ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ မုံးကိုးဒေသ၌ တစ်ရက် တည်း တိုက်ပွဲ ၆ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ကျော်ထိခိုက်သေဆုံးခဲ့သည်ဟု MNDAAက ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၁ရက်နေ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား စစ်ရေးသတင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ တပ်ဖွဲ့သည် နိုဝင်ဘာ ၂၁ရက် နံနက်ပိုင်း၌ MNDAA၏ မန်ရန် တပ်စခန်းကို (၂)ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်လာရာ နေ့လည် ပိုင်းတွင် စစ်ကောင်စီတပ် နောက်ပြန်ဆုတ်အောင် ပြန်လည်ခုခံနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးသူ (၂၀)ကျော်ရှိခဲ့ပြီး MNDAA တပ်ဖွဲ့ဝင် ၃ဦ ဒဏ်ရာရကာ ၁ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့်ခဲ့ရကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်မှ ရှိကျိကျတောင်တန်းနှင့် မန်ရန်ဒေသရှိ ကိုးကန့် MNDAA ၏တပ်စခန်းကို လက်နက်ကြီး ပစ်ခတ်မှု အများအပြား ပြုလုပ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းသည် စစ်ကောင်စီမှ သုံးလေ့သုံးထရှိသော စစ်ပရိယာယ် တစ်မျိုးဖြစ်ကြောင်း၊ စစ်ကောင်စီတပ်တို့သည် မုံးကိုးတိုက်ပွဲတစ်ကြော့ပြန် ပေါက်ပွားချိန်မှ စတင်၍ မုံးကိုးခရိုင် ၊ ရှိကျိကျ တောင်တန်း နှင့် မန်ရန် ဒေသရှိ ကိုးကန့်MNDAAတပ်စခန်းကို လက်နက် ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
နိုဝင်ဘာ ၂၁ရက်နေ့ အတွင်း စစ်ကောင်စီမှ မန်ရန် ဒေသရှိ ကိုးကန့်MNDAAတပ်စခန်းကို လက်နက်ကြီးကျည် စုစုပေါင်း (၉၀၀)ကျော် ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။
တစ်ရက်အတွင်း မုံးကိုးခရိုင်ရှိ ပန်ရင်လပ ၊ ပန်ဆာတောင်ကုန်း၊ ရှပန်ဆာ ၊ ချင်ချိုင့်ထန်တောင်ကုန်းနှင့် ဖောင်းဆိုင်တံတား စသောနေရာများတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟုဆိုသည်။
MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လမှစ၍ မုံးကိုးဒေသ၌ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။


















































