Connect with us

Hi, what are you looking for?

Short Story

“အနုပညာပြခန်း ပိတ်လိုက်တယ်”

ဒီပန်းချီပြခန်းကို ခေတ်ကောင်းချိန်က ခဏခဏရောက်ဖြစ်တယ်။ ဒီပြခန်းမှာက ပန်းချီပြပွဲတွေ၊ ဓာတ်ပုံပြပွဲတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။ အများဆုံး ပြသလေ့ရှိတာက ပန်းချီပါ။ အခုလို ပြပွဲတွေ မကြာမကြာလုပ်တာဖြစ်လို့ မကြာခဏ ခြေဦးလှည့်ဖြစ်တဲ့ နေရာတခုလို့တောင် ပြောလို့ရပါတယ်။

တာပလု

ဒီပန်းချီပြခန်းကို ခေတ်ကောင်းချိန်က ခဏခဏရောက်ဖြစ်တယ်။ ဒီပြခန်းမှာက ပန်းချီပြပွဲတွေ၊ ဓာတ်ပုံပြပွဲတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။ အများဆုံး ပြသလေ့ရှိတာက ပန်းချီပါ။ အခုလို ပြပွဲတွေ မကြာမကြာလုပ်တာဖြစ်လို့ မကြာခဏ ခြေဦးလှည့်ဖြစ်တဲ့ နေရာတခုလို့တောင် ပြောလို့ရပါတယ်။

ခေတ်မကောင်းချိန်မှာတော့ အဲ့ဒီပြခန်းကို တခေါက်ပဲ ရောက်ဖြစ်လိုက်တယ်။ ခေတ်မကောင်းချိန်ဆိုတာ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့အချိန်ကို ဆိုလိုတာပါ။

ပန်းချီတွေကို အမျိုးအစားခွဲခြားပြီး ခံစားတတ်လို့တော့ မဟုတ်ဘူး။ ပုံတွေကြည့်ရတာ ကြိုက်လို့ကို ဒီပြခန်းကို ရောက်လာဖြစ်တာပါ။ ဓာတ်ပုံပြပွဲလုပ်တာပဲဖြစ်ဖြစ်၊ ပန်းချီကားတွေ ပြသထားတာပဲဖြစ်ဖြစ် ပုံတပုံကို အချိန်အကြာကြီး စိုက်ကြည့်ရတာ ကြိုက်လို့ အဲဒီပြခန်းကို ရောက်လာဖြစ်တာပါ။ ကြည့်နေရင်းနဲ့ စိတ်ကူးအတွေး ပုံဖော်ရာနောက်ကိုလိုက်ပြီး ခံစားကြည့်တာတွေ လုပ်ဖြစ်တာပါ။

Public Service Announcement

Public Service Announcement

ဓာတ်ပုံတပုံ၊ ပန်းချီကားတချပ် တခုနဲ့တခု ပုံသဏ္ဌာန်၊ အကြောင်းအရာတွေက ကြည့်ရှုသူ၊ ခံစားသူရဲ့ ပုံဖော် ထိတွေ့ ခံစားတာခြင်း ကွာခြားသွားနိုင်ပါတယ်။

ပန်းချီပြပွဲကို မကြာခဏရောက်ဖြစ်တဲ့ မိတ်ဆွေတယောက်က ပြပွဲက ပန်းချီတချို့ကို ဓာတ်ပုံရိုက်ပြီး ပို့ပေးတာရှိတယ်။ တခုခုလိုနေတယ်လို့ ခံစားမိတာ။ လိုနေတဲ့ တခုခုဆိုတာ ဘာလဲဆိုတာတော့ မပြောတတ်ဘူး။ ဘာ လိုနေလဲတော့ မသိဘူး။ စိတ်ထဲမှာတော့ တခုခုလိုနေတာကို ခံစားမိတယ်။

အခုလိုအချိန်ကာလမျိုးမှာ လွတ်လွတ်လပ်လပ်မဟုတ်ဘဲ စည်းကြပ် ဘောင်ကြပ်ထားတဲ့ အချိန်ကာလမျိုးမှာ အနုပညာတချို့ကို ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ခွင့်မရတာမျိုး ဖြစ်မှာပါလို့ စိတ်ထဲမှာတော့ ဖြေလျှော့လိုက်ပါတယ်။

ကိုယ်တိုင်လည်း အခုလိုကာလမျိုးမှာ ပန်းချီပြခန်းကိုရောက်ဖြစ်တော့ အရင်ကလို အခြေအနေမဟုတ်မှန်းတော့ သိလိုက်ပါတယ်။ အခုလို အချိန်ကာလမျိုးက တယောက်နဲ့တယောက် တွေ့ကြရတာတောင် ဟက်ဟက်ပက်ပက် နှုတ်ဆက်ကြတာမျိုး မရှိတာကို ခံစားမိလိုက်တယ်။

ကျနော်တို့ကို တယောက်ယောက်က ကန့်သတ် ထိန်းချုပ်ထားတယ်ဆိုတာ မပြောဘဲ သိနေကြတဲ့ ပုံစံမျိုးပါ။ ဒီလိုကာလမျိုးမဟုတ်တဲ့ အချိန်ကာလတွေတုန်းက ကျနော်တို့ဟာ ဒီလိုနေရာမျိုးမှာ လွတ်လွတ်လပ်လပ် ရှိခဲ့ကြတယ်ဆိုတာပါပဲ။

ပန်းချီကားတွေကြည့်တော့လည်း တခုခုလိုနေသလို ခံစားရတယ်။ ပြပွဲကိုလာကြတဲ့ မိတ်ဟောင်း၊ ဆွေဟောင်းတချို့နဲ့ ပြန်တွေ့ကြရတော့လည်း တခုခုလိုနေသလို ခံစားရပြန်ပါတယ်။ ဘာတွေလိုနေကြလဲ ဆိုတာတော့ ကိုယ်စီကိုယ်စီ စိတ်ကူးထဲမှာတော့ ရှိနေကြမှာပါပဲ။

ပန်းချီပြခန်းရှိရာကို ဦးတည်သွားလိုက်တယ်။ ဒီတခေါက်ပြခန်းမှာက ပန်းချီကားတွေပြမှာ မဟုတ်ပါဘူး။ ဓာတ်ပုံတွေပြမှာပါ။ ဓာတ်ပုံဆရာကတော့ ကျနော်နဲ့ သတင်းဌာနတခုမှာ သတင်းအတူ လိုက်ခဲ့ကြသူတွေပါ။ သူ့ကို ဓာတ်ပုံဆရာလို့ပြောတာထက် ဓာတ်ပုံသတင်းထောက်လို့ပြောရင် ပိုကောင်းပါတယ်။ သတင်းဌာနတခုမှာ ဓာတ်ပုံသတင်းထောက်အဖြစ်နဲ့ အချိန်ကာလတခုကြာအောင် ကျင်လည်ခဲ့သူလည်း ဖြစ်ပါတယ်။

ပြခန်းထဲကို ရောက်ရောက်ချင်းပဲ ပြခန်းတာဝန်ရှိသူတွေက နှုတ်ခွန်းဆက် ခရီးဦးကြို ပြုကြပါတယ်။

“မင်္ဂလာပါ … ပြခန်းက ကြိုဆိုပါတယ်။ လက်ဘက်ရည် သုံးဆောင်လို့ရပါတယ်။ မုန့်တွေလည်း သုံးဆောင်လို့ရပါတယ်။ လက်ဘက်ရည်တို့ မုန့်တို့ သုံးဆောင်ရင်းနဲ့ ဓာတ်ပုံတွေကို တအေးတဆေး ကြည့်နိုင်ပါတယ်ခင်ဗျာ”

ဒီအသံကို ဒီပြခန်းရောက်တိုင်း ကြားနေကြပါ။ ပြခန်းတာဝန်ရှိသူတွေက လူငယ်တွေတော့ မဟုတ်ကြပါဘူး။ လူလတ်တန်း အသက်အရွယ် ရှိကြသူတွေပါ။ သူတို့က ချိုသာတဲ့အသံတွေနဲ့အတူ ပြခန်းလာကြသူတွေကို ကြိုဆိုကြတာပဲဖြစ်ပါတယ်။ ပြခန်းကို အလာကျဲသွားတဲ့ ကျနော်တောင် သူတို့အသံကို ပြန်ကြားရတော့ အမှတ်ရစရာတချို့ ချက်ချင်းဆိုသလို ပြန်ပေါ်လာပါတယ်။

အာဏာသိမ်းလိုက်တဲ့ အစပိုင်းရက်တွေက မိတ်ဆွေ ပန်းချီဆရာတယောက်ရဲ့ အခန်းကို အရပ်ဝတ်နဲ့လူတွေက လာရောက်ဖျက်ဆီးသွားတယ်။ သူ့နဲ့အဖော်တယောက်က ထပ်ခိုးတခုပေါ်မှာတက်နေပြီး အသက်ဘေးက လွတ်ခဲ့ရတယ်။

အရပ်ဝတ်နဲ့လူတွေက သော့ခတ်ထားတဲ့ အခန်းတံခါးကို ဖွင့်ခိုင်းတယ်။ အထဲကမဖွင့်ပေးတော့ သော့ကိုရိုက်ဖွင့်ပြီး အခန်းထဲကိုဝင်လာတယ်။ အခန်းထဲကိုရောက်တော့ လူတွေကို ရှာမတွေ့တော့ ပန်းချီဆွဲရာမှာသုံးတဲ့ ကင်းပတ်စတွေ၊ စုတ်တံတွေ၊ ဆေးတွေကို ရစရာမရှိအောင် ရိုက်ချိုးဖျက်ဆီးသွားတယ်။ ဖျက်ဆီးခံလိုက်ရတဲ့ အခင်းအကျင်းတချို့ကို သူလွတ်မြောက်နယ်မြေရောက်တော့မှ ပေးပို့လာတဲ့ပုံတွေမှာ တွေ့လိုက်ရပါတယ်။ သူက အခုပြခန်းမှာ သူ့ပန်းချီကာတွေ ပြသခဲ့ဖူးပါတယ်။ ပြခန်းထဲရောက်ရောက်ချင်း သူ့ကို ပြေးပြီး သတိရမိတာပါပဲ။ အခြေအနေတွေကို ထုတ်ဖော်ပြောဖို့ မတတ်သာတဲ့အတွက် စိတ်ထဲမှာပဲ ထားလိုက်ရပါတယ်။

ပြခန်းထဲက ချိတ်ဆွဲပြသထားတဲ့ ဓာတ်ပုံတပုံချင်းကို အချိန်ပေးပြီး လိုက်ကြည့်ဖြစ်တယ်။ ဓာတ်ပုံတွေရဲ့ဘေးမှာတော့ မြန်မာကျပ်ငွေနဲ့ သတ်မှတ်ထားတဲ့ ဓာတ်ပုံတပုံရဲ့ ရောင်းဈေးပမာဏကို ရေးသားထားပါတယ်။

ဓာတ်ပုံတွေကိုကြည့်ရင်း တချိန်က သတင်းစာ စာမျက်နှာပေါ်မှာ၊ ဂျာနယ်စာမျက်နှာပေါ်မှာ အသုံးပြုခဲ့တဲ့ ဓာတ်ပုံတချို့ ပါလာတာကို တွေ့ရပါတယ်။

“ကျနော့်ကို မှတ်မိလားဗျ”
“ဟား … မှတ်မိတာပေါ့”

နောက်ထပ် သတင်း‌ဓာတ်ပုံဆရာတဦးနဲ့ ဓာတ်ပုံတွေကြည့်ရင်း ဆုံကြလို့ မိတ်ဆက်လိုက်တာ သူက ကောင်းကောင်း မှတ်မိနေတာပါပဲ။ ပြပွဲမှာ အဓိကဓာတ်ပုံတွေ ပြသတဲ့သူကို သူကပဲခေါ်လာပြီး အပြန်အလှန်မိတ်ဆက်ကြရင်း လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ ခဏတာ ပြန်ဆုံကြတဲ့ နေရာတခု ဖြစ်သွားပါတယ်။

“အငယ်လေး အခု ဘယ်မှာအလုပ်လုပ်နေလဲ”

လွန်ခဲ့တဲ့ ၉ နှစ်လောက်က လူတွေမြောက်များစွာရှိတဲ့ သတင်းခန်းတခုမှာ လူတယောက်ကို နစ်နိမ်းပေးပြီး ခေါ်ခဲ့ဖူးတဲ့သူတယောက်က အခုချိန်ထိ အဲ့ဒီနာမည်ကို မှတ်မိနေပါသေးတယ်။ အငယ်လေးတဲ့။ ကျနော်တို့တွေက တချိန်က မြေပြင်မှာ သတင်းယူခဲ့ကြသူတွေဖြစ်လို့ သတင်းဓာတ်ပုံ ရိုက်သူကရိုက်၊ သတင်းရေးသားဖို့ အချက်အလက် စုသူကစုနဲ့ မီဒီယာခေတ်ကောင်းချိန်တဖြတ်ကို ကျင်လည်ခဲ့ကြတာဖြစ်ပါတယ်။

အခုတော့ အခြေအနေတွေက အရင်လို မဟုတ်တော့ပါဘူး။ ဘာအလုပ်လုပ်နေလဲလို့ မေးလာတဲ့ အမေးစကားကို တိတိပပ ပြန်မဖြေမိလိုက်ဘူး။ လက်ရှိအခြေအနေက လူအုပ်ထဲမှာ ဘာအလုပ် လုပ်နေလဲဆိုတာကို ပြောဖို့လည်း ခက်နေတာပါ။ စစ်ကောင်စီက သတင်းသမားတွေကို ထောင်ချတာ၊ မီဒီယာတိုက်တွေကို ပစ်မှတ်ထား ချိပ်ပိတ်နေတာလည်းဖြစ်ပါတယ်။ ကျနော်လို့ UG သတင်းသမားတယောက်အဖို့ ဘာအလုပ် လုပ်နေပါတယ်ဆိုတာ ထုတ်ဖော် ပြောလို့မရတဲ့ အခြေအနေတခု ဖြစ်နေတာပါ။

မိတ်ဆွေဟောင်းနဲ့အတူ ပြပွဲမှာ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေကို နောက်ခံထားပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးလိုက်ကြတယ်။ အဲဒီနောက် ကြည့်ချင်တဲ့ဓာတ်ပုံတွေကို တအေးတဆေး လိုက်ကြည့်နေလိုက်တယ်။ ပြပွဲမှာချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေက အတော်များပါတယ်။ ဓာတ်ပုံတွေကို ဘယ်နှကြိမ်မြောက် ခေါက်တုန့်ခေါက်ပြန် ကြည့်မိလဲဆိုတာတောင် အမှတ်မထားမိလိုက်ပါဘူး။ သေချာတာကတော့ အစကနေကြည့်လိုက် အဆုံးရောက်သွားလိုက်၊ အဆုံးကနေ ပြန်ကျော့ပြီး ကြည့်လာလိုက် အစပြန်ရောက်သွားလိုက်နဲ့ပါ။

ပြပွဲခန်းမက တာဝန်ရှိသူတယောက်ရဲ့ ဖုန်းဆက်စကားပြောသံကိုလည်း ကြားနေရပါတယ်။ ပြခန်းဘိုကင် ချိတ်လာတာပါ။ ပြခန်းတာဝန်ရှိသူရဲ့ တုန့်ပြန် သံကတော့ တနှစ်စာအထိ ဘိုကင်လုပ်ထားတဲ့သူတွေ ရှိနေတယ်ဆိုတာပါ။ နောက်နှစ်အတွက် ၂ လပိုင်းလောက်ကစပြီးရမှာ ဆိုတာကိုပါ ပြောပြနေတာပါ။

အသံကြားရာနောက်ကို အတွေးက ကပ်ပါသွားတယ်။ ဒီလို အခက်အခဲကြားက ရှင်သန်နေကြရချိန်မှာ အခုလိုပြပွဲတွေက ပွဲဆက် ရှိနေတာပါလားလို့လည်း တွေးမိလိုက်ပါတယ်။ ဒါဟာ အနုပညာဖန်တီးသူ၊ အနုပညာကို ခံစား စားသုံးသူတွေ ရသလောက်နဲ့ ရှင်သန်နေကြတာမျိုး ဖြစ်နိုင်ပါတယ်။

အရာရာဟာ ကြပ်တည်းနေကြချိန်၊ စည်းကြပ်ထားတဲ့အရာတွေက မြောက်များစွာ ရှိနေကြချိန်မှာ ရှိတာလေးနဲ့ ရအောင် ရှင်သန်ကြတာမျိုး ဖြစ်မှာပါလို့ တွေးလိုက်ပါတယ်။

မကြာခင်ကပဲ သတင်းတခုကို ဖတ်လိုက်ရတယ်။ ပန်းချီပြပွဲတွေ လုပ်လေ့ရှိတဲ့ ခန်းမကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တဲ့အကြောင်းပါ။ သူတို့ရဲ့မူပိုင် လူမှုကွန်ရက်စာမျက်နှာမှာ အခုလို ရေးသားထားတာဆိုတော့ သေချာတဲ့သတင်းတခုပေါ့။ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တဲ့အကြောင်း ဖတ်ရတော့ စိတ်မှာ တခုခုဝမ်းနည်းသလိုလို၊ အလိုမကျတဲ့စိတ်လည်း ဖြစ်လာတယ်။

ဝမ်းနည်းရတာက အခုလို ရှိတာလေးနဲ့ ရှင်သန်နေကြချိန်မှာ အကြောင်းပြချက်မသိရပါဘဲ ပိတ်လိုက်ပြီ ဆိုတာကိုပါ။ အကြောင်းအရင်း တခုခုတော့ ရှိမှာပါ။ အခုအချိန်က ထုတ်ဖော်ပြောဖို့ အခွင့်မသာလို့လည်း ဖြစ်နိုင်ပါတယ်။ အလိုမကျဖြစ်မိတာကတော့ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဆိုတာပါ။ တခုခုရဲ့ဖိအားကြောင့် အခုလို ဖြစ်သွားရသလား ဆိုတာကို စိတ်ထဲတော့ မကျေမချမ်း ဖြစ်မိသွားပါတယ်။ တခုမဟုတ်တခု ပိတ်ပင်ကန့်သတ် တားဆီးထားတဲ့ အရာတွေကို တနေ့တော့ ရိုက်ချိုးဖျက်ဆီးနိုင်မှာပါလို့ တွေးထားလိုက်ပါတယ်။ ခေတ်ဆိုးခေတ်ကြပ်ထဲမှာ မြို့ပြက အနုပညာပြခန်းတခု ရက်အကန့်အသတ်မရှိ ပိတ်လိုက်တဲ့အကြောင်း တယောက်ယောက်ကတော့ သတိထားမိမှာသေချာပါတယ်။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​တာပလု”
ရေးသားခဲ့တဲ့ “​အနုပညာပြခန်း ပိတ်လိုက်တယ်”
ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...