Connect with us

Hi, what are you looking for?

ဆောင်းပါး

AFTA ဆိုတာ ဘာလဲ

AFTA ဆိုတာကို တစ်ခွန်းတည်းနဲ့ နားလည်အောင်ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုလိုတာပါ။ အဲဒါကို ထပ်ပြီးရှင်ပြရရင် အချိန်ကာလတွေ ထည့်သွင်းလိုက်တဲ့အခါ ကြားကာလ ဒါမှမဟုတ် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုပြီး လက်ရှိနွေဦးတော်လှန်ရေးအပေါ်အခြေခံပြီး ကွဲပြားသွားကြတာပါ။

(ဖက်ဒရယ် ဒီမိုက​ရေစီရရှိ​ရေးလမ်းကိုရဲရဲ​လျှောက်လှမ်းဖို့ ​လောင်းလုံသပိတ်အဖွဲ့ကလမ်း​လျှောက်ဆန္ဒထုတ်​ဖော်စဥ်။DDMSC)

-ထက်ဖြိုး​ရေးသားသည်။

AFTA ဆိုတာကို တစ်ခွန်းတည်းနဲ့ နားလည်အောင်ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုလိုတာပါ။ အဲဒါကို ထပ်ပြီးရှင်ပြရရင် အချိန်ကာလတွေ ထည့်သွင်းလိုက်တဲ့အခါ ကြားကာလ ဒါမှမဟုတ် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုပြီး လက်ရှိနွေဦးတော်လှန်ရေးအပေါ်အခြေခံပြီး ကွဲပြားသွားကြတာပါ။

AFTA ရဲ့ အပြည်အစုံကတော့ ဖက်ဒရယ် အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ (Articles of Federal Transitional Arrangements- AFTA) ဖြစ်ပါတယ်။

၂၀၂၁ ​ဖေ​ဖော်ဝါရီ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကနေစတင်ပြီး လက်ရှိတော်လှန်ရေးကာလကို ကြားကာလလို့ ခေါ်ဆိုပါတယ်။ နွေဦးတော်လှန်ရေး အင်အားစုတွေက အနိုင်ရရှိပြီး စစ်တပ်လုံးဝပျက်သုဉ်းသွားမယ့် အချိန်ကိုတော့ အသွင်းကူးပြောင်းရေးကာလလို့ သတ်မှတ်ထားတာပါ။

Public Service Announcement

Public Service Announcement

လက်ရှိ ကြားကာလဖြစ်တဲ့ နွေဦးတော်လှန်ရေးကာလကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ဆိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြေညာစာတမ်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အုပ်ချုပ်စီမံလုပ်ဆောင်နေတာပါ။

ကြားကာလအတွက် ကျင့်သုံးစရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမပြီးသေးတာကြောင့် ပဋိညာဉ်ကိုပဲ ဥပဒေသဘောမျိုး ကျင့်သုံးနေရတာဖြစ်ပါတယ်။ ဒါပေမယ့် ပဋိညာဉ်ဟာ ဖွဲ့စည်းပုံအခြေခံမဟုတ်သလို ဖွဲ့စည်းအခြေခံဥပဒေလောက် အားကောင်းခိုင်မာခြင်းလည်း မရှိပါဘူး။ဖြစ်နိုင်ရင်ကြားကာလရော၊အသွင်ကူးပြောင်းရေးကာလအတွက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေက လိုအပ်ပါတယ်။

ဘာကြောင့် လက်ရှိကျင့်သုံးနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်က မလုံလောက်တာလဲလို့ မေးစရာရှိလာပြန်ပါတယ်။ ဘာကြောင့်မလုံလောက်တာလဲဆိုရင် လက်ရှိကျင့်သုံးနေတဲ့ ပဋိညာဉ်က အားနည်းချက်တွေ ရှိနေတာလည်းပါဝင်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ နွေဦးတော်လှန်ရေးကာလ ခြောက်နှစ်ထဲ ဝင်ရောက်လာတဲ့အခါ တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေတွေ စိုးမိုးလာနိုင်ပါတယ်။

နယ်မြေတွေ စိုးမိုးလာနိုင်တဲ့အခါ ပြည်သူတွေကိုကျန်းမာရေး၊ပညာရေးစတဲ့ ဝန်ဆောင်မှုတွေပေးဖို့၊ တရားဥပဒေစိုးမိုးဖို့၊ ပြည်သူလူထုကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေအတွက် စီမံလုပ်ဆောင်ဖို့အတွက် တိကျခိုင်မာတဲ့ စည်းမျဉ်းတွေ လိုအပ်လာပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးရဲ့အချိန်ကာလနဲ့ မြေပြင်အပြောင်းအလဲတွေ ရှိလာတဲ့အခါ လက်ရှိကျင့်သုံးနေတဲ့ပဋိညာဉ်က မလုံလောက်ဘူးလို့ ဆိုလိုတာပါ။

နောက်ထပ်မြေပြင် နိုင်ငံရေးအပြောင်းအလဲတစ်ခုကတော့ ဒေသအလိုက် ပြည်နယ်ကောင်စီ/ယူနစ် အစိုးရတွေ ပေါ်ပေါက်လာခဲ့တာပါ။ ပြည်နယ်ကောင်စီဆိုတာက ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ချင်းပြည်ကောင်စီ၊ ယူနစ်ဆိုတာက စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့ကို ဆိုလိုတာပါ။ အရင်က တိုင်းဒေသကြီး၊ ပြည်နယ်တွေကို နာမည်ပြောင်းထားတာပါ။ဒေသအလိုက် ပြည်နယ်အစိုးရတွေနဲ့ ယူနစ်အစိုးရတွေက ဘယ်ကနေ ဆင်းသက် ပေါ်ပေါက်လာသလဲဆိုရင် ပဋိညာဉ်ကနေ ပေါ်ပေါက်လာတာပါ။

တိတိကျကျ ပြောရရင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၂) အခန်း (၈) မှာ သက်ဆိုင်ရာပြည်နယ်/ယူနစ်တွေဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး စတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ကို ဖွဲ့စည်းသွားရမယ်လို့ ပြဌာန်းသတ်မှတ်ထားတာကြောင့် အဲဒီကနေ ဖြစ်တည်လာတာပါ။

ဒါ့ကြောင့်စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကရင်နီ၊ ရန်ကုန် စတဲ့ဒေသတွေမှာသက်ဆိုင်ရာ ပြည်နယ်/ယူနစ်ဥပဒေ အစီအမံတွေ ပေါ်ပေါက်လာပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေကို ဖွဲ့စည်းနေကြပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပြီးတဲ့ ပြည်နယ်/ယူနစ်တွေမှာအဲဒီမဏ္ဍိုင်ကြီးသုံးခုက အပြည့်အဝ လည်ပတ်လုပ်ကိုင်နိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒါတွေက AFTA လို့ ခေါ်တဲ့ဖက်ဒရယ် အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ ဆိုတာကို နားလည်ဖို့အတွက်တော်လှန်ရေးရဲ့ အဆင့်ဆင့် ပြောင်းလဲလာပုံကို ငုံခြုံရှင်းပြထားတာပါ။

ဆက်လက်ပြီး AFTA အပိုင်းကို သွားကြရအောင်ပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က AFTA လို့ ခေါ်တဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ မူကြမ်း ရေးဆွဲပြီးစီးသွားတဲ့အကြောင်းကို အသိပေးတဲ့အနေနဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့အတွက် ပဋိညာဉ်မှာ ဖော်ပြထားတာကြောင့် AFTA ဟာပဋိညာဉ်က ဆင်းသက်လာတာလို့ ပြောလို့ရပါတယ်။

စစ်တပ်ပြုတ်ကျသွားတဲ့အခါ နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုတစ်ရပ်လုံးက တောင်းဆိုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့အတွက် အဆင်သင့်အသုံးပြုနိုင်ရန် တော်လှန်ရေးကာလ ကြားကာလကတည်းက ကြိုတင်ရေးဆွဲထားတာဖြစ်ပါတယ်။

ဒါပေမယ့် တော်လှန်ရေးကာလဖြစ်တဲ့ လက်ရှိကြားကာလအတွင်းမှာလည်း နယ်မြေစိုးမိုးမှုရှိတဲ့ တချို့ဒေသတွေမှာ အသွင်ကူးပြောင်းရေးကာလအခြေအနေ ရောက်ရှိနေပြီဆိုတာကို နားလည်သိရှိထားဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် AFTA ဥပဒေမူကြမ်းအဆင့်ကနေ ဥပဒေအဖြစ် လက်ရှိကြားကာလအတွင်းမှာ အတည်ပြု ပြဌာန်းနိုင်မယ်ဆိုပါက နယ်မြေစိုးမှုရရှိထားတဲ့ တချို့ပြည်နယ်/ယူနစ်တွေမှာ ကျင့်သုံးနိုင်မှာဖြစ်ပါတယ်။

AFTA ဥပဒေမူကြမ်းကို အတည်ပြုနိုင်တဲ့ အဆင့်ရောက်ရှိဖို့ကတော့ အချိန်ကာလတစ်ခုထိ အဆင့်ဆင့် ဖြတ်သန်းရဦးမှာဖြစ်ပါတယ်။လက်ရှိ AFTA ဥပဒေမူကြမ်းကို အရင်ဆုံးအချောသတ်ရဦးမှာပါ။အချောသတ်တဲ့ လုပ်ငန်းစဉ်ကတော့ သက်ဆိုင်ရာ အစုအဖွဲ့တွေကြားမှာ အရင်ဆုံးတိုင်ပင်ဆွေးနွေးမယ်။ ပြည်သူလူထုနဲ့လည်း တွေ့ဆုံဆွေးနွေးပြီး သဘောထားရယူမယ်။ အဲဒီနောက်မှာတော့ ဖက်ဒရယ်ညီလာခံကို ခေါ်ယူကျင်းပပြီး အဲဒီညီလာခံကတစ်ဆင့် အတည်ပြုချက်ရယူသွားမှာဖြစ်တယ်လို့ မူကြမ်းအချောသတ်ရေးလုပ်ငန်းစဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါပေမယ့် AFTA ဟာအမြဲတမ်းကျင့်သုံးမယ့် အခြေခံဥပဒေမဟုတ်သေးဘဲအသွင်ကူးပြောင်းရေးကာလအတွက်သာဖြစ်ပြီး အမြဲတမ်းကျင့်သုံးမယ့် အခြေခံဥပဒေကိုလည်း ရေးဆွဲသွားမယ်ဆိုတာကို AFTA ရဲ့ ဥပဒေမူကြမ်းထဲမှာ အခန်းတစ်ခန်းအနေနဲ့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

“အသွင်ကူးပြောင်းရေးကာလ ရောက်လာလို့ရှိရင် တိုင်းပြုပြည်ပြုညီလာခံကြီးကို ခေါ်ယူပြီး ကျနော်တို့ ပြည်ထောင်စုမှာ အမြဲတမ်းကျင့်သုံးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကိုလည်း ကျနော်တို့ ရေးဆွဲသွားမယ်ဆိုတာကို အခုကျနော်တို့ ရေးဆွဲလိုက်တဲ့ After ထဲမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်”လို့ ဒေါက်တာလျန်မှုန်းဆာခေါင်းကရှင်းပြပါတယ်။

ဒါကြောင့် အမြဲတမ်းကျင့်သုံးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတဲ့အခါမှာလည်း အင်အားစုတွေအားလုံးပါဝင်နိုင်ဖို့ လမ်းဖွင့်ထားပြီး အားလုံးပူးပေါင်းရေးဆွဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသေးတဲ့အခါ (ဗဟို)ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်/ယူနစ်အစိုးရတွေကြား အာဏာခွဲဝေ ကျင့်သုံးမှုအပိုင်းမှာ ရှုပ်ထွေးစေပါတယ်။ပြည်နယ်/ယူနစ်အလိုက် ဖွဲ့စည်းပုံအခြခံဥပဒေတွေ ပေါ်ပေါက်လာပေမယ့် လက်ရှိမှာ ပြည်နယ်/ယူနစ်အစိုးရတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ဟာ အဆင်ပြေသလို ညှိနှိုင်းပေါင်းစပ် လုပ်ကိုင်နေကြရတာပါ။

အဆင်ပြေသလို ညှိနှိုင်းပေါင်းစပ်လုပ်မယ်ဆိုတာက ဖက်ဒရယ်ရဲ့သဘောတရားနဲ့ ဆန့်ကျင်နေပါတယ်။ ဒါက ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ လိုအပ်နေတယ်ဆိုတာကို ပြသနေတာပါ။

ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပြီဆိုရင် ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်/ယူနစ်အစိုးရတွေကြားမှာ အာဏာခွဲဝေတဲ့အခါ ဘယ်ဟာတွေက ဖက်ဒရယ်အစိုးရက ကျင့်သုံးမယ်၊ ဘယ်ဟာတွေကိုတော့ ပြည်နယ်/ယူနစ်အစိုးရတွေက ကျင့်သုံးရမယ်။

ဘယ်ကိစ္စကိုတော့ အတူတူကျင့်သုံးရမယ်။ ကျွင်းကျန်အာဏာကိုတော့ ဘယ်လို လုပ်မယ်ဆိုပြီး ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်နယ်/ယူနစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ တိတိကျကျ ရေးသားပြဌာန်းထားရတာဖြစ်ပါတယ်။ အဲဒါကိုပဲ ဖက်ဒရယ်စနစ်လို့ ခေါ်ဆိုတာဖြစ်ပါတယ်။

ဒီနေရာမှာ AFTA လို့ ခေါ်တဲ့ဖက်ဒရယ်အသွင်ကူးပြောင်းရေးကာလအစီအမံများဆိုင်ရာ အခြေခံဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ မဟုတ်သေးပါဘူး။ အသွင်ကူးပြောင်းရေးကာလမှာ ကျင့်သုံးဖို့အတွက် အစီအမံဥပဒေ တစ်ရပ်အနေနဲ့ ရေးဆွဲထားတာပါ။

အစီအမံဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေလောက် အားကောင်းခိုင်မာခြင်းမရှိပေမယ့် အစီအမံဥပဒေအနေနဲ့ပဲ ရေဆွဲတာဟာ မြန်မာနိုင်ငံရဲ့ဖက်ဒရယ်ကိုနားလည်ပုံခြင်းနဲ့ အမြင်မတူမှုတွေ ရှိနေသေးတာကြောင့် တစ်ခါတည်း မရေးဆွဲသေးတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင် ဦးတိုးကျော်လှိုင်းက ပြောပါတယ်။

ဖက်ဒရယ်ကို အခုတော်လှန်ရေးကာလမှသာ ပြောဆိုမှု၊ ယုံကြည်မှုနဲ့ ထိတွေ့မှု စတင်ခါစအချိန်ဖြစ်ပါတယ်။ တစ်ချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် AFTA ဟာ တံတားလေးတစ်စင်းဖြစ်တယ်လို့ ဦးတိုးကျော်လှိုင်က ခိုင်းနှိုင်းပြောဆိုပါတယ်။

“ကျနော်တို့ နိုင်ငံမှာ ဖက်ဒရယ်ဆိုတဲ့ အသွင်ကူးပြောင်းမှုဆိုတဲ့ ပုံသဏ္ဍာန်မျိုးဟာ သမိုင်းအစဉ်အဆက် မရောက်ခဲ့ဖူးသေးဘူး။ အဲဒီအတွက်ကြောင့် ဖက်ဒရယ်ဆိုတဲ့ အယူအဆအပေါ်မှာ ချဉ်းကပ်မှုတွေလည်း တစ်စုံတရာ ကွဲလွဲနိုင်တာမျိုး ရှိကောင်းရှိနိုင်တယ်။ ဖက်ဒရယ်ကို ကျနော်တို့ ဒီလိုနားလည်တယ်။ ဒီလိုသဘောပေါက်တယ်ဆိုတဲ့ ဟာမျိုးလည်း ရှိနိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ အနည်းဆုံးတော့ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ ခြေခံဥပဒေ(AFTA) က တံတားလေးတစ်စင်းပေါ့”လို့ ဦးတိုးကျော်လှိုင်က ဆိုပါတယ်။

သူက အခုလို ဆက်ပြောပါတယ်။ “တစ်ချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်လို့ ရည်ရွယ်ထားတယ်။ အဲဒီလိုရည်ရွယ်ထားတဲ့အခါမှာ ဒီတံတားလေးကနေပြီးတော့ လောလောဆယ်တော့ ဒီကနေအခြေခံလေးတွေတည်ဆောက်၊ လောလောဆယ်တော့ ဒီလမ်းလေးအတိုင်း လျှောက်ကြရအောင်ဆိုတဲ့ တံတားလေးတစ်စင်း ဖြစ်ပါလိမ့်မယ်”

အခုမူကြမ်းရေးဆွဲလိုက်တဲ့ AFTA ဟာ မကြာခင်က ပေါ်ပေါက်လာတဲ့ SCEF နဲ့ ပတ်သက်ဆက်နွယ်မှု၊ လွှမ်းမှုရှိလားဆိုတာပါ။SCEFရဲ့ နိုင်ငံရေးကဏ္ဍမှာ ဖက်ဒရယ်ရေးရာကော်မတီတစ်ခုဖွဲ့စည်းထားပြီး အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ကိစ္စ၊ AFTA ကို SCEF အနေနဲ့ ဘယ်လိုသဘောထားမလဲဆိုတဲ့ ကိစ္စတွေဆွေးနွေးသွားမှာဖြစ်ပေမယ့် လက်ရှိမှာတော့ ဆွေးနွေးခြင်းမရှိသေးဘူးလို့ ဒေါက်တာလျန်မှုန်းဆာခေါင်းက ဆိုပါတယ်။

အနှစ်ချုပ်ရရင်တော့ AFTA ဟာ ပြီးပြည့်စုံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်ပြီးအားလုံးလိုချင်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံသစ်အတွက် ဖြတ်သန်းရမယ့် တံတား တစ်ခုဖြစ်ပါတယ်။ ဒီတံတားကို ဘယ်လောက်ခိုင်ခိုင်မာမာတည်ဆောက်နိုင်မလဲ၊အင်အားစုတွေအားလုံး ဒီတံတားကနေ ဘယ်လို ညီညီညွတ်ညွတ်နဲ့ အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် လုပ်ဆောင်နိုင်မလဲအပေါ် မူတည်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကောင်စီရဲ့စစ်သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကိုကြိုဆိုထောက်ခံကြောင်းနဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲက သမ္မတအတုဆိုတာကို လက်မခံကြောင်းကန့်ကွက်ဆန္ဒပြပွဲကို ဒီကနေ့ (ဧပြီ ၁၉)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်တွေကိုစစ်ရေးအရဖိအားပေးတိုက်ခိုက်မှု အပါအဝင် စစ်ရေးနဲ့နိုင်ငံရေး ယှဉ်တွဲပြီး နိုင်ငံ တည်ဆောက်မယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အတွင်း​ရေးမှူးအဖွဲ့ဝင်​တွေက ပြောကြားလိုက်ပြီး ဒီလိုဆောင်ရွက်ရာမှာ အဖွဲ့ဝင်တွေ တိုးလာရေး၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းနှစ်ခုနဲ့ လုပ်ဆောင်မယ်လို့အသိပေးပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေးကို ဧပြီ ၁၀ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက်သဘောတူညီမှုတွေချမှတ်နိုင်ခဲ့​ကြောင်း ကောင်စီဝင် အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။