မေ-၂၅၊ ၂၀၂၅။ အီယိုရီ/People’s Spring
နိုင်ငံရေး၊ စစ်ရေး အပြောင်းအလဲ မြန်ဆန်မှုနှင့်အတူ နိုင်ငံရေးလိုအပ်ချက် ပိုမိုအရေးကြီးလာ၍ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ(AFTA)ရေးဆွဲနေမှုမှာ ၅၀ရာခိုင်နှုန်းကျော်ပြီးစီးနေပြီး လာမည့် စက်တင်ဘာတွင် ကနဦးမူကြမ်းပြီးစီးရန် မျှော်လင့်လုပ်ဆောင်နေကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယမန်နေ့(မေလ ၂၄ရက်)တွင် အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအလုပ်အဖွဲ့(TCWG)နှင့် အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ(AFTA) ရေးဆွဲရေးဆိုင်ရာနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့သည်။
အသွင်ကူးပြောင်းရေးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ(AFTA)ကို ၂၀၂၄ ခုနှစ် စက်တင်ဘာတွင် စတင်ဆွေးနွေးခဲ့ပြီး တစ်နှစ်ပြည့်ချိန် ၂၀၂၅ စက်တင်ဘာတွင် ကနဦးမူကြမ်း(initial draft)ပြီးစီးနိုင်ရန်မျှော်လင့်လုပ်ဆောင်နေကြောင်း NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က People’s Spring သို့ ပြောသည်။

Public Service Announcement
“အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံကိုတော့ Bottom-up Federalism Approach နဲ့သွားမယ်ပေါ့။ AFTA လို့ အတိုကောက်ခေါ်တာပေါ့။ AFTA မှာ ပါရမယ့် ခေါင်းစဥ်ကြီးတွေလည်း စပြီးဆွေးနွေးတယ်။ အဲဒီလိုနဲ့ တောက်လျှောက် စက်တင်ဘာ၊ နိုဝင်ဘာ၊ ဇန်နဝါရီ၊ မတ်၊ မေလ တို့မှာ အဲဒီလိုတောက်လျှောက် လူတွေ့ တွေ့ပြီး ဆွေးနွေးလာခဲ့ကြတယ်။ အဲဒီအခြေအနေကို သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။ အဲဒီအခြေအနေကို သတင်းထုတ်ပြန်လာဖို့ စေ့ဆော်လာတဲ့ အကြောင်းကတော့ AFTA ရေးနေတဲ့အထဲမှာ NUCC က မပါနေဘူးလားဆိုတဲ့ သဘောမျိုးလည်း တချို့က မေးကြတာရှိတယ်” ဟု ဦးတိုးကျော်လှိုင်က ရှင်းပြသည်။
အဆိုပါ AFTA ရေးဆွဲခြင်းလုပ်ငန်းစဥ်အတွက် အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအလုပ်အဖွဲ့ (TCWG)ကို NUCC က ဖွဲ့စည်းပေးခဲ့ပြီး TCWG တွင် NUCC နှင့် NUG အဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။
“NUCC အပြင် NUG လည်း ပါတယ်။ NUCC ထဲမှာ အားလုံးလည်း သိတဲ့အတိုင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပါတယ်။ နောက် ဖက်ဒရယ်ကောင်စီတွေ ပါတယ်။ လူမျိုးအခြေပြုကောင်စီတွေ ပါတယ်။ တခြားအင်အားစု NUCC လို ကိုယ်စားပြုတဲ့ အခြားအင်အားစုတွေ အားလုံး ပါကြတယ်။ အားလုံးပါဝင်ပြီး ရေးကြတာဖြစ်တယ်” ဟု ဦးတိုးကျော်လှိုင်က ပြောသည်။
NUCC ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် TCWG အစည်းအဝေးများကို ၂၀၂၄ စက်တင်ဘာ၊ နိုဝင်ဘာ၊ ၂၀၂၅ ဇန်နဝါရီ၊ မတ်လနှင့် မေလတို့တွင် မြေပြင်နှင့် အွန်လိုင်း Hybrid ကျင်းပခဲ့ကြပြီး ပဥ္စမအကြိမ်မြောက် မေလ အစည်းအဝေးတွင် ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာနှင့် ထပ်တူပြုအာဏာဆိုင်ရာအခြေခံမူများကိုဆက်လက်ဆွေးနွေးခဲ့ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အခြေခံမူဝါဒများ၊ မျှော်ရည်ချက်နှင့် စံတန်ဖိုးများကို ဆွေးနွေးသဘောတူညီချက်များ ချမှတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။
ထို့အပြင် AFTA ၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း ဖော်ပြသည်။
AFTA တွင် အခန်းပေါင်း ၁၅ ခန်း ပါဝင်ပြီး လက်ရှိတွင် ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဟု NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောသည်။
AFTA ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် NUCC တို့သာမက အခြားသောတော်လှန်ရေးအင်အားစုများနှင့် တိုက်ရိုက်ဖြစ်စေ၊ တဆင့်ခံဖြစ်စေ ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း ဦးတိုးကျော်လှိုင်က ဆိုသည်။
NUG ကလည်း ပြီးခဲ့သည့် ဧပြီလ အစိုးရဖွဲ့စည်းခြင်း ၄နှစ်ပြည့် အစီရင်ခံစာတွင် ၂၀၂၄ စက်တင်ဘာမှ စ၍ AFTA ကို NUG နှင့် NUCC တို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသော TCWG သာမက တိုင်းရင်းသားအဖွဲ့အစည်း ၉ဖွဲ့နှင့် ပူးပေါင်း၍ ရေးဆွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း အသိပေးခဲ့သည်။
လက်ရှိတော်လှန်ရေးကာလတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့သည် ရေးဆွဲပြဋ္ဌာန်း အတည်ပြုထားသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်(FDC)ကို ကိုင်စွဲကျင့်သုံးနေပြီး တော်လှန်ရေးအလွန် အသွင်ကူးပြောင်းရေးကာလ ရောက်ရှိပါက ကိုင်စွဲကျင့်သုံးရန် အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ(AFTA)ကို ရေးဆွဲပြင်ဆင်နေကြခြင်းဖြစ်ကြောင်း သိရသည်။



















































