Connect with us

Hi, what are you looking for?

ဝတ္ထုတို

‘လပ်ကီးကောင်’

မိုးတွေက သည်းကြီးမည်းကြီး ရွာနေ၏။ ဘယ်အငြိုးနဲ့ ရွာရက်လေသည် မသိ။ ရွာနေသည်မှာ နှစ်နာရီကျော် ရှိပြီ။ ဇရပ်ပေါ်မှာ တကိုယ်တည်း အားကိုးရာမဲ့နေသော ကျနော် ခိုက်ခိုက်တုန်နေ လေပြီ။

◼️ မောင်ကြူး

မိုးတွေက သည်းကြီးမည်းကြီး ရွာနေ၏။ ဘယ်အငြိုးနဲ့ ရွာရက်လေသည် မသိ။ ရွာနေသည်မှာ နှစ်နာရီကျော် ရှိပြီ။ ဇရပ်ပေါ်မှာ တကိုယ်တည်း အားကိုးရာမဲ့နေသော ကျနော် ခိုက်ခိုက်တုန်နေ လေပြီ။

ကျနော် သခင့်လက်ထဲ‌ ရောက်သည်မှာ မကြာသေး။ တပတ်ကျော်ရုံသာ ရှိသေးသည်။ သို့ သော် ကျနော့်ကိုသူ သွားလေရာ ခေါ်သွားတတ်သည်။ အမြတ်တနိုးထားသည်။ လူစုစုထဲ ရောက် လျှင် ကျနော့်ကို ထုတ်ကြွားတတ်သေးသည်။ ကျနော့်မှာ မျက်နှာပူရ၊ ရှက်ရသေးသည်။

ယခုမူ သခင် ကျနော့်ကို မေ့ကျန်ခဲ့လေပြီ။ ကျနော့်သက်တမ်းသည် တလသာဖြစ်သည်။ သက်တမ်းမစေ့မီကျနော် သေရတော့မည်ထင်၏။ မိုးကား မတိတ်သည့်အပြင် တိုး၍ တိုး၍ ရွာနေပြန် သေးသည်။ မိုးစက်များကကျနော့်ကို လာရောက် ကျီစယ်နေကြသည်။ သူတို့ ကျီစယ်လေ ကျနော့်မှာ တုန်တုန်ရီရီ ဖြစ်လာလေ။ ချမ်းလာချေပြီ။

Public Service Announcement

Public Service Announcement

ကျနော့်ဇာတိက တောင်ပေါ်ဒေသဖြစ်သည်။ ကျနော့်မှာ ညီအကိုများစွာ ရှိသေးသည်။ သူတို့ နှင့်အတူတောင်ပေါ်မှ ဆင်းခဲ့သည်။ ဆိုင်ကယ်စီးပြီး ခရီးရှည်လာခဲ့ရသည်။ ဧရာဝတီမြစ်ကြီးကို စက်လှေစီး၍ ကူးခဲ့ရသည်။ တဘက်ကမ်းအရောက် ကားထပ်စီးရပြန်သည်။ နောက်ဆုံး သခင့်လက်ထဲ ရောက်ခဲ့ရသည်။

သခင့်လက်ထဲ ရောက်မှ နွားလှည်းလည်း စီးဖူးပြီ။ ထွန်လည်း စီးဖူးပြီ။ ဆိုက်တွဲလည်း စီးဖူးပြီ။ အခုတော့ သွားစရာလာစရာ ဗလာနတ္ထိ။

ကျနော့တွင် တန်ဖိုးရှိသည်။ နှစ်ထောင်ဖြစ်သည်။ အမေရိကန်ဒေါ်လာ မဟုတ်။ စင်ကာပူ ဒေါ်လာ မဟုတ်။ ဂျပန်ယန်း မဟုတ်။ ထိုင်းဘတ် မဟုတ်။ တရုတ်ယွမ် မဟုတ်။ မြန်မာငွေသာ ဖြစ်သည်။ မြန်မာငွေဆို၍လည်း သိန်းနှစ်ထောင် မဟုတ်။ ငွေနှစ်ထောင်ကျပ်သာ ဖြစ်သည်။

ကျနော် ဒီပိုင်ရှင့်ထံ မရောက်မီက ပီဒီအက်ဖ်ရဲဘော်လေးတယောက်ထံမှာ ခဏ နားခိုရသည်။ တောင်ပေါ်က ဆင်းခဲ့ပြီး မြေပြန့်ကို ရောက်ချိန်တွင် ကျနော်တို့ကို ခွဲတမ်းချ၍ ဝေလိုက်ရာ ကျနော်တို့ ညီအကို အယောက်တရာမှာ ထိုရဲဘော်၏လက်ထဲသို့ ရောက်သွားသည်။ ကျန်ညီအကိုများလည်း တခြားရဲဘော်များထံ ရောက်သွားကြသည်။ သူသည် ကျနော်၏ခေတ္တပိုင်ရှင်ဖြစ်သည်။

သူက ကျနော်နဲ့ တွဲ၍ ဓာတ်ပုံရိုက်ထားသည်။ ဆယ်ဖီဆိုလားဆယ့်တဖီဆိုလား မခေါ်တတ်။ ဖေ့ဘုတ်မှာ “၂၀၀၀ တည်းပါ။ အားပေးကြပါဦး။” ဟု တင်၍ ကြော်ငြာသေးသည်။

အွန်လိုင်းဆိုလား မသိ။ ဖုန်း‌ပေါ်ကလည်း ရောင်းသည်။ ရွာထဲ သွား၍ တအိမ်တက်ဆင်းလည်း ရောင်းသည်။ ဖုန်းဆက်၍လည်း ရောင်းသည်။

ခင်ရာမင်ရာအသိမိတ်ဆွေများကို “ခုလ ဘယ်လောက် ယူမှာတုန်း၊ အရင်လထက်တော့ မနည်းစေနဲ့ဗျာ။ ဒီလူတွေပဲ အားကိုးနေရတာ” ဟူ၍ ‌ချော့ကာတမျိုး၊ “အရင်လက ကံမကောင်းပေမဲ့ အခုလ ကံကောင်းနိုင်ပါတယ်။ ဘုရား များများရှိခိုး” ဟု ဟာသလုပ်ရင်း မြှောက်ကာ တသွယ်၊ “ဒီလောက်ငွေလေးကတော့ ကွမ်းစားဆေးသောက် ကျပျောက်သလောက်ပဲ ရှိတာပါ။ ရွေးလိုက်စမ်းပါဦး” ဟု မျက်နှာချိုသွေး၍ တနည်း၊ “ကဲဗျာ ရော့ ဒါ လေးတော့ ယူထား၊ လကုန်ရင် ပိုက်ဆံပေး။” ဆိုရင်း ဇွတ်အတင်း တဖုံ နည်းလမ်းစုံဖြင့် ရောင်းချလေသည်။

ကျနော့်သခင်လောင်းလျာသည် အလွန်လက်ပေါက်ကပ်သူ ဖြစ်နိုင်သည်။ တခါမှလည်း ဝယ်ဖူးဟန်မတူ။ အဘယ်ကြောင့်ဆိုသော် ကျနော့ခေတ္တပိုင်ရှင်ရဲဘော်က ထိုသူ့ကို အားပေးဦးဟု ပြောရာ ဘာလို့ ဝယ်ရမှာတုန်း၊ အလကား ရှုပ်ရှုပ်ရှက်ရှက်ကွာဟု ဘောက်ဆတ်ဆတ် ပြန်ပြောသောကြောင့်ပင်။ ထိုဘောက်ဆတ်ဆတ်လူကိုရဲဘော်က စိတ်ရှည်ရှည် ရှင်းပြ၍ မာကတ်တင်း ဆင်းတော်မူလေသည်။

သူတို့ ပီဒီအက်ဖ်များသည် အခွန်မကောက်၊ အလှူမခံ၊ ဆက်ကြေးမတောင်း၊ မိုက်ကြေးမခွဲ၊ ထို့ကြောင့်ဝန်ကြီးဌာနက ချပေးသော တပ်ထောက်စရိတ် ငွေလေးနှင့်ပြည်သူများ လှူသမျှကိုသာ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လက်နက်ခဲယမ်းများအတွက် ခွဲဝေသုံးစွဲကြောင်း၊ ယခုအခါ အကြမ်း ဖက် စစ်တပ်က ကန့်သတ်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ အမျိုးမျိုး ပြုလုပ်နေရာ ပြည်သူများစီးပွားရေး အဆင်မပြေကြကြောင်း၊ ထို့ကြောင့် တချို့မှာတပ်ရင်းတပ်ဖွဲ့များကို လှူချင်သော်လည်း မိမိတို့ အခက်အခဲများကြောင့် စိတ်လိုလက်ရ မလှူနိုင်ကြကြောင်း၊ ယခုထောက်ပို့ထီ ထိုးခြင်းဖြင့် ပြည်သူများသည် တပ်ရင်းတပ်ဖွဲ့များကို ထောက်ပံ့ရာလည်း ရောက်ပြီး ကံကောင်းပါက သိန်းတထောင်ဆု မှစ၍ ငါးသောင်းကျပ်ဆုထိ ကံထူးနိုင်ကြောင်း၊ တစောင်ကို နှစ်ထောင်ကျပ်သာ ဖြစ်ရာ ငွေကြေးအဆင်မပြေ၍ တပ်ရင်းတပ်ဖွဲ့များကို လှူချင်ရက်နဲ့ မလှူဝံ့သူများလည်း ထီထိုး၍ ရဲရဲဝံ့ဝံ့ ထောက်ပံ့နိုင်ကြောင်း၊ စစ်ကောင်စီက ရောင်းချသော အောင်ဘာလေထီကို ထိုးခြင်းသည် ပြည်သူကို သတ်ဖို့ ငွေထောက်ပံ့ရာရောက်ပြီး ထိုထီထိုးမည့်အစား ထောက်ပို့ထီ ထိုးသင့်ကြောင်း၊ ဤထီထိုးခြင်းသည် တော်လှန်ရေးတွင် တနည်းတဖုံ ပါဝင်တော်လှန်ခြင်းဖြစ်ကြောင်းစသည်ဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။

သူ့အစား ကျနော့်မှာ ရေငတ်လိုက်သည့်ဖြစ်ခြင်း။ ရဲဘော် ပြောမှ သိရသည်။ ကျနော်တို့ကို ထောက်ပို့ထီလို့ ခေါ်သတဲ့။ ထီလက်မှတ် ပျောက်သွားရင်၊ ဆုတ်ပြဲသွားရင် ဘယ်လိုလုပ်မ လဲလို့မေးတော့ စိတ်ပူစရာမလိုကြောင်း၊ အောင်ဘာလေထီလို မဟုတ်ဘဲ လက်မှတ်မပြနိုင်လည်း သူ့ထံမှာ စာရင်းရှိပြီးဖြစ်လို့ ပေါက်တာနဲ့ ဆုကြေးငွေ လာပို့မှာဖြစ်ကြောင်း၊ ဆုကြေးငွေ လာပေးပါကလည်း ဘာမှပေးစရာ မလိုကြောင်း၊ စေတနာအလျောက် လှူလျှင်သာ လက်ခံကြောင်း ထပ်ဆင့် ရှင်းပြပေးသည်။ သူ့ခမျာ တရွာဝင် တရွာထွက်၊ တအိမ်တက် တအိမ်ဆင်း ကြိုးစားပမ်းစား၊ မမောနိုင် မပမ်းနိုင်။

သူမှမဟုတ် ရဲဘော်တိုင်းသည် စစ်ကြောင်းရှိရင် တိုက်ဖို့ခိုက်ဖို့ အပြေးအလွှား သွားရ၊ စိတ်ပင် ပန်းလူပင်ပန်းဖြစ်ရ။ ဒီကြားထဲ ထီကို အားကျိုးမာန်တက် ရောင်းကြသေးသည်။ သို့သော် ပင်ပန်းသည်ဟူ၍ မညည်း။ အခုလို လူ့ခွစာတွေနဲ့ တွေ့ရင်လည်း စိတ်ရှည်ရသေးသည်။ “တော်လှန်ရေး မြန်မြန်ပြီးဖို့ စစ်တိုက်ရမယ်၊ စစ်ကိုကောင်းကောင်းတိုက်နိုင်ဖို့ ငွေရှိမှ ရမယ်၊ ငွေရဖို့အတွက် တရား သဖြင့် ရှာကြံကြရမယ်၊ ဒီထဲကမှ ထောက်ပို့ထီရောင်းတာက အရင်းအနှီးလည်း မလို၊ ရောင်းရငွေ ထဲကရာခိုင်နှုန်းတခု ပြန်ရမှာဆိုတော့ အဆင်ပြေနိုင်တယ်။ ဒါကြောင့် ငါတို့ ထောက်ပို့ထီကိုလည်း အားစိုက်ရောင်းကြစို့”ဟူသော တပ်ရင်းမှူးစကားကြောင့် ရဲဘော်တွေ အားစိုက်ရောင်းကြသတဲ့။

ထီရောင်းရငွေက တလ တလ စားဖို့သောက်ဖို့ စရိတ်ဖာသတဲ့။ ဒီထဲကမှ လက်နက်ခဲယမ်းလည်း ဝယ်ဖို့ စုသတဲ့။ တလောက စစ်ရှောင် ပြည်သူတွေကိုလည်း ဆန်တွေဆီတွေ ဝေခဲ့သေးတယ်ဆိုပဲ။ ထို့ကြောင့်ပင် ရဲဘော်များသည် ထီရောင်းဖို့ကိုလည်း အားစိုက်ကြသည်။ ဖော်ရွေပျူငှာကြ၊ စိတ်ရှည် ကြသည်။

ထိုဘောက်ဆတ်ဆတ်လူသည် စိတ်ရှည်ရှည် ရှင်းပြသည့် ရဲဘော်ကို အားနာ၍လော၊ ရှင်းပြ သည်ကို သဘောပေါက်သွား၍လော၊ တဝဲဝဲနဲ့ မပြန်မှာ စိုး၍လော၊ ဘာကြောင့်လော ညာကြောင့်လော မသိ။ ပေးကွာ တသောင်းဖိုးဟူ၍ ဆင်ဖြူနှစ်ကောင် ထုတ်ပေးလေသည်။ ထိုအခါ ရဲဘော်က ကျနော်အပါအဝင် ညီအကိုငါးယောက်ကိုသူ့လက်ထဲ အပ်ခဲ့လေသည်။

ထိုအချိန်မှ စ၍ ကျနော်တို့သည် သူ့အိတ်ကပ်ဝယ် စတေကေးရှင်းရလေသည်။ သူသွားလေရာ လိုက်ရသည်။ သူ့အပေါင်းအသင်းများ စုံလျှင် ကျနော်တို့ကို ထုတ်ပြပြီး ရဲဘော်လေး ရှင်းပြသမျှကို သူ နားလည်သလိုဖောက်သည်ချသည်။

တချို့လည်း သူ့တရားကို နာပြီးနောက် ထီထိုးမည်ဟု သန္နိဋ္ဌာန် ချကြသည်။ တချို့ကလက်တွေ့ ထိုးကြသည်။ တချို့လည်း ဖောရှောရိုက်၍ အရူးကွက်နင်းကြသည်။

ကျနော့်သခင်သည် ကျနော်တို့ညီအကိုငါးယောက်အနက် တယောက်ကို သူ့သူငယ်ချင်း နွားပွဲစားအား လက်ဆောင်ပေးလိုက်၏။

နှစ်ယောက်ကို သူ့အမေအား “အမေ့ကံ ကျုပ်ကံပဲ၊ ကံကောင်းလို့ သိန်းတရာလောက် ပေါက်ရင်ကို ဒီဝါကျွတ် အမေ့မြေးနှစ်ကောင် သင်္ကန်းစည်းတာပေါ့။” ဟုပြောရင်း ပေးခဲ့လိုက်၏။ တစောင်ကို ကွမ်းယာဆိုင်အား အကြွေးဆပ်သည်ဟု ပြော၍ ပေးခဲ့၏။ အမျိုးကင်းဟန်မတူသော ဆိုင်ရှင်ကလည်း လူ့ခွစာထံမှ မရ အတူတူ၊ ရတာတော့ ယူမှဟု တွေးသည်လော မဆိုတတ်၊ ထီပေါက်မှ လာမတောင်းနဲ့ဟုဆိုကာ ယူထားလိုက်၏။ သူ့အိတ်ထဲတွင် ကျနော်တယောက်သာ ကျန်ခဲ့၏။ အချိန်ကြာကြာ ရှိနေသူဖြစ်၏။ ကျနော့်ကိုလည်း ဘယ်သူ့ထံ ဘာအကြောင်းနဲ့ ပေးခဲ့ဦးမည် မသိ။ စိုးရိမ်မိသည်။

အခုတော့ ကျနော် စိုးရိမ်သလိုပင်ဖြစ်လာသည်။ တဘက်ရွာမှ အပြန်လမ်းတွင် မိုးမိသဖြင့် သခင်သည် ဇရပ်တွင် မိုးဝင်ခိုရင်း အင်္ကျီရေစိုကို ခါ၍လှမ်း၏။ ရေစိုနေသောကျနော့်ကို ဇရပ်ကြမ်းပြင်မှာ အမှတ်တမဲ့ ချထားလိုက်သည်။ မိုးစဲသွားလျှင် အင်္ကျီကို ဆွဲယူပြီးအပြေးတပိုင်း ထွက်သွားရာ ကျနော့်ကို မေ့ကျန်ခဲ့လေသည်။ မကြာမီ တိတ်နေသောမိုးသည် သည်းသည်းမည်းမည်း ရွာပြန်လေသည်။

နှစ်နာရီကျော် ကြာသော်လည်း မိုးကား မတိတ်သေး။ သခင်လည်း ပေါ်မလာ။ အကျီစားသန် သောမိုးစက်များကြောင့် ကျနော့်မှာ တကိုယ်လုံးရွှဲရွှဲစိုနေပြီ။ သခင်လာခဲ့လျှင်ပင် ကျနော့်အသက်ကို မီနိုင်ပါမည်လော။ ဒီဝါကျွတ်မှာ သခင့်သားတွေသင်္ကန်းစည်းနိုင်ပါစေ။ ရဲဘော်လေးလည်း လတိုင်းထောက်ပို့ထီ များများရောင်းရပါစေ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်ကြူး’ရေးဖွဲ့တဲ့ “​လပ်ကီးကောင်” ဝတ္ထုတို ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...