Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ အစ္စရေး စစ်ဆင်ရေးတွေ ပြန်စပြီး တစ်ရက်အတွင်း ပါလက်စတိုင်း ၂၂၀ ကျော် သေဆုံး

ဂါဇာမှာ အစ္စရေးက ပမာဏ ကြီးကြီးမားမား လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် တစ်ရက်တည်းနဲ့တင် ပါလက်စတိုင်း ၂၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးက ပမာဏ ကြီးကြီးမားမား လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် တစ်ရက်တည်းနဲ့တင် ပါလက်စတိုင်း ၂၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၁၇ ရက် ညသန်းခေါင်ကျော် အချိန်ကစလို့ အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ရဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲပြီး ဒုံးကျည်တွေနဲ့ပါ ပစ်ခတ် ဖျက်ဆီးခဲ့ပါတယ်။ အစ္စရေး စစ်တပ် (IDF)က အဲဒီ စစ်ဆင်ရေးတွေဟာ ဟားမားစ်တွေရဲ့ အကြမ်းဖက် စစ်ရေး ပစ်မှတ်တွေကို ဦးတည်ခဲ့တာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့က ဟားမားစ်နဲ့ အစ္စရေးကြား ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာလည်း အစ္စရေးရဲ့ စစ်ဆင်ရေးနဲ့အတူ ပျက်ပြယ်သွားပြီလို့ သတ်မှတ်နိုင်ပါတယ်။

မွတ်ဆလင် ဥပုသ်လ ဖြစ်တာကြောင့် ဥပုသ်ယူထားတဲ့ ဂါဇာ ဒေသခံ အများအပြားဟာ အရုဏ်မတက်ခင် စားသောက်ဖို့ ပြင်ဆင်နေတဲ့အချိန် နေရာအနှံ့က ပေါက်ကွဲသံတွေကို ကြားခဲ့ရပါတယ်။ ဂါဇာ မြောက်ပိုင်းမှာရှိတဲ့ ဂါဇာ စီးတီးမှာဆိုရင် အစ္စရေး တိုက်လေယာဉ် အစီး ၂၀ ကျော်လောက် ခပ်နိမ့်နိမ့် ဖြတ်ပျံရင်း ဗုံးတွေ ကြဲချခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အလားတူ ဂါဇာတောင်ပိုင်းက ရာဖာဟ်မြို့မှာလည်း အစ္စရေး လေယာဉ်တွေက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုရော၊ ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကတ်ဇ်ကပါ ဂါဇာမှာ စစ်ဆင်ရေးတွေ ပြန်စဖို့ IDFကို ညွှန်ကြားခဲ့ကြောင်း မတ် ၁၈ ရက် မနက်ပိုင်းမှာ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။ ဟားမားစ်က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေကို သက်တမ်းထပ်တိုးဖို့ ငြင်းဆန်ပြီး အစ္စရေး ဓားစာခံတွေကို လွှတ်ပေးဖို့ မရေမရာ လုပ်နေတဲ့အတွက် အခုလို စစ်ဆင်ရေးတွေ ပြန်စတာလို့ အစ္စရေးဖက်က အကြောင်းပြထားပါတယ်။

ဟားမားစ်တွေကတော့ အပစ်ရပ် သဘောတူညီမှုကို အစ္စရေးဖက်ကစပြီး တစ်ဖက်သတ် ချိုးဖောက်လိုက်ပြီ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအတောအတွင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ် ဒန်နီ ဒါနွန်ကလည်း ဟားမားစ် အနေနဲ့ အစ္စရေး ဓားစာခံတွေကို အမြန်ဆုံး ပြန်လွှတ်ဖို့ သတိပေးခဲ့ပြီး အစ္စရေးဟာ ရန်သူတွေအပေါ် လုံးဝ ညှာတာမှာ မဟုတ်ကြောင်း ခြိမ်းခြောက် ပြောကြားခဲ့ပါတယ်။

ဟားမားစ်တွေလိုပဲ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဒေသတွင်း လက်နက်ကိုင် အင်အားစု တစ်ခုဖြစ်တဲ့ ယီမင် အခြေစိုက် ဟိုသီသူပုန်တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ အစပြုလာချိန်မှာ အစ္စရေးကလည်း ဂါဇာမှာ စစ်မီးပြန်မွှေးလာတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ အီရန်ရဲ့ မဟာမိတ် လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုဟာ အစ္စရေးနဲ့ အမေရိကန်ရဲ့ ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပါတယ်။

အမေရိကန် အစိုးရက ဂါဇာမှာ အပစ်အခတ် ရပ်စဲမှု ပျက်ပြယ်သွားတဲ့အပေါ် တိတိကျကျ သဘောထား မှတ်ချက် မပေးသေးပါဘူး။ ဒါပေမဲ့ အစ္စရေးဟာ စစ်ဆင်ရေးတွေ ပြန်စမယ့် ကိစ္စကို သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ ကြိုတင် အသိပေး အကြောင်းကြားခဲ့တယ်လို့တော့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်း ဂါဇာ ကမ်းမြှောင်ဒေသ အိမ်ခြေ အဆောက်အအုံ အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ လုံးဝဥဿုံ၊ ဒါမှမဟုတ် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးခဲ့ပါတယ်။ ပြီးတော့ အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း ၅၀၀၀၀ နီးပါးနဲ့ အစ္စရေးဖက်ကတော့ တပ်ဖွဲ့ဝင် ၁၀၀၀ နီးပါး အသေအပျောက် ရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ မတ်လတုန်းက အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ စစ်ရေးအရ နားလည်မှု အလွဲအမှား တစ်ခုကြောင့် ဖြစ်တယ်လို့ အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

ကမ္ဘာကြီးမှာ နိုင်ငံအသီးသီးဟာ ကိုယ်ကျိုးစီးပွါးကို အခြေခံတဲ့ ရပ်တည်ချက်တွေကို ဦးစားပေးလာကြပြီး ကမ္ဘာကြီးတခုလုံးရဲ့ တည်ငြိမ်တိုးတက်ရေးအကျိုးစီးပွါးအလို့ငှာ အမြော်အမြင်တွေကို မျက်ကွယ်ပြုလာကြပါတယ်။

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပေးရမယ်ဆိုတဲ့ အစ္စရေးရဲ့ အဆိုပြုချက်ကို ဟားမားစ် ပြောက်ကျားတွေက ပယ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စစ်ပွဲသာ အပြီးရပ်ဆိုင်းမယ်ဆိုရင် လက်ကျန် အစ္စရေး ဓားစာခံ အားလုံးကို ပြန်လွှဲပြောင်းပေးဖို့ အသင့်ရှိကြောင်း ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်က စစ်ရပ်ဆိုင်းရေး ကြားဝင် ညှိနှိုင်းပေးနေသူတွေကို ပြောပါတယ်။