Connect with us

Hi, what are you looking for?

သတင်း

ကောလင်းနယ် စစ်တပ်ဗုံးကြဲမှု ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းအချို့အပါအဝင် ၅ဦးထက်မနည်း သေဆုံး

အင်းတော်မှာလည်း စစ်ရှောင် ၃ ဦးကို စစ်တပ်သတ်ဖြတ်

၂၀၁၉ ခုနှစ်က မိတ္ထီလာလေတပ်မှ တက်လာသည့် စစ်တပ်တိုက်လေယာဉ်နှစ်စီး လေ့ကျင့်မှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - MOI

နိုဝင်ဘာ-၄၊ ၂၀၂၆။ အိမ်သွင်/ People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲကို မြေပြင်စစ်ကြောင်းထ်ိုးဖို့အတွက် အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းအချို့အပါအဝင် ငါးဦးထက်မနည်းသေဆုံးသွားသလို အင်းတော်မှာလည်း အရပ်သားသုံးဦးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ကောလင်းမြို့နယ်နဲ့ မော်လူးမြို့နယ်ကို ဒီနေ့ နိုဝင်ဘာ ၄ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲတိုက်ခိုက်နေခဲ့ပြီး ကောလင်းမြို့နယ်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာပါ။

“လေယာဉ်နဲ့ ဗုံးကြဲနေလို့ ဗုံးခိုကျင်းထဲမှာ ပုန်း‌နေကြတာပါ။ ကျင်းတည့်တည့်ကို ဗုံးကျတာ။ သေဆုံးတာက ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းတွေပါ”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေဟာ အင်းတော်-ထီးချိုင့်လမ်းကတဆင့် ကောလင်းမြို့နယ်ဘက်ကို နိုဝင်ဘာ ၃ရက် မနေ့က ဝင်ရောက်လာခဲ့ပါတယ်။ မနေ့က ဒိုးပင်ရွာနဲ့ ကျောက်တန်းရွာကို ရောက်ရှိခဲ့ပြီး ဒီနေ့ညနေပိုင်းမှာ မုတ်ဝရွာကို ရောက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒိုးပင်ရွာကိုရောက်ရှိစဉ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို သတ်ဖြတ်သွားတယ်လို့လည်း သတင်းရရှိပါတယ်။ အသတ်ခံရသူတွေက ကျောင်းကုန်းကနေ စစ်ဘေးရှောင်သွားတဲ့ အသက် (၄၀) ကျော်အရွယ် ဒေါ်သင်းသင်းလှနဲ့ ထီးချိုင့်ကနေ စစ်ဘေးရှောင်နေတဲ့ အသက် (၃၀) ဝန်းကျင်အရွယ် ကိုကြက်ရိုး၊ နောက်တစ်ဦးကိုတော့ မသိရသေးဘူးလို့ ဒေသတွင်းလုံခြုံရေးနဲ့စစ်ရေးအခြေအနေတွေကိုထုတ်ပြန်ပေးနေတဲ့ Indaw Revolution – IRက ထုတ်ပြန်ထားပါတယ်။

ကောလင်း၊ ဝန်းသို၊ အင်းတော်၊ မော်လူး၊ ထီးချိုင့်နဲ့ ပင်လည်ဘူးမြို့နယ်တွေမှာ စစ်တပ်ရဲ့လေကြောင်းအန္တရာယ်ကိုသတိပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

Facebook