ်။ အရင်ကတည်းက စပါးစိုက်ပျိုးသူတွေနည်းပါးပြီး အခုတိုက်ပွဲတွေ ဖြစ်နေချိန် စပါးစိုက်သူမရှိတော့တဲ့ ကျောက်ဖြူမှာ ရခိုင်ပြည်တွင်းက အခြားဒေသတွေထက် ဆန်စျေးပိုတက်နေ တယ်လို့ ဆိုပါတယ်။

“ဒီဘက်မှာအရင်တုန်းကလည်းဆန်ရှားတာ၊ စျေးတက်တာတွေ ဖြစ်တယ်။ ဒါပေမယ့် ဒီတခေါက်အဆိုးဆုံးပဲ၊ အလွယ်တကူလည်း ဝယ်မရ၊ စျေးကလည်းကြီးတယ်။အလှူငွေတွေရလာရင်လည်းအရင်က လူတရာစာ ဆန်ပေးနိုင် မယ်ဆိုရင် အခုက လူငါးဆယ်စာတောင် မရတော့ဘူး။ အဲလိုမျိုးဖြစ်သွားတယ်” လို့ ကျောက်ဖြူမြို့နယ်အတွင်း လူ မှုကူညီရေးလုပ်ငန်းတွေလုပ်နေသူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ဖြူမြို့နယ်အတွင်းကစစ်ဘေးရှောင်ဒုက္ခသည် ငါးထောင်ကျော်ဟာကြီးမားတဲ့စားနပ်ရိက္ခာအခက်အခဲနဲ့ ကြုံနေရတယ်လို့ မြေပြင်မှာ ကူညီပေးနေတဲ့ ဇင်ချောင်းလူငယ်ပရဟိတအသင်းက ​ပြောပါတယ်။ အဲဒီစစ်ရှောင်တွေ ဟာ နိုင်ငံတကာကူညီရေးအဖွဲ့တွေရဲ့ အထောက်အပံ့တွေကို မရကြဘဲ ပုဂ္ဂလိကအလှူရှင်တွေနဲ့ အာရက္ခတပ်တော် (AA)လက်အောက်ခံဌာနဆိုင်ရာတွေရဲ့ အထောက်အပံ့တွေနဲ့သာ ရပ်တည်စားသောက်နေကြရတာဖြစ်ပါတယ်။

အဲဒီလိုအခြေအနေမှာ စစ်ဘေးရှောင်တွေဟာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့်အလုပ်ထွက်လုပ်ဖို့လည်း အဆင်မပြေကြဘူးလို့သိရပါတယ်။

“အခက်အခဲတော်တော်ကြုံတွေ့နေရပါတယ်။ အလုပ်မရှိပါ၊ အကိုင်မရှိပါ၊ ဟိုဘက်ကြည့်လည်း ပင်လယ်၊ဒီဘက်ကြည့်လည်း တောင်။ ထမင်းကို နပ်မှန်အောင် စားချင်ပေမယ့် မ၀ တနပ်၊ ၀ တနပ်စားနေရတယ်။ ကောင်းကင် (လေယာဉ်)ကို ကြောက်နေရတာကလည်း တမျိုး။ ကောင်းကင်ကို ကြောက်လို့ ထမင်းလည်း မစားနိုင်၊ ဟင်းလည်း မစားနိုင်၊ အမျိုးမျိုး တွေးပြီး ကြောက်နေရတယ်”လို့ ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြော ပါတယ်။

ကျောက်ဖြူအပါအဝင် ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်ဟာ စစ်ဘေးရှောင်စခန်း၊ ဆေးရုံ တွေပါမချန် ဗုံးကြဲတာ​တွေကိုပိုလုပ်လာပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် စနဲမင်းပြင် ရွာရှိ စစ်ဘေးရှောင်စခန်းကို ဗုံးကြဲခဲ့ကာ စစ်ရှောင် ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ဒေသတွင်း တိုက်ပွဲတွေဖြစ်နေတာကြောင့် နေ့စားအလုပ်တွေလည်း မလုပ်နိုင်၊ စစ် သင်္ဘောတွေကနေ လိုက်လံပစ်ခတ်တာကြောင့် မြစ်ပြင်ထွက်ပြီးလည်း ငါးမဖမ်းနိုင်ဖြစ်နေကြတယ်လို့ ပြောပါ တယ်။

“စစ်ရှောင်လာတာ ၂ နှစ်နဲ့ ၂ မိုးရှိပြီ။ အခုလောလောဆယ်မှာ အကူအညီပေးတာတွေနဲ့ပဲ စားနေရတယ်။ကိုယ့် တိုင်းပြည်ကို ကိုယ်အရင်လွတ်လပ်ရေးရချင်ပါတယ်။ ဒါမှ ပြည်သူတွေဟာ ကိုယ့်နေရာမှာကိုယ် လွတ်လွတ်ကျွတ် ကျွတ်ရှာစားရဖို့၊ ဒီတိုင်းပြည်ရသွားလို့ရှိရင် သူများဆီက အလှူကို အားကိုးဖို့လည်း မလိုပါ၊ကိုယ့်အားကိုယ်ကိုးလို့ ရပါပြီ။ အခုက ဘယ်နေ့လာလှူမလဲ၊ ဘယ်နေ့လာလှူမလဲမျှော်နေရတယ်” လို့ အထက်ပါစစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

နိုင်ငံတကာအကူအညီမရတဲ့ ရခိုင်စစ်ရှောင်တွေကို တခါတရံ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်ခံ HDCO (လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး) က ဆန်နဲ့ ရိက္ခာအချို့ ထောက်ပံ့ပေးနေပေမယ့် လောက်ငှမှုမရှိဘူးလို့ ဆိုပါတယ်။

“စားစရာမရှိရင် သူတို့ဆီက သွားအကူအညီတောင်းတယ်။ ဆန်တတောင်း၊ နှစ်တောင်းရလာတယ်။ မရတဲ့အခါ လည်း မရ၊ သူတို့မှာလည်းအခက်အခဲဖြစ်နေကြတယ်”လို့အခြား စစ်ဘေးရှောင်တဦး က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှာင်ဒုက္ခသည် ခြောက်သိန်းကျော်ထိ ရှိနေပြီး သူတို့ဟာ လမ်းဘေးဝဲယာတလျှောက် တဲအိမ်တွေ၊ ဘာသာရေးအဆောက်အဦးတွေ၊ တာလပတ်မိုး၊ တာလပတ်ကာ စစ်ရှောင်စခန်းတွေမှာ ခိုလှုံ နေကြရတာဖြစ်ပါတယ်။ ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက နိုင်ငံတကာအကူညီတွေလည်း ပုံမှန်မရကြတော့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ AA က ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်​တွေ​၊​ကျောက်ဖြူ ၊မာန်​အောင် မြို့နယ်တို့ကိုသာသိမ်းပိုက်ဖို့ကျန်​တော့တာဖြစ်ပါတယ်။ အခုအခါ ​ကျောက်ဖြူ နဲ့ စစ်​တွေက စစ်တပ်စခန်း​တွေ၊တပ်ရင်း​တွေကို AA ကထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ်။

ဆက်စပ်သတင်းများ

Facebook