ဂါဇာစီးတီးကို အစ္စရေးက စစ်ရေးအရ ထိန်းချုပ် သိမ်းယူမယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရပေမယ့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ သူ့ရဲ့ သဘောထားကို အခိုင်အမာ ကာကွယ်ခဲ့ပါတယ်။
အစောပိုင်းက နေတန်ညာဟုဟာ ဂါဇာကမ်းမြှောင်ဒေသ တစ်ခုလုံးကို သိမ်းယူစေဖို့ ရည်ရွယ်ခဲ့ပေမယ့် အစ္စရေး စစ်တပ် ဝန်ပိနိုင်တဲ့ အခြေအနေတွေကြောင့် ဂါဇာစီးတီး အပါအဝင် အစ္စရေးပိုင်နက်နဲ့ ထိစပ်ရာ ဂါဇာမြောက်ပိုင်း ဧရိယာတွေကိုပဲ ထိန်းချုပ်စေဖို့ ပြောင်းလဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဩဂုတ် ၁၀ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ညီလာခံမှာ ဗြိတိန်၊ ပြင်သစ်၊ ဒိန်းမတ်၊ ဂရိ၊ ဆလိုဗေးနီးယားတို့လို နိုင်ငံတွေက အစ္စရေးကို အပြင်းအထန် ရှုတ်ချခဲ့ကြပါတယ်။ တခြား လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတချို့ကလည်း အစ္စရေးရဲ့ ဦးတည်ချက်ဟာ ဂါဇာမှာ နိုင်ငံတကာ လူသားချင်းစာနာမှု ဆိုင်ရာ ဥပဒေတွေကို ဆိုးဆိုးရွားရွား ကျူးလွန်သလို ဖြစ်သွားစေနိုင်တယ်လို့ ဝေဖန် ထောက်ပြခဲ့ကြပါတယ်။
ဒါပေမဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာတော့ နေတန်ညာဟုက သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ အစ္စရေးအပေါ် လိမ်လည် စွပ်စွဲ ပြစ်တင်တာတွေကို ချိုးဖျက်ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ နောက်ပြီး ဂါဇာစီးတီးကို သိမ်းယူမယ့် စစ်ဆင်ရေးဟာ လျင်မြန် ထိရောက်မှာ ဖြစ်သလို ဂါဇာကို ဟားမားစ် ပြောက်ကျားတွေလက်က လွတ်မြောက်အောင် အကူအညီ ဖြစ်စေလိမ့်မယ်လို့ နေတန်ညာဟုက ဆိုပါတယ်။

Public Service Announcement
နောက်ပြီး ဟားမားစ်တွေဟာ သူတို့ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အစ္စရေး ဓားစာခံတွေကို ငတ်ပြတ်ပြီးသေအောင် ရည်ရွယ်ချက်ရှိရှိ အစာအငတ်ခံခိုင်းထားတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။
တခြားတစ်ဖက်မှာတော့ ဂါဇာကို နိုင်ငံတကာ အထောက်အပံ့တွေ ဝင်ရောက်နိုင်မှုကို အစ္စရေးက တင်းတင်းကျပ်ကျပ် ကန့်သတ် ပိတ်ပင်ထားလို့ ပါလက်စတိုင်း အများအပြား အငတ်ဘေးကြုံပြီး ဒါဇင်နဲ့ချီ သေဆုံးမှုတွေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာတော့ နိုင်ငံပေါင်းစုံက အစ္စရေးကို ဝိုင်းဝန်း ရှုတ်ချကြရာမှာ ဂါဇာစီးတီးကို သိမ်းယူမယ့် ကိစ္စဟာ နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေတွေကို ချိုးဖောက်နိုင်ခြေ မြင့်မြင့်မားမား ရှိနေသလို ဟားမားစ်တွေ လက်ထဲက အစ္စရေး ဓားစာခံတွေရဲ့ လုံခြုံရေးအတွက် ဘာအထောက်အကူမှ မဖြစ်စေတဲ့အပြင် သူတို့ကိုပါ အသက်အန္တရာယ် ရှိသွားစေနိုင်ကြောင်း ထည့်သွင်း ထောက်ပြထားပါတယ်။
အစ္စရေး ဓားစာခံတွေရဲ့ မိသားစုတွေကလည်း ဂါဇာစီးတီးကို အစ္စရေးက ထိန်းချုပ်လိုက်တာဟာ ဓားစာခံတွေရဲ့ လွတ်မြောက်ရေးကို အထောက်အကူ ဖြစ်စေမယ့်အစား ပိုပြီး အန္တရာယ်မကင်း ဖြစ်သွားမှာကို စိုးရိမ်နေကြပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ ဒိန်းမတ်၊ ဂရိနဲ့ ဆလိုဗေးနီးယား နိုင်ငံတွေကတော့ အဲဒီဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့လည်း အစ္စရေးကို တိုက်တွန်း တောင်းဆိုခဲ့ကြပါတယ်။
လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ကလည်း အစ္စရေးကို တိုက်ရိုက် မရှုတ်ချပေမယ့် ဟားမားစ်တွေကြောင့် ပါလက်စတိုင်း ပြည်သူတစ်ရပ်လုံးကို သိမ်းကျုံးပြီး ပြစ်ဒဏ်ခတ်တဲ့ လုပ်ရပ်မျိုးက လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ရုရှားကလည်း တင်းမာမှုတွေ ပိုဆိုးလာအောင် အရှိန်မြှင့်တင်ပေးမယ့် ဘယ်လို အဆင်အခြင်မဲ့ ကိစ္စမျိုးမှ မလုပ်သင့်ဘူးလို့ သတိပေးခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ ဒုတိယ အတွင်းရေးမှူးချုပ် မီရိုဆလက်ဗ် ဂျန်ကာက အစ္စရေးရဲ့ အစီအမံတွေကိုသာ အကောင်အထည် ဖော်မယ်ဆိုရင် ဂါဇာမှာ နောက်ထပ် ဒုက္ခဘေးအသစ်တွေ ကြုံတွေ့စေမှာ ဖြစ်ပြီး နောက်ထပ် အဓမ္မ ရွှေ့ပြောင်းစေမှု၊ သတ်ဖြတ်မှု၊ ဖျက်ဆီးမှုတွေက ဒေသတစ်ခုလုံးကို ရိုက်ခတ်လာလိမ့်မယ်လို့ ပြောကြားသွားပါတယ်။
လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေထဲမှာ အစ္စရေးရဲ့ အမာခံ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကတော့ နေတန်ညာဟုဖက်က ကာကွယ် ရပ်တည်ခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒေါ်ရသီရှီးရားက တကယ်တမ်း အပြစ်တင်သင့်တာ ဟားမားစ်တွေသာ ဖြစ်ကြောင်း၊ ဒီနေ့မှာ ဓားစာခံတွေကို ဟားမားစ်တွေက ပြန်လွှတ်ပေးမယ်ဆိုရင် ဒီနေ့မှာပဲ စစ်ပွဲက အဆုံးသတ်သွားနိုင်ခြေ ရှိနေကြောင်း ဆိုပါတယ်။
လုံခြုံရေးကောင်စီဝင် နိုင်ငံတွေ တွေ့ဆုံမှု အပြီးမှာတော့ အစ္စရေး ဝန်ကြီးချုပ်ရုံးက နေတန်ညာဟုဟာ အစ္စရေးရဲ့ စစ်ရေး အစီအမံတွေနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကိုလည်း ဖုန်းဆက် ဆွေးနွေးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
သတင်းစာ ရှင်းလင်းပွဲမှာတော့ နေတန်ညာဟုက အစ္စရေး စစ်တပ် (IDF)ဟာ ဂါဇာမှာ ဟားမားစ်တွေရဲ့ လက်ကျန် အမာခံ အခြေစိုက်နယ်မြေ နှစ်ခုကို အပြီးသတ် ရှင်းလင်းဖို့ ရည်ရွယ်ထားကြောင်း ပြောကြားသွားပါတယ်။ အဲဒီထဲက တစ်နေရာဟာ ဂါဇာစီးတီးဖြစ်ပြီး နောက်တစ်နေရာကတော့ ဂါဇာ အလယ်ပိုင်းက အယ်လ်မာဝါဆီ တဝိုက်မှာပါ။ သူက ဂါဇာမှာ စစ်ဆင်ရေးကို အရှိန်မြှင့်မှာ ဖြစ်သလို လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့ရေးကိုလည်း IDFတပ်တွေက တခြားမိတ်ဖက်တွေနဲ့ ပူးပေါင်း အကောင်အထည် ဖော်သွားမယ်လို့လည်း ထည့်သွင်း ကတိပြုသွားခဲ့ပါတယ်။
ကိုးကား: BBC

















































