ဝဇီရာ/People’s Spring
ဒီကာလ ဆီတင်ကားကြီးတွေတွေ့တဲ့အခါ ဝမ်းသာအားရ ဖြစ်ဖူးကြမယ်ထင်ပါတယ်။ အရင်ကာလကတော့ အမှုမဲ့အမှတ်မဲ့ပေမဲ့ ခုလို အာဏာသိမ်းကာလမှာတော့ စက်သုံးဆီကို မကြာခဏ ခက်ခက်ခဲခဲ ဝယ်နေရတော့ ဆီတင်ကားကြီးတွေမြင်တိုင်း ဆီရှိနေပါသေးလားဆိုတဲ့ ခံစားမှု ရရှိစေလို့ပါ။ အခုတော့စစ်ပွဲရဲ့ အငွေ့အသက်တွေကြားမှာ စက်သုံးဆီဟာလည်း မီးခိုးငွေ့တွေလိုပဲ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်နေပါပြီ။
ဆီတင်ကားကြီးတစ်ကားကို လူတွေက အုပ်စုလိုက် လိုက်လံလုယက်ဖို့ ကြိုးစားခဲ့တဲ့ ဇာတ်ကားတစ်ကား မိတ်ဆွေတို့ မှတ်မိကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ ၁၉၈၁ ခုနှစ်က ထွက်ခဲ့တဲ့ Mad Max 2: The Road Warrior (၁၉၈၁) ဇာတ်ကားက ဇာတ်ဝင်ခန်းပါ။
ပထမဇာတ်ကားမှာတော့ အနာဂတ်ကာလတစ်ခုမှာ စွမ်းအင် (ဆီ) ရှားပါးမှုကြောင့် လူ့အဖွဲ့အစည်းဟာ ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့ပါတယ်။ စွမ်းအင်လောဘကြောင့် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေရဲ့ အနိဋ္ဌာရုံဟာ ကမ္ဘာကြီးကို ဖုန်ထူတဲ့ ကန္တာရပြင်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။

Public Service Announcement
ဥပဒေစိုးမိုးမှုရှိတဲ့ လူ့အဖွဲ့အစည်းကနေ မင်းမဲ့စရိုက်ဆန်တဲ့ ကမ္ဘာပျက်ကပ်ဖြစ်ပွားပြီးနောက် ဇာတ်လိုက် မက်စ်(Max)ဟာ မိသားစုနဲ့ မိတ်ဆွေတွေ ဆုံးရှုံးခဲ့ပါတယ်။
မက်စ် (Max) ဟာ သူ့မိသားစု ဆုံးရှုံးပြီးနောက်မှာ ဘယ်သူ့ကိုမှ မယုံကြည်တော့ဘဲ သူ့ရဲ့ V8 Interceptor ကားလေးနဲ့ ဆီအကြွင်းအကျန် ရှာရင်း တစ်ကိုယ်တော် လှည့်လည်နေသူပါ။
မက်စ်ဟာ Gyro Captain လို့ခေါ်တဲ့ ရဟတ်ယာဉ်မောင်းသူတစ်ယောက်နဲ့ ဆုံရာကနေ “ရေနံချက်စက်ရုံငယ်” တစ်ခုရှိတဲ့နေရာကို ရောက်သွားပါတယ်။ အဲဒီစက်ရုံကို ရက်စက်ကြမ်းတမ်းတဲ့ လူမိုက်ဂိုဏ်းက ဝိုင်းထားပါတယ်။
လူမိုက်တွေရဲ့ ရည်ရွယ်ချက်က စက်ရုံထဲက ဆီအားလုံးကို လုယူဖို့ဖြစ်ပြီး၊ စက်ရုံထဲက လူစုကတော့ ဆီတွေကို သယ်ဆောင်ပြီး ဘေးကင်းရာကို ထွက်ပြေးဖို့ ကြိုးစားနေကြတာပါ။ မက်စ်နဲ့ စက်ရုံထဲကလူတွေ အဖြစ်အပျက်တချို့ ဖြစ်ပွားအပြီး၊ သဘောတူညီမှုတွေ လုပ်အပြီးမှာတော့ သူကိုယ်တိုင် ဆီတင်ကားကြီးကို မောင်းနှင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မက်စ်ဟာ ဆီတင်ကားကြီးကို မောင်းနှင်ပြီး ရှေ့ဆုံးကနေ ထွက်ခွာပါတယ်။ လူမိုက်ဂိုဏ်းအားလုံးက အဲဒီဆီတင်ကားနောက်ကို တရကြမ်း လိုက်လံတိုက်ခိုက်ကြပါတော့တယ်။
ဒီဇာတ်ကားဟာ ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ သွားလာရေး ယဉ်ကျေးမှုကြီးဟာ “ဆီ” ဆိုတဲ့ အကန့်အသတ်ရှိတဲ့ အရာတစ်ခုပေါ်မှာ ဘယ်လောက်တောင် အစွန်းရောက်အောင် မှီခိုနေရသလဲဆိုတာကို ပြသနေပါတယ်။ စွမ်းအင်ပြတ်လပ်သွားတဲ့နေ့ဟာ လူ့ယဉ်ကျေးမှုရဲ့ နောက်ဆုံးနေ့ ဖြစ်သွားနိုင်တယ်ဆိုတဲ့ သတိပေးချက်လည်း ဖြစ်ပါတယ်။ လူတွေကြောင့်ပဲ စစ်ပွဲတွေဖြစ် စက်သုံးဆီရှားပါးရတယ်။ စက်သုံးဆီလုရင်းပဲ စစ်ပွဲတွေ ထပ်ဖြစ်ရပြန်တယ်။
ကျွန်တော်တို့တတွေ စက်သုံးဆီကို ခက်ခက်ခဲခဲ ဝယ်ယူနေရချိန်၊ စက်သုံးဆီခက်လာလို့ လေကြောင်းလိုင်းတွေရပ်နားချိန် စစ်ကောင်စီကတော့ လေယာဥ်ဆီတွေ ဗုံးပေါလအောသုံးပြီး ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ မနေ့ကပဲ ကသာမြို့က စစ်ဘေးရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူဆယ်ချီ သေဆုံးခဲ့ပါတယ်။
ကျွန်တော်တို့တွေ ဆီတစ်လီတာရဖို့ နေပူထဲမှာ တန်းစီနေရချိန်မှာ၊ အဲဒီဆီတွေကိုပဲ သုံးပြီး ကောင်းကင်ယံကနေ ပြည်သူ့အသက်တွေကို ခြွေယူနေတဲ့ ဖြစ်ရပ်တွေက Mad Max ထဲက လူမိုက်ဂိုဏ်းတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းနေပါတယ်။
စစ်တပ်ဟာ ပြည်သူတွေ ကိုဗစ်လို ကမ္ဘာ့ကပ်ဘေးကြီးရင်ဆိုင်နေရတာတောင် နည်းနည်းမှ မငဲ့ညှာဘဲ အာဏာသိမ်းခဲ့ပါတယ်။ အခုရင်ဆိုင်နေရတဲ့ စက်သုံးဆီကပ်ဘေးမှာလည်း စစ်တပ်ဟာ လွဲမှားပြီး စနစ်မကျတဲ့ စီမံခန့်ခွဲမှုတွေနဲ့ ကမောက်ကမဖြစ်လို့နေပါတယ်။
Mad Max 2 ထဲက ဆီတင်ကားကြီးနောက်ကို တရကြမ်းလိုက်နေတဲ့ လူမိုက်ဂိုဏ်းတွေလိုပဲ၊ အခုလည်း ကျွန်တော်တို့ရဲ့ အသက်သွေးကြော ဆီတွေကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ပြီး ပြည်သူကို ဒုက္ခပေးနေတဲ့သူတွေ ရှိနေပါတယ်။ ဇာတ်
ကားထဲမှာတော့ မက်စ်က ဆီတင်ကားအလွတ်ကြီးနဲ့ ရန်သူကို လှည့်စားခဲ့ပေမဲ့၊ လက်တွေ့ဘဝမှာတော့ ကျွန်တော်တို့ပြည်သူတွေဟာ ဆီအစစ်ရော၊ ငြိမ်းချမ်းမှုအစစ်ကိုပါ ရရှိဖို့အတွက် ဒီကပ်ကြီးကို ဆက်လက်ရုန်းကန် ကျော်ဖြတ်ကြရဦးမှာပဲ ဖြစ်ပါတယ်။


















































