အဲသည်နည်းလမ်းတွေထဲကိုဗစ်ကာကွယ်ဆေးထုတ် လုပ်ရန်ကြိုးပမ်းမှုဟာလည်း အရေးအကြီးဆုံးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ခုဆိုရင် ပညာရှင်တွေရဲ့ ကြိုးပမ်းမှုနဲ့အတူ ကိုဗစ်ကာကွယ်ဆေးအများအပြားလည်း ထွက်ပေါ်လာခဲ့ပါပြီ။ အဲသည်ဆေးတွေထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အရေးပေါ်အသုံးပြုခွင့် ပေးလိုက်ပြီဖြစ်တဲ့ကိုဗစ်ကာကွယ်ဆေးအမျိုးအစားပေါင်း ၈ မျိုးရှိလာပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်ကာကွယ်ဆေးအဖြစ် အရေးပေါ်အသုံးပြုပေးလိုက်တဲ့ကာကွယ်ဆေးရှစ်မျိုးက Pfizer/BioNTech ၊Moderna ၊Janssen (Johnson & Johnson)၊Oxford/AstraZeneca ၊ Covishield (Oxford/AstraZeneca ဆေးဖော်မြူလာအတိုင်း အန္ဒိယနိုင်ငံမှ Serum Institute of India ကထုတ်လုပ်ခြင်းဖြစ်) ၊Covaxin ၊Sinopharm (Beijing) ၊Sinovac တို့ဖြစ်ပါတယ် ။ ဒီစာရင်းက ၂၀၂၁ နိုဝင်ဘာ ၅ ရက်အထိ့စာရင်းပဲဖြစ်ပါတယ်။
အရေးပေါ်အသုံးပြုခွင့်ရထားတဲ့ ကာကွယ်ဆေးတိုင်းဟာ ဘယ်အဆင့်တွေကို ကျော်ဖြတ်ရတယ် ဘယ်လိုပုံစံ ထုတ်လုပ်ထားတယ် စတာတွေကို ယခုတစ်ပတ်မှာဖော်ပြပေးပါမယ်။
(စမ်းသပ်မှု အဆင့်ဆင့်)
လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေမှာ ဘယ် ကာကွယ်ဆေးအမျိုးအစားမဆို အဆင့်(၄)ဆင့် ကို ဖြတ်ကျော်ပြီးမှ အရေးပေါ်အသုံးပြုခွင့် ရကြပါတယ်။
ကာကွယ်ဆေးတွေထုတ်လုပ်တဲ့အခါမှာ ဘယ်ဆေးမဆိုအကြမ်းဖျင်းအားဖြင့် လူနဲ့စမ်းသပ်တဲ့ပထမအဆင့်မှာဆိုရင် ထုတ်လုပ်ပြီးဖြစ်တဲ့ကာကွယ်ဆေးကို လူ ၁၀ ဦးကနေ ၂၀ ဦးအထိ စမ်းသမ်းထိုးနှံရပါတယ်။ အဲသည်စမ်းသပ်မှုအတွက် အချိန်အားဖြင့် တစ်လကြာနိုင်ပါတယ်။
ဒုတိယအဆင့်မှာတော့ လူဦးရေ ၅၀ ကနေ ၇၅ ဦးအထိ ကာကွယ်ဆေးထိုးနှံ စမ်းသပ်ရပါတယ်။ ဒီအဆင့်မှာ ၃ လကနေ ၁၂ လ(တစ်နှစ်)အထိ ကြာနိုင်ပါတယ်။
တတိယအဆင့်အနေနဲ့ လူဦးရေ ၁၀၀ ကနေ ၃၀၀ အထိ ဆေးထိုးနှံစမ်းသပ်ရမှာ ဖြစ်ပါတယ်။ အဲသည် အတွက် ၆ လကနေ ၁၂ လအထိ အချိန်ယူရနိုင်ပါတယ်။ အဆင့်(၃)ကို အောင်မြင်ပြီးသွားရင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန(FDA)ခွင့်ပြုချက် လျှောက်ထားလို့ရပါပြီ။
နောက်ဆုံးအဆင့်ဖြစ်တဲ့ စတုတ္ထအဆင့်မှာဆိုရင်လည်း အဆင့်(၃)နည်းတူ လူဦးရေ ၁၀၀ ကနေ ၃၀၀ အထိ စမ်းသပ်ထိုးနှံဖို့ လိုအပ်ပါတယ်။ ဒီအဆင့်မှာ ၃ လကနေ ၁၂ လအထိ ကြာမြင့်နိုင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ဖို့စမ်းသတ်ထိုးနှံတာတွေမှာတော့ တချို့ဆေးတွေဟာ အဆင့် ၃ ၊အဆင့်၄ တွေမှာစမ်းသပ်ထိုးနှံသူ ထောင်ချီ၊သောင်းချီရှိခဲ့ပါတယ်။ဒီတစ်ကြိမ်မှာကိုဗစ်ကာကွယ်ဆေး စမ်းသပ်ဆေးထိုးနှံ့ဖို့ စေတနာဝန်ထမ်းတွေ အလွန်ပေါခဲ့တာဖြစ်ပါတယ်။
ထုတ်လုပ်ထားတဲ့ကာကွယ်ဆေးကို တရားဝင်အသုံးပြုခွင့်ရဖို့ ကျော်ဖြတ်ရတဲ့အဆင့်တိုင်းမှာ လူ့ခန္ဓာကိုယ်ထဲ ဆေးထိုးနှံပြီးတဲ့နောက် ဘာတွေသက်ရောက်မှုရှိတယ်ဆိုတာကို စောင့်ကြည့်ကြရပါတယ်။
ဖော်ပြခဲ့တဲ့ ကာကွယ်ဆေးစမ်းသပ်ထိုးနှံမှုအဆင့်ဆင့်ဟာ နိုင်ငံအသီးသီးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ချမှတ်ပေးထားတဲ့ လမ်းညွှန်ချက်တွေပဲ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်တာတွေမှာတော့ ဆေးထုတ်ဖို့ကြိုးစားတဲ့ဆေးဘက်ဆိုင်ရာသပ္ပံပညာရှင်တွေ ၊သုတေသနတွေ၊ဆေးထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့မိတ်ဖက်အဖွဲ့အစည်းတွေ၊အစိုးရတွေ၊စေတနာ့ဝန်ထမ်းတွေက ကာကွယ်ဆေးမြန်မြန်ထုတ်နိုင်ဖို့ ကျရာနေရာကနေ အစွမ်းကုန်ကြိုးစားခဲ့သလို ၊ပူးပေါင်းဆောင်ရွက်မှုတွေလည်းပြုလုပ်ခဲ့ကြပါတယ်။
ဒါကြောင့်ပုံမှန်အခြေအနေမှာဆိုရင် ကာကွယ်ဆေးအတွက်နှစ်ချီကြာအောင်ထုတ်လုပ်ချိန်ကြာမယ့်ကာကွယ်ဆေးဟာ
တစ်နှစ်ခန့်အကြာမှာပဲစတင်ထုတ်လုပ်လာနိုင်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထမဆုံးအရေးပေါ်ထိုးနှံ့ခွင့်ပြုတဲ့ဆေးကအမေရီကန်နိုင်ငံကထုတ်လုပ်တဲ့ Pfizer/BioNTech ဖြစ်ပါတယ်။ ၂၀၂၁ ဇန်နဝါရီမှာ တရားဝင်ခွင့်ပြုချက်ရခဲ့တာဖြစ်ပါတယ်။
(ကာကွယ်ဆေးအမျိုးအစားများ)
ငွေကြေးသုံးစွဲနိုင်မှုနဲ့ နည်းပညာပိုင်းဆိုင်ရာတိုးတက် မှုတွေအရ အမျိုးအမည်မတူတဲ့ ကာကွယ်ဆေးတွေ ကို ကမ္ဘာ့နိုင်ငံတွေမှာ ထုတ်လုပ်လျက်ရှိပါတယ်။
ဘယ်လိုပင် ထုတ်လုပ်ကြပါစေ လက်ရှိအသုံးပြုနေတဲ့နည်းလမ်းတွေအရ အမျိုးအစား (၄)မျိုးသာရှိတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
အဲသည်အမျိုးအစားတွေထဲက ပထမတစ်မျိုးကို mRNA Vaccine လို့ ခေါ်ပါတယ်။ ဒီကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်ရဲ့ အစိတ်ပိုင်းတစ်ခုကိုယူပြီး ဆေးအဖြစ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အမေရိကန်ထုတ် Pfizer နဲ့ Moderna တို့ဟာ mRNA နည်းနဲ့ ထုပ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။
နောက် ဒုတိယအမျိုးအစားတစ်ခုကိုတော့ Vector Vaccine လို့ ခေါ်ပါတယ်။ သူ့ကိုတော့ ကိုရိုနာဗိုင်းရပ်စ်မဟုတ်တဲ့ အခြားကူးစက်ရောဂါတစ်မျိုးမျိုးမှာတွေ့ရတဲ့ ဗိုင်းရပ်စ်ကို ရယူထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ထုတ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေမှာဆိုရင် Astra Zeneca ဟာ တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။
တတိယအမျိုးအစားကတော့ Protein Subunit Vaccine လို့ ခေါ်ပါတယ်။ ဒီကာကွယ်ဆေးထုတ် လုပ်မှုကို ကိုရိုနာဗိုင်းရပ်စ်မှာပါဝင်တဲ့ မတူညီတဲ့အစိပ် အပိုင်းလေးတွေကိုယူပြီး ဆေးအဖြစ် ထုတ်လုပ်တာဖြစ်ပါတယ်။ အဲသည်နည်းနဲ့ ထုတ်လုပ်ထားတဲ့ဆေးတွေထဲမှာ Novavax နဲ့ Sanofi တို့ ပါဝင်ပါတယ်။
နောက်ဆုံးတစ်ခုဖြစ်တဲ့ စတုထ္တအမျိုးအစားကို Whole Killed Vaccines လို့ ခေါ်ပါတယ်။ ဒီနည်းမှာတော့ သေလုမျောပါးအထိ သတ်ထားပြီးဖြစ် တဲ့ ဗိုင်းရပ်စ်တစ်ခုလုံးကိုယူပြီး ကာကွယ်ဆေးအဖြစ် ထုတ်လုပ်တာ ဖြစ်ပါတယ်။ သည်နည်းနဲ့ ထုတ်လုပ် ထားတဲ့ဆေးတွေထဲမှာ Sinovac လည်း ပါဝင်ပါတယ်။
(ဆေးတွေရဲ့ အဓိကလုပ်ဆောင်ချက်)
ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ပညာရှင်တွေဟာ ကိုဗစ် ကာကွယ်ဆေးထုတ်လုပ်မှုအတွက် သီအိုရီအမျိုးမျိုးကိုအသုံးပြုနေကြပေမဲ့ ထုတ်လုပ်တဲ့ရည်ရွယ်ချက်နဲ့ ဆေးရဲ့စွမ်းဆောင်မှုတွေဟာ တူညီကြပါတယ်။
သူတို့ရဲ့အဓိက ရည်းမှန်းချက်ဟာ လူ့ခန္ဓာကိုယ်ထဲက ကိုယ်ခံအားစနစ် ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ကာကွယ်ဆေးကို လူ့ခန္ဓာကိုယ်ထဲထိုးသွင်းပြီးတဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို နှိုးစွပေးရမယ်လို့ သူတို့က ယုံကြည်ကြပါတယ်။
ဒါကြောင့်လည်း အထက်မှာဖော်ပြခဲ့တဲ့ ကာကွယ်ဆေးထုတ်လုပ်ပုံ အမျိုးအစား(၄)ခုလုံးမှာ ဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်းတွေကိုရယူပြီး ကာကွယ်ဆေးအဖြစ်ထုတ်လုပ်ရတာလို့ ပညာရှင်တွေက ဆိုပါတယ်။
ပြောမယ်ဆိုရင် ဗိုင်းရပ်စ်ရဲ့အစိပ်အပိုင်းတွေပါဝင်တဲ့ ဆေးရည်ကို ထိုးသွင်းလိုက်တဲ့အခါ ခန္ဓာကိုယ်က ပြန် လည်တိုက်ခိုက်ရမယ်ဆိုတဲ့ လှို့ဆော်မှုကိုရပြီး ခုခံ အားကို ထုတ်လုပ်ပေးပါတယ်။
ဒါကြောင့် ကိုဗစ်ရောဂါကူးစက်ခံရရင် ကာကွယ်ဆေးထိုးထားတဲ့သူတွေဟာ ရောဂါပိုးရဲ့တိုက်ခိုက်မှုကို ကိုယ်ခံအားစနစ်နဲ့ ပြန်လည်ခုခံနိုင်ကြတာပါ။ ပြောရရင် ရောဂါအခံရှိထားသူတွေတောင်မှ ပြင်းထန်ရောဂါလက္ခဏာခံစားရမှုကနေ သက်သာစေတာလည်း ဖြစ်ပါတယ်။
ပြီးတော့ ကူးစက်ရောဂါတွေနဲ့ပတ်သက်တဲ့ ဘယ်ကာကွယ်ဆေးမဆို ကိုဗစ်ကာကွယ်ဆေးလို အချိန်တိုတိုနဲ့ ထုတ်လုပ်နိုင်တဲ့ဆေး မရှိသေးပါဘူး။ ပညာရှင်တွေရဲ့အဆိုအရ ကာကွယ်ဆေးတစ်မျိုးထုတ်လုပ်မယ်ဆိုရင်ရင် ပုံမှန်အားဖြင့် ၆ နှစ်ကနေ ၁၀ အထိ ကြာနိုင်တယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ ကိုဗစ်နိုင်တင်းရောဂါအတွက် ကာကွယ်ဆေးကိုတော့ တစ်နှစ်အတွင်းထုတ်လုပ်နိုင်ခဲ့တာကြောင့် ပညာရှင်တွေရဲ့စွမ်းဆောင်နိုင်မှုကို ချီးကျူးထောပနာပြုနေကြကြောင်းပါ ခင်ဗျာ။
ကိုးကား – WHO ၊ GAVI