Connect with us

Hi, what are you looking for?

ကဗျာ

‘ဒေသန္တရ Daylight Sonata’

မေရီသော် ၊ ရွက်စိမ်း

မွန်းစတား ဘယ်နှကောင်ကို သတ်နိုင်ရင် ဟီးရိုးဖြစ်ပြီလဲလို့ ကောင်လေးက တွေးမိတယ်။
ဒီနေ့မနက် သူကျောင်းသွားတဲ့လမ်းမှာ ဓားတစ်ချောင်း ကောက်ရခဲ့တာ။

ဒီနေ့မိုးလေဝသ ခန့်မှန်းချက်အတိုင်းပဲ မရေတွက်နိုင်တဲ့ဓားမိုးတွေရွာပြီး မြို့လေးဟာ စုတ်ပြတ်ပျက်ဆီးသွားပါတယ်။ ဒါပေမဲ့အဆောက်အဦးတစ်ခုထဲမှာ skin careနေတဲ့အမျိူးသမီးတစ်ယောက်ရှိပြီး သူ့အိမ်ကတော့ ဓားမိုးလွှဲတပ်ထားလို့ ဓားမိုးရွာတာကိုမခံစားရတာ။

ငှက်တွေဟာ အတောင်ပံကုန်ဖွင့်လို့ ပြေးကြတယ်။ မပြေးနိုင်တဲ့ငှက်တွေကတော့ အစိုးရရုံးတွေနဲ့ ဘုရားရှိခိုးကျောင်းတွေရဲ့ ဖွာလန်ကြဲသွားတဲ့အလံတော်တွေအောက်ကို ဝပ်တွားသွားကြတယ်။ ဒီမြို့မှာ မော်တော်ကားလမ်းတွေမရှိဘူး၊ ကတိကဝတ်တွေပေါ်မှာပဲ လမ်းလျှောက်လို့ရတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁မတိုင်ခင် မြင်နေကြခေတ်ပြိုင်ကဗျာတွေအတိုင်း မင်းတို့လိုဒီအချိန်မှာငါဆက်ရေးချင်တာပေါ့။ လေပေါ်မှာ ဗောလောမျောနေတဲ့ခရမ်းရောင် လာဗန်ဒါပန်းခင်းကြီးထဲမှာ Ponyoရဲ့လှေလေးကိုခုတ်မောင်းချင်တာနော်။ ရှန်ဂရီလာက ရေတံခွန်လိုစီးကျတဲ့ဂျယ်လီတွေကို ဘေလီတံတားအဆင်းမှာပြန်ရောင်းချင်တာ။ နတ်ဆိုးစနစ်အောက် ခယလိုက်ရင် လူဖြစ်ရှုံးပါပြီ။ ဒီကောင်လေးက ပြည်သူတွေသတ်တဲ့အဖွဲ့ယန္တရားအောက်ရောက်နေတာ ၊ ကြေးနန်းပို့ကြည့်တော့ဟိုဘက်ကိုရောက်​နေတဲ့စိတ်မတွေ့ရဘူးဆိုပြီး လယ်ထွန်စက်တွေထုတ်ပေးလိုက်ဦး။

ခြံစည်းရိုးအပြင်ဘက် ဘွန်ဆိုင်းခြုံပုတ်တွေကြားကနေ လက်နက်ချဖို့ လှမ်းအော်နေတဲ့အသံကို အမြဲတမ်းကြားရတယ်။ ပြေးထွက်ပြီး သွားကြည့်တဲ့အခါ ဘယ်သူမှ ရှိမ‌နေဘူးလေ။ ရှော့ခ်ရသွားပြီး ကောင်လေး ဓားကို အိပ်ရာအောက်ဖွက်ထားလိုက်တာ သူ့မြေးမြစ်တွေလက်ထက်ရောက်မှပဲ ပြန်ရှာတွေ့ကြတော့တယ်။ နောက်တခေါက် ဥဩဆွဲသံတွေထပ်ကြားရတော့ ရေခဲမုန့်သည်ကြီးတောင် မှုတ်ဆေးဘူးကို ပစ်ချပြီး သံဆူးကြိုးကိုဖြဲလို့ တခြားဒိုင်မေးရှင်းထိပါ ထွက်သွားခဲ့ပြီ။

ကျနော်တို့ကခေတ်ဝန်ကိုထမ်းကြည့်တဲ့အရေးအသား။ မင်းတို့ကဒစ်ဝန်ကိုထမ်းကြည့်တဲ့အရေးအသား။ မျှော်လင့်စရာမဲ့သွားရင် အယုံအကြည်မရှိတော့အောင်ထိအဲဒီမြို့ကနေဆုတ်ပေးလိုက်ရတဲ့အတွက် သက်ဆိုင်ရာတွေကိုမေ့လိုက်ပါပြီ။ ရုပ်ရှင်ရုံထဲမှာ ပေါက်ပေါက်ဆုပ်ဗူးကိုင်ရင်း ပိတ်ကားထဲကနေဒိုင်နိုဆောတွေထွက်လာတယ်။ ခုံအောက်ကနေ ချော်ရည်ပူတွေ။ လက်မှတ်စစ်ကနေ လှံကိုင်ထားတဲ့ရဲမက်။ မီးဆလိုက်တွေကနေ မီးမှုတ်တတ်တဲ့ ရှူးပျံနဂါးများ။ Projectorအလင်းရောင်ကနေ အိပ်မက်ရဲ့စေတန်အက တိုက်ရိုက်ထုတ်လွင့်ခြင်းများ။

ဘယ်မှဆက်သွားဖို့ မရှိတော့လို့ ငါတို့ မီးလှုံပစ်လိုက်တာ မြေပုံစာရွက်အထပ်လိုက်ကြီး။
ကမ္ဘာကြီးကို ငါတို့ အမြစ်က ဝိုင်းဆွဲနှုတ်ပြီး တဟားဟား‌အော်ရယ်ပစ်ကြတယ်။ ဖြတ်ကူးတဲ့မြစ်တိုင်းက ငါတို့ကို ရေနှစ်သတ်ဖို့ ကြိုးစားခဲ့ကြတယ်။‌ ပေါလောမျောနေတာ ရေဒီယိုအသေကောင်တွေ၊ ကျွတ်ထွက်ခဲ့တဲ့ သွားတွေ၊ မီးလောင်ထားတဲ့ဘန်နာဆိုင်းဘုတ်တွေ။
ငါတို့ အိပ်စက်တဲ့သစ်ပင်တွေအောက်မှာ နာမည်မပေးရသေးတဲ့ မုန်တိုင်းအသစ်တွေ စတင်ပေါက်ဖွားခဲ့တယ်။

ဆောရီးပါ မင်းတို့ပြောတဲ့အကြည်ဓာတ်လားပေးချင်တာ။ ဒါပေမဲ့အခု Vibeက Grave of the fireflies။ လင်းခါးရဲ့ရေသေအိုင်။ တစ်ခါထိပြီး ပြန်မထိရဲတော့ဘူး။ အနောက်အရပ်ကိုဝင်သွားတဲ့ နဂါးခေါင်းက ပြက္ခဒိန်ထဲကနေ၊ ရေသန့်စက်ကနေလည်း အရင်လိုလက်ကိုင်ဖုန်းတွေကို အရစ်ကျထုတ်မပေးတော့ဘူး။ Slimeလို ပတ်လည်အိကျမျောနေပုံမျိုးနဲ့ နေ့ရက်တွေ။ ဒီကဗျာဖြစ်လာစေဖို့ အင်တာနက်ဆိုင်က ကျေးဇူးရှင်။ ထမင်းကြော်စားမယ်။ ပြီးရင်ကော်ဖီလား။ ဘာလား။ သောက်တတ်ရင်လည်း သောက်ကွာ။ မနက်စောစောတွေဘာတွေတွေးမနေနဲ့။ ဘယ်အချိန်မှာဘာဖြစ်မယ်ဆိုတာသေချာတာမှ မဟုတ်ဘဲ။ နောက်ထပ်လေထဲမှာမျောနေတဲ့ Going Merry။ ကင်တုံအန်။ တံမြက်စည်းပျံ။ အရေခွံနှစ်ထပ်နဲ့လူ။

27 Apr 2025

Going Merry – One Piece ထဲက ကောက်ရိုးဦးထုပ်ပင်လယ်ဓားပြတွေရဲ့ သင်္ဘော

ကင်တုံံအန် – Dragon Ballထဲက Goku စီးတဲ့ တိမ်ပျံ

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မေရီ​သော် နဲ့ ရွက်စိမ်း’ ​ရေးဖွဲ့တဲ့ “ဒေသန္တရ Daylight Sonata” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်) 

ဆက်စပ်သတင်းများ

ဝတ္ထုတို

​နေချို​သွေး ရောက်ရှိလာမယ့် နွေနေ့ရက်တွေက မြေအောက်ခန်းမှာ နှစ်ပေါင်းများစွာ သိုလှောင်ထားတဲ့ ဝိုင်အရက်ချိုလို ပြင်းရှနေရင် သိပ်ကောင်းမှာပါပဲ။ နွေပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ လူတယောက်အတွက် တခါတလေမှာ လဲမှို့ပွင့်လို လွင့်နေချင်မိတယ်။ မျှော်လင့်မှုတွေက မီးခိုးမဆုံး မိုးမဆုံးနဲ့ ကျယ်ဝန်း ပြန့်ကားလို့နေတယ်။ အရာရာကို လွှတ်ချထားလိုက်ချင်‌ပေမယ့် ရေလိုက်ငါးလိုက် မနေတတ်တဲ့...

ရသစာတမ်းငယ်

မုန့်တွေ လက်ဆောင်ပစ္စည်းတွေ အစုံအလင်နဲ့ပါပဲ။ ကျ​နော်ဟာ အမေ့ပစ္စည်းတွေ မျက်လုံးတချက် ဝေ့အကြည့်နဲ့တင် တခါတည်း အကြည့်လွှဲပစ်ပြီး လုပ်စရာ ရှိတာ လုပ်နေခဲ့ပါတယ်။ ဆွေမျိုးသားချင်းတွေ ကလေးတွေ မုန့်တွေ ဝေမျှရင်း အမေ့မျက်ဝန်းထဲမှာ ဝမ်းနည်းရိပ်သမ်းနေတာ ကျ​နော် ခံစားမိလိုက်ပါတယ်။