Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်နယ် တပူးထို ပအိုဝ်းရွာခံများကို PNO ပြည်သူ့စစ်က မောင်းထုတ်ပြီးနောက် နေအိမ်များကို မီးရှို့

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု တပူးထိုကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့သဖြင့် ပြည်သူလူထု နေအိမ် ၆လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ဓာတ်ပုံ - PNLA

ဇွန်-၁၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု တပူးထိုကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့သဖြင့် ပြည်သူလူထု နေအိမ် ၆လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တပူးထိုရွာ အပါအဝင် ဒေသတွင်းရွာ ၇ရွာမှ ပြည်သူ ၆,၀၀၀ ကျော်ကို ကျေးရွာများမှ ထွက်ခွာပြီး ဆီဆိုင်မြို့နယ် ဘုရားဖြူရွာ မွေတော်ဘုရားဝန်းသို့ သွားရောက်နေထိုင်ရန် ဇွန်လ ၇ရက်တွင် စာပို့ခဲ့သည်။ တပူးထို၊ ကောင်ထို၊ လွယ်ငွန်း၊ နောင်ဗို၊ ပင်စက်၊ နောင်ထော်(၆)ရွာနှင့် ကလားလမ်ရွာများမှ ပြည်သူများ ဇွန်လ ၁၅ရက် နောက်ဆုံးထား ထွက်ခွာရန် စေခိုင်းခဲ့ခြင်းဖြစ်သည်။

ထို့သို့ စာပို့အမိန့်ပေးခဲ့သည့် ကျေးရွာများအနက် တပူးထိုရွာကို ဇွန်လ ၁၂ ရက်ညတွင် PNOက မီးရှို့ခဲ့ရာ နေအိမ် ၆ လုံးမှာ မီးလောင်သွားခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ရွာသားတွေကို မောင်းထုတ်ပြီး မကြာဘူး သူတို့ မီးရှို့လိုက်တာပေါ့။ မီးရှို့တာကတော့ ကံကောင်းတာက အဲဒီည ရှို့ပြီး နောက်ရက်လည်း မိုးရွာတယ်။ ရွာတွေက တအိမ်နဲ့ တအိမ်အရမ်းကပ်တာမျိုးမဟုတ်ဘူးပေါ့။ အဲဒီတော့ သက်သာသွားတယ်။ မဟုတ်ရင် တရွာလုံး ပါသွားနိုင်တယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

အဆိုပါတပူးထိုရွာတွင် PNO ပြည်သူ့စစ်မှ တပ်စွဲနေထိုင်နေသည်မှာ ၄ လကျော်ရှိပြီဟု သိရသည်။

“အခုအချိန်က တောင်ယာလုပ်ရမယ့်အချိန်၊ စိုက်ရပျိုးရမယ့်အချိန်။ အခုက မစိုက်ရ၊ မပျိုးရတဲ့အပြင် ဒီလို ရာသီဥတုမှာ ရွာထဲက မောင်းထုတ် ခံရတယ်ဆိုတော့ တချို့ ပြည်သူလူထုက တောထဲမှာ ပြောင်းရွှေ့နေရတာရှိတယ်။ ပြောင်းရွှေ့လည်း အန္တရာယ်ကင်းလားဆိုတော့ မကင်းပါဘူး” ဟု ခွန်ရိန်းယံက ဒေသခံများ၏ အခက်အခဲကို ပြောပြသည်။

PNO ပြည်သူ့စစ်၏ လုပ်ရပ်များသည် အောက်တန်းကျကြောင်းလည်း ၎င်းက ဆိုသည်။

“ပြည်သူ့လူထုအပေါ် အင်မတန်မှ ရက်စက်ယုတ်မာနေတာပေါ့လေ။ သူတို့ ဒီလိုမျိုး လုပ်ရပ်တယ်ဆိုတာ အံ့ဩစရာတော့မဟုတ်ဘူး။ စစ်ကောင်စီ လက်အောက်ခံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်ကောင်စီ အကျင့်စရိုက်တွေအတိုင်းလုပ်တယ်လို့ ပြောရမှာပေါ့” ဟု ခွန်ရိန်းယံက ပြောသည်။

ပအိုဝ်းဒေသခံများကို PNLA က နိုင်သလောက်ကူညီနေသော်လည်း အခက်အခဲများစွာ ရှိနေဆဲဖြစ်ကြောင်း ပြောပြသည်။

“တတ်နိုင်တဲ့အဖွဲ့အစည်းတွေ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေအနေနနဲ့ကလည်း ကျနော်တို့ ပအိုဝ်းပြည်သူလူထုတွေကို အကူအညီပေးကြပါလို့ တိုက်တွန်းချင်တယ်။ မေတ္တာရပ်ခံချင်တယ်။ တောင်းဆိုချင်တယ်” ဟု ခွန်ရိန်းယံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စက်သုံးဆီဆိုင်မှာ တန်းစီနေကြစဉ်ကြားဖြတ်ဝင်လာတဲ့ကားက ဝန်ထမ်းကိုတိုက်ပြီး မောင်းပြေးသွားလို့ ဝန်ထမ်း ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၇/၈ လမ်းဆုံအနီးက Terminal ဆီဆိုင် မီးလောင်ခဲ့ပြီးဆီတန်းစီနေတဲ့ ကားအချို့ပါ မီးထဲ ပါသွားပြီး ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ဘောရန်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားတွေက မီးတင်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေရဲ့ နေအိမ်တွေကို အားရဝမ်းသာ မီးရှို့ပြီး အောင်ပွဲခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံမှတ်တမ်း ၃ ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်က ရရှိခဲ့ပါတယ်။