Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

“Up” (2009)

ကားလ် (Carl)နဲ့ အယ်လီ (Ellie) တို့ဟာ ငယ်ချစ်တွေပါ။ သူတို့နှစ်ဦးစလုံးဟာ စွန့်စားသွားလာရတာကို ဝါသနာပါပြီး တောင်အမေရိကက ပါရာဒိုက်ရေတံခွန်ကြီးဆီသွားဖို့ ငယ်ငယ်ကတည်းက စိတ်ကူးရှိခဲ့ကြတယ်။

● အိမ်ကလေးတွေသာ ပျံသန်းခွင့်ရရင်…

ဝဇီရာ/People’s Spring

ကားလ် (Carl)နဲ့ အယ်လီ (Ellie) တို့ဟာ ငယ်ချစ်တွေပါ။ သူတို့နှစ်ဦးစလုံးဟာ စွန့်စားသွားလာရတာကို ဝါသနာပါပြီး တောင်အမေရိကက ပါရာဒိုက်ရေတံခွန်ကြီးဆီသွားဖို့ ငယ်ငယ်ကတည်းက စိတ်ကူးရှိခဲ့ကြတယ်။

သူတို့နှစ်ဦးက သားထောက်သမီးခံမရှိကြဘဲ လှပတဲ့အိမ်ကလေးထဲမှာ တစ်ဘဝလုံး အတူတူဖြတ်သန်းခဲ့ကြတယ်။ အသက်အရွယ်အိုမင်းလာချိန်မှာတော့ အယ်လီဟာ ကားလ်ကိုထားခဲ့ရပြီး ဘဝတပါး ပြောင်းသွားခဲ့ရတယ်။ အဘိုးအို ကားလ်ဟာ အိမ်ကလေးထဲမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့တယ်။

Public Service Announcement

Public Service Announcement

ကားလ်တို့အိမ်ကလေးပတ်ဝန်းကျင်မှာ မြို့ပြစီမံကိန်းတွေကြောင့် တိုက်တာတွေဆောက်လုပ်နေပါပြီ။ လုပ်ငန်းရှင်ကကားလ်ရဲ့အိမ်နေရာကို ဖယ်ရှားပစ်လိုက်ချင်ပြီ။ ကားလ်ကလည်း ခေါင်းမာတယ်။ ဖယ်မပေးဘူး။ သူ့ချစ်ဇနီးရဲ့ အငွေ့အသက်​တွေ၊ ခြေရာလက်ရာတွေ ကျန်နေသေးတဲ့ ဒီအိမ်ကလေးကို ဘယ်နည်းနဲ့မှ ဖျက်မပေးနိုင်ဘူး။ အိမ်မပြောနဲ့ သူတို့နှစ်ယောက်ရဲ့လက်ဖဝါးရာကလေးတွေရှိနေတဲ့ အိမ်ရှေ့က စာတိုက်ပုံးလေးထိခိုက်မိတာတောင် သူ့ခမျာတော်တော်နာကျင်နေခဲ့တာ။

နောက်ဆုံးတော့အဘိုးအိုအကြံတစ်ခုရသွားတယ်။ ကွယ်လွန်သူချစ်ဇနီးရဲ့ဆန္ဒဖြစ်တဲ့ ပါရာဒိုက်ရေတံခွန်ကြီးဆီ သွားဖို့ပါ။တကယ်ကသူတို့ ၂ ​ယောက်သား ​ငွေ​တွေစု​ဆောင်းပြီး အဲဒီ​ရေတံခွန်းကို အတူသွားကြဖို့ ရည်မှန်းပြီး ​စုဘူးနဲ့ ​ငွေစုခဲ့ကြတာပါ ။ဒါ​ပေမယ့် ​လောကဓံ​တရားတွေ​ကြောင့် စုဘူး​လေးဟာပြည့်မလာပဲ ဘဝမှာ မ​မျှော်လင့်ထားတဲ့အဖြစ်​တွေ​ကြောင့် စုဘူး​လေးကိုအကြိမ်ကြိမ်ခွဲသုံးရတာမို့ ဇနီး​မောင်နှံရဲ့ရည်မှန်းချက်မပြည့်ခဲ့တာပါ။ ဒါ​ကြောင့် သူတင်မကဘဲ ချစ်ဇနီးရဲ့အငွေ့အသက်တွေရှိတဲ့ ဒီအိမ်ကလေးကိုပါ ရေတံခွန်ဆီ သယ်သွားဖို့ပါ။

အဲဒီနောက် အဘိုးအိုဟာ အိမ်ကလေးကို မိုးပျံပူဖောင်းတွေ အများကြီးချည်ပြီး ရေတံခွန်ဆီ ရွက်လွှင့်ပါတော့တယ်။အဘိုးအိုတစ်ယောက် လမ်းမှာ အခက်အခဲတွေ အများကြီး ကြုံရတယ်။ မိတ်ဆွေကောင်းတွေလည်း ထပ်တိုးလာခဲ့ပါတယ်။

သူ့မိတ်ဆွေတွေကတော့ သက်ကြီးရွယ်အိုတွေကို ကူညီပေးပြီး ဆုတံဆိပ်ရဖို့ကြိုးစားနေတဲ့ ကင်းထောက်ကောင်လေး။ စကားပြောနိုင်တဲ့ ကော်လာတပ်ထားတဲ့ ချစ်စရာ ခွေးလေးတစ်ကောင်နဲ့ ထူးဆန်းပြီး အရောင်အသွေးစုံတဲ့ ငှက်ကြီးတစ်ကောင်တို့ပဲ ဖြစ်ပါတယ်။

ခရီးစဥ်တလျှောက် အဘိုးအိုနဲ့ သူ့မိတ်ဆွေတွေရဲ့စွန့်စားခန်းတွေဟာ ဘဝဖြတ်သန်းမှုအတွက်တွေးတောဆင်ခြင်စရာတွေလည်း ရခဲ့တယ်။ ဒီနေရာမှာ အိမ်ကလေးကိုတွယ်တာနေတဲ့ အဘိုးအိုကိုကြည့်ရင်း အညာကနေမခွာနိုင်တဲ့ သက်ကြီးရွယ်အိုဘိုးဘွားတွေကို ပြေးမြင်မိတယ်။

အာဏာသိမ်း စစ်တပ်က အညာမှာနေ့စဥ်လေကြောင်းကနေဗုံးကြဲ၊ စစ်ကြောင်းထိုးမီးရှိူ့၊ သက်ကြီးရွယ်အိုပါမချန် ဖမ်းဆီးသတ်ဖြတ်နေတဲ့ကြားက မြို့ပေါ်လည်းခေါ်မရဘဲ အိမ်က​​​​လေးမှာ ပေကပ်နေတဲ့ အညာသူအညာသား သက်ကြီးရွယ်အိုတွေ ရှိနေပါတယ်။ “အဖေက/အမေက ဘယ်လိုခေါ်ခေါ် ခေါ်မရဘူး။ သေရင်တောင် သူ့အိမ်မှာပဲသေချင်တာ”ဆိုတဲ့စကားတွေလည်း မကြာခဏ ကြားရတတ်တယ်။

မိတ်ဆွေလင်မယားနှစ်ယောက်ရဲ့ မိခင်ကြီးဆို မြင်းခြံနယ်ကပါ။ သူတို့ရွာကိုလည်း စစ်ကြောင်းထိုးမီးရှိူ့လို့ သားသမီးတွေက မြို့ပေါ်ကို ခေါ်ထားလိုက်တယ်။ မြို့ပေါ်မှာနေရပေမဲ့ ထိုအမေကြီး မပျော်နိုင်ရှာ။ စစ်ကြောင်းပြန်သွားပြီလည်းဆိုရော အိမ်ပြန်တော့မယ်တဲ့။

သားသမီးတွေက မေးရော။ “အမေအိမ်ပြန်ပြီး ဘာလုပ်မှာလဲ”ပေါ့။ အိမ်မှာဘယ်သူမှမရှိဘူး။ အမေကြီးအမျိုးသားလည်း ကိုဗစ်မှာကတည်းကဆုံးသွားခဲ့ပြီကိုး။ အမေကြီးက ဘာပြောလဲဆိုတော့”ပဲစင်းငုံလေး စိုက်ရဦးမယ်”တဲ့။ “အမေရယ် ပဲစင်းငုံစိုက်လို့ရမယ့်အမြတ် သမီးတို့ပေးပါ့မယ်

မပြန်ပါနဲ့ဦး”လို့တားလည်း ဘယ်လိုမှတားမရ။ နောက်ဆုံး ကားလက်မှတ်ဖြတ်ပြီး ကားပေါ်တင်ပေးလိုက်တော့မှ အမေကြီး ပြုံးရွှင်သွားတော့တယ်။

အမေကြီးဟာ လက်နက်ကြီးသံတွေ တအုန်းအုန်း၊ လေကြောင်းတွေတဝေါဝေါကြားကနေပဲ သူ့အိမ်ကလေးဆီ ပြန်နေနေတော့တယ်။ သားသမီးတွေကတော့ အမေကြီးကို ကရုဏာဒေါသောဖြစ်ခဲ့ကြတယ်။

အန်နီမေးရှင်းဇာတ်ကားထဲက အဘိုးအိုလိုပဲ အမေကြီးလည်း သူချစ်ခင်မြတ်နိုးရတဲ့လူသားတွေနေခဲ့တဲ့ အိမ်က​​လေးမှာပဲ ဘဝရဲ့လက်ကျန်အချိန်လေးတွေ ဖြတ်သန်းချင်ပုံရပါတယ်။ ဘယ်လောက်ပဲ မလုံခြုံမှုတွေရှိနေပေမဲ့ မေတ္တာတရားတွေ ပြည့်လျှံနေတဲ့ အိမ်ကလေးမှာ နေချင်ပုံပါ။

အညာမှာအိမ်တစ်လုံး ဖြစ်မြောက်ဖို့ မလွယ်ခဲ့ပါဘူး။သားတွေသမီးတွေဟာ ရပ်ဝေးမြေခြားမှာ မိဝေးဖဝေး ကျားကုတ်ကျားခဲ ကြိုးစားရုန်းကန်ရင်း နှစ်အတန်ကြာအောင် ကြိုးစားရုန်းကန်ရင်း အိမ်ကလေးတွေ ဆောက်ကြရတယ်။ အခုတော့ သူတို့နှလုံးသားတွေ မွမွကြေခဲ့ရတယ်။ အာဏာသိမ်းစစ်တပ်က သူတို့နေအိမ်တွေ မီးရှို့ခဲ့လို့ပါ။

ဇာတ်ကားထဲပါတဲ့ အိမ်တွေကိုတောင် ဆွဲတင်နိုင်တဲ့ မိုးပျံပူဖောင်းတွေရှိရင် လိုချင်မိပါတယ်။ အိမ်ကလေးတွေကို မခွာနိုင်ကြတဲ့ အမေကြီးအပါအ

ဝင် အညာက ဘိုးဘွားတွေကို လက်ဆောင်ပေးချင်လို့ပါ။ စစ်ဘေးစစ်ဒဏ်ဝေးတဲ့ဒေသတွေဆီ သူတို့အိမ်ကလေးတွေကို ဆွဲသွားပေးချင်လို့ပါ။

ကားလ်ရဲ့ အိမ်ကြီးကတော့ နောက်ဆုံးမှာ သူကတိပေးခဲ့တဲ့ ရေတံခွန်ဘေးကို ဆိုက်ရောက်သွားခဲ့ပါတယ်။ကျွန်တော်တို့ အညာက အမေကြီးတွေရဲ့ အိမ်လေးတွေလည်း မိုးပျံပူဖောင်းတွေ မလိုဘဲ ငြိမ်းချမ်းတဲ့ အရပ်ကို အမြန်ဆုံး ဆိုက်ကပ်နိုင်ပါစေတော့…။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။

သတင်း

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

ရုပ်ရှင်ခံစားမှု

မိုးရွာတဲ့ မနက်ခင်းတွေဆို ကျွန်တော် ကျောင်းမသွားချင်ဘူး။ မိုးရွာပြီဆိုရင် ကျွန်တော့်အတွက် သီးခြားကမ္ဘာလေးတစ်ခုဖြစ်စေတဲ့ အဲဒီနေရာလေးမှာ အချိန်ကုန်ဆုံးလေ့ရှိတယ်။ တိုကျိုမြို့လယ်ခေါင်က Shinjuku Gyoen National Garden ထဲမှာရှိတဲ့ ဂျပန်ရိုးရာ ဇရပ်လေးပါ။ ပတ်ပတ်လည်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ ဝန်းရံထားပြီး၊ ဘေးမှာတော့ ရေကန်ကျယ်ကြီးတစ်ခု ရှိပါတယ်။