Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ အစ္စရေး စစ်ဆင်ရေးတွေ ပြန်စပြီး တစ်ရက်အတွင်း ပါလက်စတိုင်း ၂၂၀ ကျော် သေဆုံး

ဂါဇာမှာ အစ္စရေးက ပမာဏ ကြီးကြီးမားမား လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် တစ်ရက်တည်းနဲ့တင် ပါလက်စတိုင်း ၂၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးက ပမာဏ ကြီးကြီးမားမား လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် တစ်ရက်တည်းနဲ့တင် ပါလက်စတိုင်း ၂၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၁၇ ရက် ညသန်းခေါင်ကျော် အချိန်ကစလို့ အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ရဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲပြီး ဒုံးကျည်တွေနဲ့ပါ ပစ်ခတ် ဖျက်ဆီးခဲ့ပါတယ်။ အစ္စရေး စစ်တပ် (IDF)က အဲဒီ စစ်ဆင်ရေးတွေဟာ ဟားမားစ်တွေရဲ့ အကြမ်းဖက် စစ်ရေး ပစ်မှတ်တွေကို ဦးတည်ခဲ့တာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့က ဟားမားစ်နဲ့ အစ္စရေးကြား ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာလည်း အစ္စရေးရဲ့ စစ်ဆင်ရေးနဲ့အတူ ပျက်ပြယ်သွားပြီလို့ သတ်မှတ်နိုင်ပါတယ်။

မွတ်ဆလင် ဥပုသ်လ ဖြစ်တာကြောင့် ဥပုသ်ယူထားတဲ့ ဂါဇာ ဒေသခံ အများအပြားဟာ အရုဏ်မတက်ခင် စားသောက်ဖို့ ပြင်ဆင်နေတဲ့အချိန် နေရာအနှံ့က ပေါက်ကွဲသံတွေကို ကြားခဲ့ရပါတယ်။ ဂါဇာ မြောက်ပိုင်းမှာရှိတဲ့ ဂါဇာ စီးတီးမှာဆိုရင် အစ္စရေး တိုက်လေယာဉ် အစီး ၂၀ ကျော်လောက် ခပ်နိမ့်နိမ့် ဖြတ်ပျံရင်း ဗုံးတွေ ကြဲချခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အလားတူ ဂါဇာတောင်ပိုင်းက ရာဖာဟ်မြို့မှာလည်း အစ္စရေး လေယာဉ်တွေက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုရော၊ ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကတ်ဇ်ကပါ ဂါဇာမှာ စစ်ဆင်ရေးတွေ ပြန်စဖို့ IDFကို ညွှန်ကြားခဲ့ကြောင်း မတ် ၁၈ ရက် မနက်ပိုင်းမှာ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။ ဟားမားစ်က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေကို သက်တမ်းထပ်တိုးဖို့ ငြင်းဆန်ပြီး အစ္စရေး ဓားစာခံတွေကို လွှတ်ပေးဖို့ မရေမရာ လုပ်နေတဲ့အတွက် အခုလို စစ်ဆင်ရေးတွေ ပြန်စတာလို့ အစ္စရေးဖက်က အကြောင်းပြထားပါတယ်။

ဟားမားစ်တွေကတော့ အပစ်ရပ် သဘောတူညီမှုကို အစ္စရေးဖက်ကစပြီး တစ်ဖက်သတ် ချိုးဖောက်လိုက်ပြီ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအတောအတွင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ် ဒန်နီ ဒါနွန်ကလည်း ဟားမားစ် အနေနဲ့ အစ္စရေး ဓားစာခံတွေကို အမြန်ဆုံး ပြန်လွှတ်ဖို့ သတိပေးခဲ့ပြီး အစ္စရေးဟာ ရန်သူတွေအပေါ် လုံးဝ ညှာတာမှာ မဟုတ်ကြောင်း ခြိမ်းခြောက် ပြောကြားခဲ့ပါတယ်။

ဟားမားစ်တွေလိုပဲ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဒေသတွင်း လက်နက်ကိုင် အင်အားစု တစ်ခုဖြစ်တဲ့ ယီမင် အခြေစိုက် ဟိုသီသူပုန်တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ အစပြုလာချိန်မှာ အစ္စရေးကလည်း ဂါဇာမှာ စစ်မီးပြန်မွှေးလာတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ အီရန်ရဲ့ မဟာမိတ် လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုဟာ အစ္စရေးနဲ့ အမေရိကန်ရဲ့ ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပါတယ်။

အမေရိကန် အစိုးရက ဂါဇာမှာ အပစ်အခတ် ရပ်စဲမှု ပျက်ပြယ်သွားတဲ့အပေါ် တိတိကျကျ သဘောထား မှတ်ချက် မပေးသေးပါဘူး။ ဒါပေမဲ့ အစ္စရေးဟာ စစ်ဆင်ရေးတွေ ပြန်စမယ့် ကိစ္စကို သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ ကြိုတင် အသိပေး အကြောင်းကြားခဲ့တယ်လို့တော့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်း ဂါဇာ ကမ်းမြှောင်ဒေသ အိမ်ခြေ အဆောက်အအုံ အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ လုံးဝဥဿုံ၊ ဒါမှမဟုတ် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးခဲ့ပါတယ်။ ပြီးတော့ အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း ၅၀၀၀၀ နီးပါးနဲ့ အစ္စရေးဖက်ကတော့ တပ်ဖွဲ့ဝင် ၁၀၀၀ နီးပါး အသေအပျောက် ရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ကာကွယ် ပြောဆိုသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆိုပါတယ်။

နိုင်ငံတကာ

ရန်သူတော် ဟားမားစ်တပ်ဖွဲ့ရဲ့ အောက်ခြေအဆင့် စစ်သားတွေကို ခန့်မှန်းရာမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို အသုံးပြုပြီး ဆုံးဖြတ်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အစ္စရေးစစ်တပ်က အပြင်းအထန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

Facebook