ချင်းပြည်နယ်ရှိ မင်းတပ် – မတူပီလမ်းနှင့် ကန်ပက်လက်မြို့နယ်တို့တွင် ဒေသခံချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF)နှင့် စစ်ကောင်စီတပ်တို့ နေရာသုံးခု၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
“မတူပီဗျူဟာကနေ ဆင်းလာတဲ့ စစ်တပ်ရယ် ပြီးတော့ မင်းတပ်ကနေ မတူပီက ဆင်းလာတဲ့ဟာကို သွားကြိုတဲ့ စစ်တပ်ရယ်လို့ ထင်ရတယ် တိုက်ပွဲ နှစ်နေရာ အဲဒီကြား (မင်းတပ် – မတူပီလမ်း)မှာ ဖြစ်တာပေါ့။ ကန်ပက်လက်မြို့နယ်မှာလည်း နယ်မြေစိုးမိုးရေးဆိုပြီး မင်းတပ်မြို့ပေါ်ကနေ ကန်ပက်လယ်နယ်ကိုသွားတဲ့ စစ်ကောင်စီကို ကန်ပက်လက်က CDFနဲ့ တိုက်ပွဲတွေဖြစ်တာပေါ့” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အသေအပျောက်ရှိခဲ့ပြီး CDF အချို့ ဒဏ်ရာရခဲ့သည်ဟု ဆလိုင်းထက်နီက ပြောသည်။
မင်းတပ်ဒေသ စစ်ရေးသတင်းများကို လူမှုကွန်ရက်၌ ပုံမှန်ဖော်ပြလေ့ရှိသည့် ဒေသခံတစ်ဦးကလည်း ယနေ့ (နိုဝင်ဘာ ၄ရက်) နေ့လည်က ဖြစ်သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၀ဦးကျော် ဒဏ်ရာရပြီး သေဆုံးမှုလည်းရှိကြောင်း သိရသည်ဟု ဆိုသည်။ မတူပီမှ ဆင်းလာသည့် စစ်ကောင်စီတပ်များသည် မင်းတပ်-မတူပီ လမ်း မိုင် ၄၀ ရှိ ပြည်သူများနေအိမ်တွင် ညအိပ်ရန် တပ်စွဲထားကြောင်း ဖော်ပြထားသည်။

Public Service Announcement
ယနေ့ နံနက်က ကန်ပက်လက်မြို့နယ် တိုက်ပွဲသည်လည်း ၃နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦး သေဆုံးခဲ့သည်ဟု ကန်ပက်လက် CDFက ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၃၀ရက်ကလည်း မတူပီ – ပလက်၀ လမ်းတွင် စစ်ကောင်စီတပ်ကို မတူပီ CDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်။
စစ်ကောင်စီအနေဖြင့် လက်ရှိတွင် ချင်းပြည်နယ်အတွင်းသို့ စစ်အင်အားဖြည့်တင်းပြီး လုံခြုံရေးအကြောင်းပြကာ လူထုအပေါ် ပိုမိုဖိနှိပ်လာနေကြောင်း ဆလိုင်းထက်နီက ပြောသည်။


















































