Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

‘အလင်းမဖောက်နိုင်သော တံခါး’

မုန့်တွေ လက်ဆောင်ပစ္စည်းတွေ အစုံအလင်နဲ့ပါပဲ။ ကျ​နော်ဟာ အမေ့ပစ္စည်းတွေ မျက်လုံးတချက် ဝေ့အကြည့်နဲ့တင် တခါတည်း အကြည့်လွှဲပစ်ပြီး လုပ်စရာ ရှိတာ လုပ်နေခဲ့ပါတယ်။ ဆွေမျိုးသားချင်းတွေ ကလေးတွေ မုန့်တွေ ဝေမျှရင်း အမေ့မျက်ဝန်းထဲမှာ ဝမ်းနည်းရိပ်သမ်းနေတာ ကျ​နော် ခံစားမိလိုက်ပါတယ်။

◼️ဆူးနတ်သန်

အမေ ကျ​နော့်ဆီ ပြန်လာတယ်။

မုန့်တွေ လက်ဆောင်ပစ္စည်းတွေ အစုံအလင်နဲ့ပါပဲ။ ကျ​နော်ဟာ အမေ့ပစ္စည်းတွေ မျက်လုံးတချက် ဝေ့အကြည့်နဲ့တင် တခါတည်း အကြည့်လွှဲပစ်ပြီး လုပ်စရာ ရှိတာ လုပ်နေခဲ့ပါတယ်။ ဆွေမျိုးသားချင်းတွေ ကလေးတွေ မုန့်တွေ ဝေမျှရင်း အမေ့မျက်ဝန်းထဲမှာ ဝမ်းနည်းရိပ်သမ်းနေတာ ကျ​နော် ခံစားမိလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ကျ​နော့်ကို အမေ လွမ်းဖူးလား မမေးတတ်တဲ့ ကျနော်ဟာ ကျ​နော့်အပေါ် အမေ့ခံစားချက်ကိုလည်း မသိချင်ခဲ့ပါ။ အမေ ပြန်လာတယ်။ လိုအပ်လို့ ပြန်လာတာပဲဖြစ်ဖြစ် ကျ​နော့်ကို လွမ်းလို့ ပြန်လာတာပဲဖြစ်ဖြစ် လူမှု့အဖွဲ့အစည်း စံနှုန်းအရ သားသမီးတယောက်ထံ မိဘက မေတ္တာတရား တချို့တလေလောက် ဖြစ်ဖြစ် ကျ​နော် မသိချင်ပါဘူး။ အမေဟာ ကျ​နော့်ကို သူ့အသက် ၃၅ နှစ်လောက်မှာ မွေးတယ်။ ကျ​နော် လူဖြစ်လာတယ်။ အမေ ကျောင်းထားခဲ့တဲ့အတိုင်း ကျ​နော် ကြိုးစားတယ်။ သူ အပ်ခဲ့တဲ့ ဆွေမျိုးတွေ ထံမှာ ကျ​နော် စကားတခွန်းမှ မဟဘဲ နေခဲ့တယ်။ အမေနဲ့ ကျ​နော့်ကြားမှာ သံယောဇဉ်ဟာ သွေးကြောင့်သာ စပ်ဆက်နေသလိုပဲ နေထိုင်ကြည့်ကြဖို့ ဖန်ခဲ့တယ်။

အမေ ကျ​နော့် အမူအရာ အေးစက်စက်ကို ကြည့်ပြီး တုန်လှုပ်နေတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကလေးတယောက်ဟာ အမေ့ဆီ ဖုန်းဆက်ငိုမယ်။ ကျောင်းစားရိတ်တောင်းတယ်။ တဂျီဂျီ ဂျစ်တိုက်ငိုနေတယ်ဆိုတဲ့ စရိုက်တွေ ကျ​နော့်ဆီ ရှာမတွေ့တော့လို့ပဲလား။ ကျ​နော် အိမ်ပြန်မလာတာကြောင့်လား။ ကျ​နော်ဟာ လူတယောက် ရှိသင့်တာထက် ပိုတဲ့ အေးစက်မှုမျိုး ရှိနေတာကြောင့်လား။ အမေဟာ ဝမ်းနည်းတုန်လှုပ်နေတာ
သိပါတယ်။

အမေ ရက်ပိုင်းပဲ နေမယ်ဆိုတာ ပြောတယ်။
ကျ​နော် အမေ့ကို လုပ်စရာရှိတာ လုပ်ပေးရင်း ဒီနှစ်ကုန်ရင် နောက်ထပ်တနေရာ ကျ​နော်ပြောင်းနေဖြစ်လိမ့်မယ်လို့ အမေ့ ပြောပြတယ်။ အမေ ဘာမှ မတုန့်ပြန်ဘဲ ‌နှုတ်ဆိတ်နေတယ်။ အမေ တားဆီးလည်း အပိုပဲဆိုတာ အမေ သိနှင့်ပြီးသားပါပဲ။ ကျ​နော့် ပန်းချီကားနဲ့ စာမူခတချို့ အမေ့အိတ်ကပ်ထဲ ထည့်ပေးလိုက်တယ်။ ကျ​နော့်နေရာလေး မျက်လုံးဝေ့ကြည့်ပြီး ငါ့သမီးက လုံလောက်လို့လား… အမေက ရပါတယ်တဲ့။

ကျ​နော် အမေ့ကို မကြည့်ဘဲ စက်ဘီးကို ထုတ်ပြီး
အပြင်ခဏသွားဦးမယ်လို့ ပြောခဲ့လိုက်တယ်။
ရွာထိပ်က ကန်ဘောင်ပေါ်ထိ စက်ဘီး နင်းလာခဲ့ပြီး
ကျ​နော့်စိတ်ကို ဖမ်းစားနိုင်တဲ့ မန်ကျည်းပင် သုံးပင်ရဲ့ အရိပ်အောက်မှာပဲ ဆရာ လင်းမိုးစွေရဲ့ကဗျာတွေ ထိုင်ဖတ်နေမိတယ်။ ဒီအချိန်မှာ ကျ​နော် များများ မတွေးတောဖို့ ဆုံးဖြတ်ထားတယ်။

အမေ ပြန်တော့မယ်တဲ့။ အမေ့အထုပ်အပိုးတွေ
ကျ​နော် ထုပ်ပိုးပေးရင်း အမေ လိုအပ်မယ်ထင်တဲ့
ဆေးဝါးတချို့ကို ကျ​နော့်ဝေစုထဲကနေ ခွဲထည့်ပေးလိုက်တယ်။ စာသင်ပေးနေတဲ့ ကလေးတယောက်ရဲ့ မိဘက အမေ့ကို ကားဂိတ်ထိ လိုက်ပို့ဆောင်ပေးဖို့ ဆိုင်ကယ်နဲ့ ရောက်ရှိလာခဲ့ပြီ။ အမေ့ ခြေအစုံကို ဦးခိုက် ကန်တော့ရင်း အမေ မမြင်အောင် မျက်ရည်တိတ်တဆိတ် ကျမိတယ်။ အမေဟာ ကျ​နော့်ရဲ့ အေးစက်တည်ငြိမ်တဲ့ သာမန်လို ဖြတ်သန်းနေတဲ့ ရှုတည်တည် ဘဝကို မကြေနိုင်မခဲနိုင် ဖြစ်နေပုံရတယ်။ ဝမ်းနည်းနာကျင်ရိပ်တွေ ဖျက်ခနဲ အမေ့မျက်နှာပေါ် ဖြတ်သန်းသွားတာ ကျ​နော် သတိထားမိပါတယ်။

“အမေ့အတွက် မျက်ရည်
ကမ္ဘာအတွက် တေးသွားပေါ့
အမေ…..ရယ်။
နောက်ကို ပြန်ခေါက်နေတဲ့ အရွေ့အလျားမှာ
ဖိနပ်ပါးတဲ့အထိ လျှောက်မလား လူ့အဖွဲ့အစည်းတခုလုံး ကျပျောက်ခံမလား၊ အဆုံးအရှုံးကတော့ နှလုံးသားတွေပဲ ဖြစ်မှာပါ။ “

အမေ့အပြန်လမ်းကို ခပ်ဝေးဝေးက မျှော်ကြည့်ရင်း
သားသမီးနဲ့ မိဘကြားမှာ မီးလျှံတွေလို တောက်နေတဲ့
အပူသောကတွေကို ဘယ်လို ငြိမ်းရမလဲ။ စိတ်အနာတရတွေပဲ ဖုံးကွယ်ကြရင်း ရှေ့ဆက်ခဲ့ကြပေမဲ့ နာကျင်မှုတွေပဲ တိုးပွားလာတယ်။ အမေ စိတ်ချမ်းသာအောင် မနေဖြစ်ခဲ့တာကို ဘယ်လိုမှ ဝမ်းနည်းမရပါ။ ကျ​နော်ဟာ ကျ​နော့်ပုံစံ အစစ်နဲ့ အနေထိုင် ကျွတ်ဆတ်ရင်း လူ့အဖွဲ့အစည်းရဲ့ အရန်ခုံမှာ
ထိုင်မိသွားပြီ။

လက်ခမောင်းခတ်တဲ့ အရွယ်ကနေ လက်အုပ်ချီတတ်တဲ့အရွယ် ရောက်ခဲ့ပြီ။ အမေ ကျ​နော့်ကို ဘယ်လိုနားလည်သွားသလဲ။ ကျ​နော် ဘဝမှာ အမေဟာ အခန်းတခန်းလေးမျှပင် မပါနိုင်အောင် ကျ​နော် ဖယ်ထုတ်မိထားတဲ့အတွက် ဘာမှမခံစားရခြင်းကို လူမဆန်ဖူးဟု သတ်မှတ်လို့ရပါတယ်။ လူသားဆန်တယ်ဆိုတာကလည်း အကြောင်းအရာချင်း တူနိုင်တယ်လို့မှ မဟုတ်ဘဲ။ အမေ့နေရာကနေမှ မဟုတ်ပါဘူး။ ဘယ်လူသားရဲ့ နေရာကနေမှ ကျ​နော့်ကို မြင်ကြည့်လို့ရမှာ မဟုတ်ပါဘူး။ မသိတဲ့ မျက်နှာစိမ်းတွေအတွက် သေရဲတယ်ဆိုတဲ့ကောင်ဟာ မိသားစုနဲ့ကျ မျက်နှာချင်းဆိုင်ရုံနဲ့ မီးထတောက်တယ်ဆိုတာ လောင်စာရှိနေလို့ပဲ။ ဘဝရဲ့ လောင်စာက နှလုံးသားရဲ့အရှိုက်ပဲ မဟုတ်လား။ ကျ​နော့်ဘဝကို နာကျင်မှုတွေ လုံးထွေးရင်းနဲ့ ခြေကုန်လက်ပန်းကျသွားရင် ကဗျာဖတ်ပစ်လိုက်မယ်။ စာထဲ ချရေးပစ်လိုက်မယ်။ရှင်သန်မှုအတွက် အပြည့်အဝ နေထိုင်ခြင်းပေါ့။

အမေနဲ့ ကျ​နော်ဟာ ပြန်တွေ့ရချင်မှ တွေ့ရမှာပါ။
ပြန်တွေ့ဖြစ်ကြရင်လည်း နှစ်ယောက်ကြားလောက်လောက်လားလား ပြောစရာမရှိ ဖြစ်နေဦးမှာပါ။ တခါတလေတော့လည်း ကျ​နော် ဖျားနေရင်
အမေလုပ်ပေးတဲ့ ဆန်ပြုတ်က အချိုဆုံး ဖြစ်ချင် ဖြစ်နေမှာပါ။ အမေ့မှာ ကျ​နော့်အပြင် အခြားသားသမီးတွေ ကျန်သေးတာပဲ။ အမေ့မှာ ဖြေသာစရာ ရှိသလို ကျ​နော့်မှာ ကဗျာတွေ ရှိတာပဲ။ ကျ​နော့်ကဗျာတွေ အမေဖတ်ဖြစ်ခဲ့ရင် အမေ့မျက်ဝန်းတွေ ကျ​နော် ဖတ်တတ်ခဲ့ကြောင်း သိကောင်းသိမှာပါ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’​​​​​
‘ဆူးနတ်သန်’ရေးဖွဲ့တဲ့ “​​အလင်းမဖောက်နိုင်သော တံခါး” ရသစာတမ်းငယ်ကို People’s Spring
ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

​နေချို​သွေး ရောက်ရှိလာမယ့် နွေနေ့ရက်တွေက မြေအောက်ခန်းမှာ နှစ်ပေါင်းများစွာ သိုလှောင်ထားတဲ့ ဝိုင်အရက်ချိုလို ပြင်းရှနေရင် သိပ်ကောင်းမှာပါပဲ။ နွေပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ လူတယောက်အတွက် တခါတလေမှာ လဲမှို့ပွင့်လို လွင့်နေချင်မိတယ်။ မျှော်လင့်မှုတွေက မီးခိုးမဆုံး မိုးမဆုံးနဲ့ ကျယ်ဝန်း ပြန့်ကားလို့နေတယ်။ အရာရာကို လွှတ်ချထားလိုက်ချင်‌ပေမယ့် ရေလိုက်ငါးလိုက် မနေတတ်တဲ့...

ကဗျာ

မေရီသော် ၊ ရွက်စိမ်း မွန်းစတား ဘယ်နှကောင်ကို သတ်နိုင်ရင် ဟီးရိုးဖြစ်ပြီလဲလို့ ကောင်လေးက တွေးမိတယ်။ဒီနေ့မနက် သူကျောင်းသွားတဲ့လမ်းမှာ ဓားတစ်ချောင်း ကောက်ရခဲ့တာ။ ဒီနေ့မိုးလေဝသ ခန့်မှန်းချက်အတိုင်းပဲ မရေတွက်နိုင်တဲ့ဓားမိုးတွေရွာပြီး မြို့လေးဟာ စုတ်ပြတ်ပျက်ဆီးသွားပါတယ်။ ဒါပေမဲ့အဆောက်အဦးတစ်ခုထဲမှာ skin careနေတဲ့အမျိူးသမီးတစ်ယောက်ရှိပြီး သူ့အိမ်ကတော့ ဓားမိုးလွှဲတပ်ထားလို့ ဓားမိုးရွာတာကိုမခံစားရတာ။ ငှက်တွေဟာ...