Connect with us

Hi, what are you looking for?

ဝတ္ထုတို

‘ကြေးဘုရားအိုအို မီးသင့်ငုတ်တို’

◼️​မောင်သုည (ရှပ်ပုံသား​လေး)

(၁)

သာတချီ မှိန်တလှည့် အသက်ရှူကြပ်နေသော လရောင်အောက် လွတ်နိုင်သမျှလွတ်အောင် ပြေးရင်း ညောင်ပင်ကြီးဆီရောက်လာသည်။ ထိုညောင်ပင်အောက်ကို တိုးဝင်သွားသောအရိပ်တခုကြောင့် ကျီးမဲတအုပ်သည် တထိတ်တလန့် ဖရိုဖရဲ ထပျံသန်းသွားကြ၏။

”အမေ့သားလေး ”

Public Service Announcement

Public Service Announcement

အမေ ဆက်ပြေးလိုက်သည်။ ဗွက်အိုင်ထနေသော ရေမျက်နှာပြင်လမ်းမပေါ်က လဆန်း၏လခြမ်းသည် လှုပ်ခတ်ကျန်ခဲ့လေတော့သည်။

“အမေ့ကို မထားခဲ့ပါနဲ့ သားရယ်”

အမေမျက်လုံး ဆတ်ခနဲဖွင့်လာသည်။ အမေ၏မျက်ဝန်းအိမ်၌ ကြေးဆင်းတု ထိုင်တော်မူဘုရားက နှင်းအေး၏ ဒိုင်ယာရီစာအုပ်စားပွဲပေါ်မှ ထွန်းညှိထားသော ဖယောင်းတိုင်အလင်းရောင်ကို တောက်ပစွာမြင်လိုက်ရသည်။

“အမေ …”

နှင်းအေး စိုးရိမ်စိတ်ဖြင့် အမေကို လေးပင်စွာခေါ်တော့…

“အမေဘာလို့ ဒီအိပ်မက်တွေ မက်နေရပြန်တာလဲ သမီးရယ်။ နင့်အစ်ကိုကြီး အဆင်မှပြေရဲ့လားမသိဘူး”

ဟု အမေက ရေရွတ်ရင်း တဖက်သို့ ပြန်လှည့်အိပ်သည်။ နှင်းအေးကား အမေကို စောင်ခြုံပေးလျက် သောကသည် နှင်းအေးရင်ကို ဆွဲလှုပ်လျက်။

“ညီမလေး အမေ့ကို ဘယ်လိုပြောရပါ့မလဲ အကိုကြီးရယ်”

နှင်းအေး ရေးလက်စစာအုပ်ကိုအဆုံးသတ်ပြီး ပင်ပန်းနွမ်းနယ်နေသော စိတ်ဆီက လေပူသည် နှင်းအေးနှုတ်ခမ်းဖျားဆီမှ အရှိန်ပြင်းပြင်းထွက်ကျလာကာ တဲသာသာအိမ်လေးကို အမှောင်က ဝါးမျိုသွားလေသည်။

(၂)

အဝေးမှလှမ်းမြင်နေရသော မီးခိုးမည်းလုံးများက နှင်းအေး၏နှလုံးသားကို အသက်ရှူရန် ဟန်ချက်ပျက်နေတော့၏။ ပြာလဲ့လဲ့ကောင်းကင်ဆီမှ နေမင်းသည်လည်း အသိကင်းမဲ့စွာ ကျက်ကျက်တောက်ပူ၍ နှင်းအေးကျောရိုးထဲသို့ စူးရှ လောင်ကျွမ်းလာလေသည်။

“အကိုကြီးတို့ ဘေးမတွေ့ ရန်မခအောင် နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပေးတော်မူပါ အရှင်ဘုရား”

မီးခိုးမည်းလုံးများ ဆွတ်ပျံတက်နေသည့် အမြောက်ရပ်တွင် မားမားမတ်မတ်တည်ရှိနေသော ရွာအေးစေတီ၌ နှင်းအေးရင်တွင်းမှဆုတောင်းရင်း သစ်ပင်အောက်တွင် ထိုင်ငိုနေသည့်အမေဆီကို နှင်းအေးလျှောက်လာသည်။

“ဘာမှမဖြစ်ဘူးနော် အမေ၊ အမေ့နားမှာ သမီးတယောက်လုံးရှိတယ်။ သမီးတို့အဆင်ပြေမှာပါ”

အမေ၏ကျောပြင်ကိုဖက်လျက် နှစ်သိမ့်နေသည့် နှင်းအေးကိုယ်ကို ခြင်ကောင်တချို့က သွေးများ အငြိုးတကြီး စုတ်ယူလျက်။

“သမီးအကိုကြီးတော့ ဒုက္ခရောက်နေပြီလား မသိဘူး သမီးရယ်”

အမေ၏စကားဆုံးတွင် ရွာအေးစေတီအနောက်ဘက် ထန်းနှောင်းပင်တန်းကို နှင်းအေး လှမ်းကြည့်သည်။ အကိုကြီးတို့ ရွာမှထွက်သွားသော ထန်းနှောင်းပင်တန်းက နှင်းအေးကို လှောင်ပြောင်​နေသယောင်။

(၃)

သည်မြေနီလမ်းကို ခေတ္တမျှခြေချမိသော နှင်းအေးရင်ထဲတွင် တချိန်က စိမ်းလန်းစိုပြေခဲ့ဖူးသည့် သူတို့ရွာပုံရိပ်က ရင်ထဲကိန်းဝပ်ရှင်သန်နေခဲ့သည်။

ယခုတော့ သည်ရွာကလေးသည် မီးသင့်၍ နွမ်းလျခြောက်သွေ့နေသော မန်ကျည်းပင်၊ သရက်ပင်၊ တမာခါးပင်တို့၏ မီးသင့်အကိုင်းအခက်များသာ နှင်းအေး၏နှလုံးသားကို တဆတ်ဆတ်နာကျင်အောင် ထိုးဆွလျက်ရှိနေလေသည်။

လူနေအိမ်တချို့သည် အကိုကြီးကို ဝှက်ခေါ်သွားသော နတ်ဆိုး၏ဖဲချပ်ကဲ့သို့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားကြလေပြီ။ နတ်ဆိုး၏ခြေရာဟု ယူဆရသည့် မီးသင့်ငုတ်တိုများသာ သူ့တို့ရွာကို အုပ်စိုးမင်းမူလျက်ရှိနေ၏။

တကောင်တလေ ကျီးမည်းများကား တအအနှင့်တွန်မြည်ကာ လေဆန်ကိုတိုးပျံလိုက်၊ မီးသင့်ငုတ်တိုဆီ ထိုးဆင်းလိုက်နှင့် နှင်းအေးမျက်စိဆံပင်မွှေးစူး၍ မုန်းတီးစိတ်က ရင်ကို ခြုံသိုင်းနေခဲ့သည်။

“ကြည့်စမ်းပါဦး သမီးရယ်”

အမေ၏စကားသံကြောင့် နှင်းအေး အမေကိုလှမ်းကြည့်သည်။ အမေသည် မီး၏အဓမ္မကျင့်ခြင်းခံထားရသော စပါးပြာပုံရှေ့ ဒူးတုပ်ထိုင်လျက် စပါးပြာများကို လက်ဖြင့်သိမ်းယူနေသည်။

“လုပ်ရက်လိုက်ကြတာကွယ်”

မဖြေသာဝေဒနာနှင့် ချိတ်တွယ်နေသော အမေနှုတ်ခမ်းဆီမှ စကားကြား ကြွေလုဆဲဆဲမျက်ရည်ကို နှင်းအေး အားတင်းသုတ်ရင်း မီးဒဏ်သင့်ထားသည့် ကြေးဘုရားအိုအိုတွေ့လိုက်သည်။

ကြေးဘုရားအိုအိုသည် မီး၏ဒဏ်ကို အံတုကာ ဖုန်းဆိုးမြေအလယ်၌ ဣန္ဒြေမပျက် ထိုင်တော်မူနေတော့၏။

ထိုကြေးဆင်ထုဘုရားကို နှင်းအေး အသာပင့် မကာ ပြာမှုန်၊ ပြာစများကို သူ့ခါးထဲမှအဝတ်နှင့်သုတ်သင်ရင်း…

“လောဘသားတွေ အတ္တကြီးသမျှ တပည့်တော်တို့ လည်စင်းခံခဲ့ရတာပါ ဘုရား”

ဟု ကြေကွဲဆို့နစ်နေသော ရေရွတ်သံအဆုံးတွင် အမေသည် မီးကျွမ်းထားသော စတီးပန်းကန်ကို ပြာတောထဲမှ ကောက်ယူပွေ့ဖက်ကာ အကိုကြီးထွန်ယက်ခဲ့သော ယာခင်းဆီသို့ မျက်နှာမူသည်။

ယာခင်းထဲမှ ပြောင်းခင်းနှင့်ပဲခင်းက နတ်ဆိုးပြုစားထား၍ ရစရာဘာမှမရှိသော ဗလာအနတ္ထိ ငရဲတွင်းကြီးအဖြစ် ပြောင်းလဲနေခဲ့လေပြီ။ ဤယာခင်းဆီကိုဆင်းလျှင် သေမင်းက တစစီဖြစ်သွားမည့်ခန္ဓာကို ဘာမှော်အစွမ်းမှ အာမခံချက်မပေးထားမှန်း နှင်းအေးနှင့်အမေသဘောပေါက်နေတော့၏။

(၄)

“အမေရွာကို ပြန်ချင်တယ် သမီးရယ်”

အဖေခေါင်းချခဲ့သော အေးချမ်းသာဇာတိရွာလေးကို အမေ၏သံယောဇဥ်က သည်တော သည်တောင်ဆီမှ ထွက်ပြေးနေ၏။

“ပြန်ရမှာပေါ့အမေရယ်၊ သမီးလည်း ရွာကိုလွမ်းတယ်။ ဒီအခြေအနေတွေတည်ငြိမ်လို့ အခွင့်သာတဲ့အခါကျရင် သမီးတို့ ပြန်ကြမယ်နော်”

နှင်းအေး၏စကားကို သိပ်ဘဝင်မကျသည့် အမေအကြည့်က အက်ကြောင်းထပ်နေသော သူ့ရင်တစုံကို အရှိန်ပြင်းပြင်း လာဆောင့်သည်။

“ဘာပဲဖြစ်ဖြစ် အမေကတော့ အခုပြန်လို့ရရင် အခုပြန်ချင်တယ်။ သေပြီးသား အမေတို့ဘဝတွေမှာ နောက်ထပ်ပြန်သေရမှာလည်း မကြောက်တော့ပါဘူး သမီးရယ်”

မီးဒဏ်သင့်ကြေးဘုရားကို သပြေခက်ပူဇော်ရင်း အမေလက်ကြားဆီမှ တထောင်းထောင်းထနေသည့် ဖက်ကြမ်းဆေးလိပ်ငွေ့ က နှင်းအေးကို အလွမ်းနာချပြနေသည်။

“ဒါနဲ့ သမီးအကိုကြီးကို ဆက်သွယ်ရသေးလား။ သားလေး ရွာကထွက်သွားကတည်းက ဘာသတင်းမှ မကြားရတော့ဘူး”

ထိုစကားကြောင့် အတိတ်မေ့ချင်ယောင်ဆောင်နေသော ဝေဒနာက နှင်းအေး၏ပစ္စုပ္ပန်သံသရာကို တဖန်ပြန်လည်လာတော့၏။

“အကိုကြီးက အမေ့ကိုကန်တော့ပြီး နိုင်ငံခြားထွက်သွားပြီပဲ မဟုတ်လား”

နှင်းအေးသည် ပြောပြောဆိုဆို မီးဖိုချောင်ကိုလျှောက်လာပြီး မီးကျွမ်းထားသော စတီးပန်းကန်ပြားကိုလှမ်းယူကာ အလှူရှင်များ၏ဒါနကို ပါရမီဖြည့်ရန် ဟန်ပြင်လေတော့သည်။

“ဒါပေမယ့် မင်းအကိုကြီးအကြောင်းတွေးမိရင် အမေ့စိတ်တွေ လေးလံနေတယ် သမီးရယ်”

ညှိုးငယ်နေသည့် အမေမျက်နှာပေါ်တွင် ပူဆွေးနေသောမိခင်တ​ယောက်၏ ဗျာပါဒမီးက နှင်းအေး နှလုံးအသည်းခြေကို လောင်မြိုက်လာသည်။

“ဟိုဟိုဒီဒီလျှောက်တွေးမနေပါနဲ့ အမေရယ်။ လာပါ သမီးတို့ထမင်းစားရအောင်နော်”

ရင်ထဲသိမ်းဆည်းထားသော အမှန်တရားဆီမှ စိုးရိမ်စိတ်သည် နှင်းအေးရင်တွင်း၌ ပူလုံးကြွလာလေ၏။

အမှန်စင်စစ် လွန်ခဲ့သော လနည်းငယ်က နှင်းအေးတို့ရွာထဲတွင် အရူးမတယောက်ပေါ်ခဲ့ဖူးသည်။ ထိုမိန်းမကား သူ့သား နတ်လှည့်သွားသည်ဟု ယုံကြည်၍ ဗုံတလုံးနှင့် ရွာတောင်၊ ယာခင်းများဆီလိုက်ရှာရင်း သူပါ နတ်ဆိုးပြုစားခံရ၍ တစစီဖြစ်သွားခဲ့ရလေသည်။

“သားတယောက်ဆုံးရှုံးသွားတဲ့ မိခင်တယောက်ရဲ့ငရဲမှာ ဘယ်လိုနှလုံးသားနဲ့ရှင်သန်ရလဲဆိုတာ အမေသင်ယူရတော့မှာလား သမီးရယ်”

(၅)

အသက်ခြောက်ဆယ်ထဲဝင်နေသည့် အမေ့၏လက်ကျန် ဘဝနေဝင်ချိန်သည် ပြာလဲ့လဲ့မိုးသားကောင်းကင်၌ သက်တံများပြုံးပျော်နိုင်သည့်နေ့ထိ အမေရှိနေဖို့ နှင်းအေးမျှော်လင့်မိ… သို့သော် အကိုကြီး၏အမှန်တရားကို အမေသိလျှင် အမေ၏ဘဝကား ဗုံတလုံးနှင့်အဆုံးသတ်မည်လော၊ ငှက်ပျောပွဲ ၊ အုန်းပွဲနှင့်အဆုံးသတ်မည်လော။

နှင်းအေးအတွေးက အမေကိုခြေစုံလက်နှင့်ပြုစုရင်း လကွယ်ည၏ အမှောင်ထဲတွင် နစ်မွန်းလျက်။

“ရပြီသမီး၊ သမီးလည်းပင်ပန်းနေပြီ နားလိုက်တော့နော်”

အားအင်ချိနဲ့နေသည့် အမေ့စကားကြားမှ ဇရာထောက်နေသော အမေရုပ်ရည်ကို နှင်းအေး တစိမ့်စိမ့်ကြည့်မိသည်။

“အမေ ငိုနေတာလား အမေ”

အမေ မသိသလိုဟန်နှင့် မျက်ရည်ကိုသုတ်ကာ –

“အို… မဟုတ်ပါဘူး သမီးရယ်၊ အမေ မျက်ရည်ပူတွေကျနေတာပါ”

နှင်းအေး အမည်ဖော်မရသော ဝေဒနာဆန်းကို တဒဂ်ခံစားမိသည်။ သို့ပေမယ့် အမေ့ကို စောင်ခြုံပေးရင်း ချလိုက်မိသော အသက်ပြင်းမှာ လောကကြီးကို ရုပ်လုံးပြချင်နေသည့် ရင်တွင်းဆီမှ အမှန်တရားသည် နှင်းအေးကိုဖိအားပေးလျက်။

“အစ်ကိုကြီးရဲ့ အမှန်တရားတွေအတွက် အမေ့ကို သမီးတောင်းပန်ပါတယ် အမေ။ တချို့အမှန်တရားတွေက အမြစ်ကိုဆွဲနှုတ်မိတဲ့အခါ အကြိမ်ကြိမ်အခါခါ နာကျင်တတ်လို့ပါ။ သမီးကိုခွင့်လွှတ်ပေးပါ အမေ”

နှင်းအေး အတွေးစဖြင့် အိပ်ပျော်နေဟန်ရှိနေသည့် အမေနံဘေးက ဖယောင်းတိုင်ကို သူ့၏ဒိုင်ယာရီစားပွဲပေါ်တွင် ထွန်းညှိလိုက်သည်။ ထို့နောက် ရေးလက်စ ဒိုင်ယာရီ စာအုပ်ကို ဖွင့်လိုက်သောအခါ စာရွက်တချို့သည် သူသတိမကပ်မိသောချိန်က ထွက်ပြေးထားလေ၏။

“ဟင်….”

ပူထူနေသောစိတ်ဖြင့်စာအုပ်ကို အခါခါလှန်လှော်ကြည့်နေစဥ် သူ့နောက်မှ ကျိခနဲမြည်သံသဲ့သဲ့ထွက်ပေါ်လာသည်။

“အမေ…”

အမေက ထထိုင်ကာ မျက်ရည်များပြည့်နေသော မျက်ဝန်းနှင့် နှင်းအေးကို စိုက်ကြည့်နေသည်။

“အိပ်မက်တွေ ထပ်မက်ပြန်ပြီလားအမေ”

အမေ ခဏတာဆိတ်ငြိမ်ပြီး အေးစက်နေသောလက်နှင့် ခုန်ထွက်ပြေးနေသည့် စာရွက်ကို နှင်းအေးလက်ထဲ ထည့်ပေးလာသည်။

“သားလေး မသေပါဘူး။ အမေအိပ်မက်ထဲမှာ နိုင်ငံခြားရောက်နေတဲ့ အမေ့သားလေးက အမေတို့အတွက် ပိုက်ဆံတွေအများကြီးစုမိနေပြီတဲ့ သမီးရဲ့”

အမေစကားဆုံးတွင် နှင်းအေးမျက်နှာသည် အမေရင်ခွင်ထဲသို့ ထိုးအပ်လျက်သားရှိနေတော့၏။ ငြင်းဆန်၍မရသော အမှန်တရားကလည်း အတားအဆီးမရှိ ထွက်အန်ကျလာတော့သည် ။

“အကိုကြီးရဲ့အမှန်တရားကို ကြေးဘုရားအိုအိုနဲ့ မီးသင့်ငုတ်တိုတွေက သက်သေပြုပါလိမ့်မယ်အမေ” ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မောင်သုည (ရှပ်ပုံသား​လေး’ရေးဖွဲ့တဲ့ “​ကြေးဘုရားအိုအို မီးသင့်ငုတ်တို” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...