ဇူလိုင်-၁၇၊၂၀၂၅။အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ပန်းသာရွာအနီးရှိ ခမိတ်ရွာ၌ ယမန်နေ့ညပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ဒေသခံပြည်သူများလေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။
ပန်းသာရွာ၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာမှ ည၁၀နာရီခန့်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“အခြေအနေကဘာမှပြောလို့မရတဲ့အနေအထားဖြစ်နေပါတယ်။လေကြောင်းအန္တရာယ်ကို သတိပေးထားရတယ်။ လေကြောင်းကလာပြီးတိုက်ခိုက်မှာကို သတိထားဖို့။ညရောမနက်ရောသတိထားဖို့”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
ခမိတ်ရွာသည် ပန်းသာရွာနှင့် မိုင်ဝက်ခန့်ဝေးပြီး စစ်ကောင်စီတပ်က ရွာဘေးရှိချောင်းရိုးမှဝင်လာပြီးစတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရသည်။
“စစ်ကောင်စီစစ်ကြောင်းမှာကသည်းသူပုန်တွေ၊ ပျုစောထီးတွေပါလာတယ်ဗျ။အင်အားလည်းများတယ်” ဟုဒေသခံသတင်းရင်းမြစ်ကပြောသည်။
ခမိတ်ရွာတွင် ဖြစ်ပွားသောတိုက်ပွဲနှင့်ပတ်သက်၍ တမူးခရိုင် PDFတပ်ရင်းများက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
ဇူလိုင် ၁၇ ရက်နံနက်ပိုင်းတွင် ပစ်ခတ်သံမကြားရတော့ဘဲစစ်ကောင်စီကတမူးမြို့ထဲတွင်စစ်ကြောင်းဖြင့်ကင်းလှည့်နေသည်ဟု ဒေသခံအချို့ကပြောသည်။
တမူးမြို့တွင် ပန်းသာရွာ၊မင်းသာရွာအပြင် နေရာသုံးခု၌ စစ်တပ်ကအခိုင်အမာတပ်စွဲထားပြီး မြို့နှင့် ၆မိုင်ခန့် ဝေးသည့် ပန်းသာရွာ၌ အဓိကအထိုင်စခန်းအဖြစ် ပြင်ဆင်ထားသည်။ ပန်းသာရွာအနီးမှ ခမိတ်ရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများ၌တော်လှန်ရေးတပ်များစိုးမိုးထား၍လေကြောင်းမှတိုက်ခိုက်ရန် စစ်ကောင်စီဝါဒဖြန့်ချိသူများကလူမှုကွန်ရက်မှတစ်ဆင့်လှုံ့ဆော်နေသည်။
တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့် မြို့သစ်မြို့တို့ကိုPDF များအပါအဝင် တော်လှန်ရေးတပ်များကထိန်းချုပ်ထားပြီး စစ်ကောင်စီက တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည်။ တမူးမြို့နယ်တွင်ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလက တိုက်ပွဲဖြစ်ပွားခဲ့စဥ် စစ်တပ်ဘက်မှ ကသည်းသူပုန်သုံးဦးသေဆုံးပြီးတစ်ဦးအရှင်ဖမ်းမိထားကာကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့သည်။
ကသည်းသူပုန်ရုပ်အလောင်းသုံးခု နှင့် အရှင်ဖမ်းမိသူတစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ရင်းများက အိန္ဒိယနိုင်ငံ မိုရေးမြို့ဘက်မှ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများထံလွှဲပြောင်းပေးအပ်ခဲ့သည်။ ကသည်းသူပုန်များသည်။ ကသည်းသူပုန်များသည် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်၌ အိန္ဒိယအစိုးရကို တိုက်ခိုက်နေသောအဖွဲ့များဖြစ်ပြီး မြန်မာ စစ်တပ်နှင့်မူ နှစ်ပေါင်းများစွာကတည်းကနီးကပ်သောဆက်ဆံရေးရှိခဲ့သည်။ စစ်တပ်က နယ်စပ်ဒေသတွင် ကသည်းသူပုန်များကို အခြေချခွင့်ပြုထားသည်။
တဖက်တွင် အိန္ဒိယနိုင်ငံ တပ်မတော်မှထောက်လှမ်းရေးညွန်ကြားရေးမှူးချုပ် ၊ ဒုတိယစစ်ဦးစီးချုပ်(ထောက်လှမ်းရေး) ဦးဆောင်သောအဖွဲ့သည်ဇူလိုင် ၁၆ ရက်တွင် နေပြည်တော်၌ အာဏာသိမ်းဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးကိုတွေ့ဆုံခဲ့ရာ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး ၊တရားဥပဒေစိုးမိုးရေး တို့ကိုပါဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့်သတင်းစာများကဖော်ပြထားသည်။

















































