Connect with us

Hi, what are you looking for?

သတင်း

ယုန်လေး၏ ရုပ်ရှင်အထူးပွဲလာရောက်​သော မီဒီယာများ လုံခြုံရေးစစ်ဆေးမှုခံရမည်ဟုဆို

ရုပ်ရှင်အထူးပွဲသို့လာရောက်မည့် မီဒီယာများအနေဖြင့် ကတ်များဆွဲကာ လုံခြုံရေးစစ်ဆေးမှုခံရမည်ဟု စစ်တပ်အမာခံထောက်ခံသူ ယုန်လေး ရိုက်ကူးထားသော အော်ရီဂျင်နယ်ဂန်းစတား ၃ အထူးပွဲမတိုင်မီ မင်္ဂလာရုပ်ရှင်ရုံအုပ်စုက အသိပေးလိုက်သည်။

ဆဏ်း / People’s Spring

ရုပ်ရှင်အထူးပွဲသို့လာရောက်မည့် မီဒီယာများအနေဖြင့် ကတ်များဆွဲကာ လုံခြုံရေးစစ်ဆေးမှုခံရမည်ဟု စစ်တပ်အမာခံထောက်ခံသူ ယုန်လေး ရိုက်ကူးထားသော အော်ရီဂျင်နယ်ဂန်းစတား ၃ အထူးပွဲမတိုင်မီ မင်္ဂလာရုပ်ရှင်ရုံအုပ်စုက အသိပေးလိုက်သည်။

အဆိုပါသတိပေးချက်ကို မင်္ဂလာရုပ်ရှင်ရုံအုပ်စု၏ ဖေ့စ်ဘွတ်ခ်၌ တရားဝင်ကြေညာထားခြင်းမရှိသော်လည်း စစ်ကောင်စီသတင်းများအသား​ပေး​ဖော်ပြ​နေ​သော ပေါ်ပြူလာမီဒီယာမှ မြတ်ခိုင်၏ ဖေ့စ်ဘွတ်ခ်မှ တဆင့်ကြေညာထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မီဒီယာသမားများအနေဖြင့် ဝန်ထမ်းကဒ်များကို ချိတ်ဆွဲထားကာ လုံခြုံရေးအရ စစ်မေးမြန်းခြင်းကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း မင်္ဂလာရုပ်ရှင်ရုံအုပ်စု၏ အမှတ်တံဆိပ်နှင့် ကြေညာစာကို မြတ်ခိုင်က “မိုက်ပေါင်းတပ်ဖွဲ့ သိရှိနိုင်ပါရန် ” ဟုရေးသားကာတင်ထားခြင်းဖြစ်သည်။

ထို့ပြင် ရုပ်ရှင်ရုံဘက်မှ လည်ဆွဲကတ်များပြုလုပ်ထားကာ တတ်ရောက်သည့် မီဒီယာများ အနေဖြင့် Register ပြုလုပ်ရမည်ဖြစ်ကြောင်း ဓာတ်ပုံများနှင့်အသိပေးထားသည်။

ရုပ်ရှင်အထူးပွဲများကို ရုပ်ရှင်များ ရုံမတင်မီ မီဒီယာများကို ဖိတ်၍ ပြသလေ့ရှိပြီး ယခုကဲ့သို့ ကဒ်များဆွဲ၍ လုံခြုံရေးစစ်ဆေးမှုများပြုလုပ်ခြင်းမရှိခဲ့ဘဲ ယုန်လေး၏ ဇာတ်ကားရုံတင်မည့် အချိန်မှသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

​တော်လှန်​ရေးအား​ကောင်းလာပြီး​နောက်ပိုင်း စစ်​တပ်​ထောက်ခံသူ နှင့် အမျိုးသား​ရေးအစွန်း​ရောက်သူများသည် ​အပြင်သို့ လွတ်လပ်စွာမသွားရဲကြ​တော့ဘဲ လုံခြုံ​ရေးကို အထူးသတိထား​နေကြခြင်းဖြစ်သည်။

ထို့ပြင် အော်ရီဂျင်နယ်ဂန်းစတား ၃ ရုပ်ရှင်အထူးပွဲကို ယခင်က အောက်တိုဘာ ၈ ရက်တွင် သမ္မတရုပ်ရှင်ရုံ၌ပြုလုပ်ရန်စီစဉ်ထားသော်လည်းအောက်တိုဘာ ၁၀ ရက်သို့ ပြောင်းလိုက်ကြောင်းယုန်လေးက ၎င်း၏ဖေ့စ်ဘွတ်ခ်၌ယနေ့(အောက်တိုဘာ ၅)အသိပေးထားသည်။

ရုပ်ရှင်အထူးပွဲကို အနုပညာသတင်းဖော်ပြသည့်မီဒီယာများ တတ်ရောက်ကြ​လေ့ရှိသည်။ယခုနောက်ပိုင်းတွင် အနုပညာ မီဒီယာအချို့ကရုပ်ရှင်အထူးပြပွဲများကိုအခကြေးငွေယူ၍ တိုက်ရိုက်ထုတ်လွှင်မှုလည်းရှိသည်။

တော်လှန်ရေးအင်အားစုများက မီဒီယာများကိုလည်း Social Punishment ပြုလုပ်သည့် အနုပညာရှင်များကို မေးမြန်းခြင်းမပြုလုပ်ရန် တောင်းဆိုခဲ့ဖူးသော်လည်း အနုပညာမီဒီယာများမှာပုံမှန်အတိုင်း သတင်းရယူ​ဖော်ပြ​နေကြခြင်းဖြစ်သည်။ထို့အပြင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း အနုပညာမီဒီယာများမှာ ယခင်ကထက်ပင် ပိုများလာသည်။

အဆိုပါရုပ်ရှင်သည် ပုံမှန်တန်းစီစနစ်အရ ရုံများပြန်လည်ဖွင့်သည့် ၂၀၂၂ တွင် ရုံတင်ရမည်ဖြစ်သော်လည်း ယင်းအချိန်က ယုန်လေးကို ပြည်သူများက လူမှု​ရေးပြစ်ဒဏ်ခတ်မှု (Social Punishment) ပြုလုပ်နေသောကြောင့် မတင်ခဲ့ခြင်းဖြစ်သည်။

ယခုနောက်ပိုင်းတွင် ယုန်လေးက ပရဟိတအလုပ်အချို့ကို လုပ်၍ ပြည်သူရှေ့သို့ ပြန်ထွက်လာပြီး လက်ရှိကြုံနေရသည့် ရေဘေးတွင်လည်း လှူဒါန်းပြနေသည်ကိုတွေ့ရသည်။ထိုအပြင်ဇာတ်ကားကိုလာရောက်ကြည့်ရှုပါကရေဘေးအတွက်လှူဒါန်းမှုဖြစ်မည်ဟု ယင်းရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ထားသည့် မိုးယံဇွန်က အနုပညာအသားပေးဖော်ပြနေသောမီဒီယာများ၌ဖြေကြားထားသည်။

စစ်တပ်အာဏာသိမ်းမှုကို​​ထောက်ခံပြီး စစ်​ကောင်စီနှင့်ပူးပေါင်းသည့် အနုပညာရှင်များကိုလူမှု​ရေးပြစ်ဒဏ် Social Punishment ပြုလုပ်ရန် အတွက် တော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင်လည်း ယုန်လေးကဲ့သို့စစ်တပ်ထောက်ခံသည့် အနုပညာရှင် များကို Social Punishment ပြုလုပ်ရန်စမ်းချောင်းပင်မသပိတ်‌စစ်ကြောင်း ဥက္ကဌ ကိုပီတာကြီးက သတိပေးသည်။

ယုန်လေးသည် အာဏာမသိမ်းမီ အချိန်ကတည်းက အာဏာသိမ်းခံရသည့်ပုံစံဖြင့် Music Video ရိုက်ကူးပြခဲ့သောကြောင့် ယင်းအချိန်ကတည်းက ဝေဖန်မှုများခံခဲ့ရခြင်းဖြစ်သည်။

အာဏာသိမ်းစကာလတွင် ပြည်သူများဘက်မှ ပါဝင်သယောင်နေခဲ့သော်လည်း နောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ ပွဲများတွင် တတ်တတ်ကြွကြွပါဝင်ပေးနေသူတစ်ဦးဖြစ်သည်။

ယုန်လေးသည် ၎င်းကိုယ်တိုင်သာမကအာဏာသိမ်းပြီးစတွင်ဆန္ဒပြပွဲ နှင့် နွေဦးတော်လှန်ရေးတွင် ခတ္တပါဝင်ခဲ့သည့် ပိုင်တံခွန် ၊ G Fatt တို့အပါအဝင် အခြားအနုပညာရှင်များကိုလည်း စစ်ကောင်စီ၏ပွဲများသို့ ဖိတ်ကြားခဲ့သူဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

၁၉၃၀ ခုနှစ်တွေဟာကမ္ဘာ့နိုင်ငံရေးကိုတိမ်ညိုတိမ်မဲတွေလွှမ်းခြုံလာတဲ့အချိန်ပါ။ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့နာဇီ နဲ့ ဖက်ဆစ်ဝါဒတွေခေါင်းထောင်လာတဲ့အချိန်ပေါ့။

နိုင်ငံတကာ

ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဝန်ထမ်းအင်အား ၂၀၀၀ လောက်ကို လျှော့ချထုတ်ပယ်ရဖွယ် ရှိနေကြောင်း ဗြိတိန် မီဒီယာ လုပ်ငန်းစုကြီး BBCက အတည်ပြုခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက အသစ်ဖွင့်ထားတဲ့ ဝါဒဖြန့် မီဒီယာတွေရဲ့ အကောင့်တွေကို ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က အသိပေးထားပါတယ်။

သတင်း

ပြည်သူ​တွေရဲ့ လူမှုရေးပြစ်ဒဏ်ခတ်(SP)ခံရထားရတဲ့ စစ်တပ်ထောက်ခံသူ ယုန်လေးက အာဏာသိမ်းကာလမှာ ပထမဆုံး ပြန်လည်ရိုက်ကူးခွင့်ရခဲ့တဲ့ ရုပ်ရှင်ရုံတင်တော့မယ့်အကြောင်း အသိပေးထားပါတယ်။